Tuesday, February 18, 2025

“ဆောင်းအိပ်မက်ပမာ နေ့တာရှည်”


မနက်ဆိုပေမယ့် တစ်ယောက်တည်းကျန်ခဲ့လို့ဖြစ်မယ်။ အရာရာတိတ်ဆိတ်နေတာပဲ။ ပတ်ဝန်းကျင်က ချက်ကြပြုတ်ကြတဲ့ အနံ့တွေနဲ့ စိုးစိုးစီစီအော်မြည်တဲ့ ငှက်ကလေးတွေအသံတောင် ဒီနေ့မတွေ့ရဘူး။ ကိုယ် အိပ်ယာထနောက်ကျလို့ဖြစ်မယ်။ အေးလေ။ မနေ့က သန်းခေါင်ကျော်ထိ ကိုယ့်မှာ အတွေးတွေနဲ့ နစ်နေခဲ့ရတာမဟုတ်လား။ အခုလဲ မျက်လုံးပွင့်လာပေမယ့် မထမိသေးဘူး။ အခန်းထောင့်စွန်းနားက ကြိုးတန်းပေါ်မှာ လှန်းတင်ထားတဲ့ အဝတ်ညစ်တွေကို အချိန်အတော်ကြာတဲ့အထိ ကြည့်နေမိတယ်။

ပြီးတော့ စိတ်မပါလက်မပါနဲ့ပဲ အိပ်ယာကပြီး အခန်းထဲက အဝတ်ညစ်တွေကို လိုက်စုလိုက်တယ်။ တစ်လက်စတည်း အမေနဲ့အဖေ့အခန်းထဲက အဝတ်ညစ်တွေကို လိုက်စုပြီး ရေချိုးခန်းဆီ လာလိုက်တယ်။ ရေချိုးခန်းကတော့ ထုံးစံအတိုင်း ညစ်ပတ်နေတာပါပဲ။ တစ်လမှတစ်ခါတိုက်ချွတ်နေကျဖြစ်လို့ ညစ်ပတ်တာက သိပ်တော့လဲမဆန်းပါဘူး။ အဖေအမြဲထွေးထုတ်ထားတတ်တဲ့ ကွမ်းသီးအပိုင်းအစတွေနဲ့၊ ပြီးတော့ အဝတ်ညစ်ဆီကထွက်လာတဲ့ ရေဆိုးတွေနဲ့ဆိုတော့ မရှင်းတာတစ်ပတ်လောက်ကြာရင်ကို တော်တော်ညစ်ပတ်နေတတ်ပြီ။ ရေချိုးခန်းထဲ ဝင်လိုက်တယ်ဆိုရင်ကိုပဲ ခြေဖဝါးက ချော်ကျိကျိနိုင်တဲ့ခံစားမှုကြောင့် အဖေနဲ့အမေချော်မလဲခင် ကြမ်းခင်းတိုက်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးမိသေးတယ။် 


အဝတ်တွေကို အရောင်စွန်းတတ်တာနဲ့မစွန်းတာ ရွေးထုတ်လိုက်ပြီး အရောင်မစွန်းတတ်တဲ့အညစ်တွေကို လျှော်ကန်ထဲထည့်လိုက်တယ်။ တဂျီဂျီလည်နေတဲ့ စက်သံကြောင့် လုပ်လက်စအလုပ်တွေ ရပ်ထားမိချင်သည်ထိ ပိုပျင်းရိလာတယ်။ စက်လှည့်ပြီးသည်ထိကို ကြမ်းခင်းတိုက်ပြီးစောင့်ရင် ပိုကောင်းမလား။ အချိန်ဖြုန်းဖို့ကြိုးစားတဲ့အနေနဲ့ ဘရပ်ရှ်ကိုယူပြီး ရေချိုးခန်းကြမ်းပြင်ကို တိုက်လိုက်တယ်။

ဒီလောက်ညစ်ညစ်ပတ်ပတ်ဖြစ်အောင် ဘာလို့များနေခဲ့ပါလိမ့်လို့လဲ ကိုယ့်ကိုယ်ကိုယ် ပြန်အံ့သြမိရသေးတယ်။ ဟော စက်ရပ်သွားပြီ။ အဝတ်တွေကို ညှစ်ကန်ထဲထည့်ပြီး ညှစ်တဲ့ခလုတ်ကို နှိပ်ပြီး အညစ်ရေတွေကို ဖေါက်ချလိုက်တော့ စောစောက တိုက်ထားတဲ့ ရေချိုးခန်းကြမ်းပြင်ဆီ ဖြတ်စီးပြန်ပါပေါ့လား။ အေးလေ။ ရေထွက်ပေါက်ဆီ တိုက်ရိုက်ချတာ မဟုတ်ဘဲ ဒီတိုင်းကြမ်းပြင်ဆီပဲ ချထားတာဆိုတော့ ဒီလိုပဲ ဖြတ်စီးတာ ဆန်းမှမဆန်းဘဲ။ ခုအချိန်မှာ ရေသန့်နဲ့လောင်းမချရင် အဲဒီအညစ်ရေတွေက ကြမ်းမှာပြန်ကပ်ပြီး ချော်ကျိကျိနိုင်နေဦးမှာ။ ဒီလိုမျိုး ညစ်ထေးထေးချော်ကျိကျိတွေ အနဘ်မထိုင်ခင်မှာ ရေနဲ့မဆေးပစ်ဘဲ ချော်လဲကျသွားမှ အမေရေ၊ အဖေရေ တပြီး ကြမ်းပြင်ပြန်တိုက်မိတာ ဘယ်နှစ်ကြိမ်တောင်ရှိပါလိမ့်။ ခုထိတော့ ခါးကျိုးသည်၊ တင်ပါးဆုံရိုး ကျိုးသည် ဆိုတဲ့ ကြားဖူးကြအဖြစ်အပျက်တွေလောက်ထိအောင်တော့ ဆိုးဆိုးဝါးဝါးမဖြစ်ဖူးသေးဘူး။ ဒါပေမယ့်လည်း သေချာတာကတော့ ဒီနေ့လည်း တစ်နေရာရာမှ ညစ်နေတဲ့အမှုန်တွေကို တစ်နေရာရာမှာ ချခဲ့မိလိုက်သလိုပါပဲ။

အော် အတွေးတွေ တွေးနေလိုက်တာ။ ခုထိ ရေသန့်နဲ့ လောင်းမချမိပြန်ဘူး။ ရေသန့်နဲ့လောင်းချပြီး ဘရပ်ရှ်နဲ့တိုက်လိုက်ပေမယ့် နောက်တစ်ခေါက်ထပ်တိုက်ရဦးမယ်ဆိုတာ သေချာနေပြန်တော့ လက်က အလိုလိုရပ်သွားရပြန်တယ်။ မဖြစ်မနေ လုပ်ရမယ့်အလုပ်တစ်ခုပေမယ့် အဆုံးသတ်မှ သေချာရှင်းလင်းအောင် တိုက်လိုက်တာ ပိုပြီး လူမသက်သာဘူးလားလို့ တွေးမိလိုက်လို့ပေါ့။ ဒါပေမယ့်လည်း အဲဒီအတွေး အမြဲတွေးပြီး အမြဲကို အလုပ်ဖြစ်ခဲ့ဘူးမဟုတ်လား။ အကြောင်းတစ်ခုခုနဲ့ ကိစ္စတစ်ခုခုနဲ့ အဝတ်တွေလျှော်ပြီးတိုင်း ကြမ်းခင်းမတိုက်ဘဲ ထွက်ထွက်လာတတ်တာကိုက အကျင့်လို ဖြစ်နေပြီ။

ဒီနေ့ အမေနဲ့အဖေ ဘုရားသွားပြီး ဥပုသ်စောင့်နေလို့သာ အိမ်အလုပ်တွေကို လုပ်နေမိတာမဟုတ်လား။ အမေသာ အိမ်မှာရှိရင် သူ့လက်သူ့ခြေပဲ စိတ်တိုင်းကျလို့ ဘယ်သူ့မှ မလုပ်ခိုင်းဘူးရယ်။ အေးလေ။ အဲဒါကိုပဲ အခွင့်ကောင်းယူပြီး အိမ်မှုကိစ္စတွေကနေ ထွက်ပြေးတတ်ခဲ့တာ ကြာပြီပဲ။

ပြောမယ်ဆို အညစ်ရေတွေကို ရေသန့်နဲ့လောင်းမချတာ ဒီတစ်ခါတည်းမှ မဟုတ်ဘဲ။ နေ့စဉ်လည်ပတ်နေတဲ့ လှုပ်ရှားမှုတွေထဲမှာတောင် အညစ်ရည်နဲ့ဆင်တူတဲ့ အမှုန်အမွှားတွေ ချတတ်မိကြတာပဲ မဟုတ်လား။

ဟော လျှော်ကန်ထဲကရေတွေ ကုန်သွားပြီပဲ။ ဆေးပြီးရေသန့်နဲ့ ထပ်လောင်းလိုက်သေးတယ်။ ပြီးတော့မှ ရေဖေါက်ချတဲ့ခလုတ်ကို ပိတ်လိုက်တယ်။ ညှစ်စက်ကလည်း သိပ်မကြာခင်ရပ်တော့မှာဆိုတော့ ရေသန့်ကို လျှော်ကန်ထဲပြန်ထည့်ရဦးမှာပေါ့။

ဒီလိုမျိုး ညှစ်ကန်နဲ့ လျှော်ကန်ထဲ အဝတ်တွေ ကူးလူးရတဲ့အချိန်မျိုးရောက်ရင် အရောင်းစာရေးမလေးရဲ့ တားမြစ်သံကို ပြန်ကြားမိတယ်။ ဘာတဲ့။ ကန်တစ်ခုတည်းမှာ ညှစ်တာကော လျှော်တာပါ တွဲပါတာက လေးသိန်းဆိုလား။ ဈေးနှုန်းကြားတော့ အမေတောင် ရင်ဘက်ဖိသွားသေးတာ။ တစ်သိန်းလေးသောင်းဆိုတဲ့ ဒီစက်လေးလည်းတွေ့ရော အမေက မရမကကို လက်ညိုးထိူးဝယ်မယ်လုပ်တာ။ ကောင်မလေးကတော့ ပြောရှာသား ဟိုစက်က ပိုပြီး လုပ်ဆောင်နိုင်စွမ်းရည် မြင့်တယ်တဲ့။ အဝတ်အစားတောင် ဘေထုပ်ကို ပိုကြိုက်တဲ့ ဒီမိသားစုအတွက်ကတော့ ဒီအဝတ်လျှော်စက်လေးကပဲ ပိုအဖိုးတန်နေတယ်ဆိုတာကို အဲဒီကောင်မလေး သိတော့သိမှာပါ။

ရေအသန့်ပြည့်သွားတဲ့ လျှော်ကန်ထဲကို ရပ်သွားတဲ့ ညှစ်စက်ထဲက အဝတ်တွေ ရွှေ့ပြောင်းထည့်ရင်း ပန်းကန်တွေဆေးဖို့ သတိရလိုက်တယ်။ ဒါပေမယ့် အဝတ်လျှော်ပြီးရင် ရေချိုးခန်းကြမ်းပြင်ကို တိုက်ရဦးမယ်။ ပန်းကန်ဆေးဖို့ အချိန်ရှိပါဦးမလား။ ဘရပ်ရှ်ကို ပြန်ကောက်ကိုင်ပြီး ရေချိုးခန်းကြမ်းပြင်ကို ရေသန့်နဲ့လောင်းလိုက်တယ်။ မရှိတော့လည်း ဘယ်တတ်နိုင်မလဲ။ ရသလောက်လုပ်ရုံပေါ့။

လူတော်တော်များများက ၂၀၁၅ ရွေးကောက်ပွဲကိုမျှော်နေကြတာ သတိထားမိတယ်။ ကိုယ်တိုင်လည်း မျှော်ဖူးတဲ့အချိန်အခါကို သတိရမိတော့ စိတ်မှာ နည်းနည်းတော့ ခိုးလို့ခုလုဖြစ်သွားတယ်။ ကိုယ်တိုင်မျှော်ခဲ့ဖူးတာကတော့ ၂၀၁၅ မဟုတ်ဘူး။ တစ်စုံတစ်ခုအပြောင်းအလွဲများဖြစ်မလား ဆိုတဲ့ အချိန်ကိုမျှော်ခဲ့တာပေါ့။

မျှော်လင့်ချက်မရှိတဲ့ ဘဝနဲ့ တွယ်တာစရာ လူမရှိတဲ့အချိန်မှာ အဲသလိုအပြောင်းအလွဲကြောင့် တစ်ခုတလေများ ဘဝမှာ ပြောင်းလဲလာမလား ဆိုတဲ့ အတွေးဆိုးက ဘယ်ကဘယ်လိုဝင်လာတာလဲမသိပါဘူး။ ရုတ်ရုတ်သဲသဲဖြစ်တဲ့အချိန်ဆိုရင် လက်ရှိစီးပွားရှာနေရတာထက် ပိုပြီးတိုးတက်မြင့်မားသွားမလား လို့တွေးမိခဲ့တယ်။

အိမ်ဖေါ်မလေးကို အိမ်ရှင်က ကြံစည်တာ၊ အမျိုးသမီးရေးရာထိပါ တက်တိုင်ပစ်တာခု နိုင်ငံတကာက အထောက်အပံ့နဲ့ အဲဒီအိမ်ဖေါ်မလေးက ချမ်းသာနေပြီဆိုတဲ့သတင်းအဆုံး၊ လူကုန်ကူးခံရတဲ့ ကလေးမလေးတွေက ပြန်ပြီးလူကုန်ကူးပြီး ချမ်းသာသွားတဲ့သတင်းအစ ကြည့်လေရာရာမှာ ဘဝပျက်သွားတယ်ဆိုပေမယ့် ချမ်းသာသွားတယ်ဆိုတာချည်းပဲ။ ပြောမယ်ဆို အဲဒီအချိန်က အိမ်ငှားခတောင်မနည်းရှာနေရတဲ့ ဘဝမဟုတ်လား။ အဲသလောက်ထိကို အတွေးနုံနဲ့လိုက်မိသည်အထိ စီးပွားရေးကျပ်တည်းခဲ့တာပေါ့။

အမေနဲ့အဖေကလဲ အိမ်မှာအထိုင်ချနေလို့မရ။ မဝရေစာဝန်ထမ်းလစာလေးကိုရအောင်လို့ ရုံးတက်နေခဲ့ရတာပဲ။ ခုများကျတော့လည်း အိမ်ငှားဘဝလေးကနေ လွတ်မြောက်လုနီးနီးဖြစ်လာပြီပဲ။ အစိးုရက ထုတ်ပေးတဲ့ အဖေနဲ့အမေရဲ့ပင်စင်လစာနဲ့ မြို့သစ်ရဲ့ဟိုးအစွန်အဖျားမှာ ကိုယ်ပိုင်မြေကွက်လေးတစ်ခုတော့ ပိုင်ဆိုင်ခဲ့ပြီပဲမဟုတ်လား။ ခုချိန်မှာ အိမ်ငှားပေမယ့် တစ်ချိန်ချိန်မှာတော့ အဲဒီမြွေကွက်လေးမှာ သွားနေနိုင်ကောင်းပါရဲ့။

အခုဆိုတော့လည်း တည်ငြိမ်နေတဲ့ဘဝလေး ပြောင်းလဲသွားမလား ကြောက်နေမိတာနဲ့ပဲ ဘယ်လိုအပြောင်းအလဲကိုမှ မမျှော်လင့်ချင်တော့ပြန်ဘူး။ အချိန်မှန် အိပ်မရ၊ စားမရ ဘဝကနေ မြေကွက်ပိုင်ရှင်ဖြစ်ပြီဆိုပြန်တော့လည်း တစ်ခုခုဆို အပြောင်းအလံဲဖြစ်မလားပဲ ကြောက်နေမိရတယ်။ ပြီးတော့ ခုချိန်မှာ ကြောက်နေမိတဲ့ တစ်စုံတရာရှိလာတယ်။ ရေအသန့်နဲ့ လောင်းမချဘဲ ကျန်ရစ်တဲ့ ရေအညစ်တွေလို့ပဲ ပြောရမလား။ ရေသန့်ဖြစ်အောင် လုပ်ဖို့ကလဲ ကိုယ့်လက်ထဲမှာ မရှိဘူး။ အဲဒီအညစ်အနည်မအမှုန်အမွှားလေးကို ရေသန့်ထက်သာလွန်တဲ့ ရွှေတုံးရွှေခဲ ဖြစ်အောင်လုပ်ဖို့ကလည်း တခြားသူလက်ထဲမှာ။ 

ဟော တော်ပါသေးရဲ့။ ကြမ်းပြင်တောင် တိုက်ချွတ်ပြီးပြီပဲ။ အပြင်ဘက်ထွက်လာတော့ ဘေစင်မှာ ပန်းကန်တွေကို ပုံနေတာပဲ။ အေးလေ မနေ့ညနဲ့ ဒီနေ့မနက်ဆိုတော့ ပုံပြီပေါ့။ လက်က ဆပ်ပြာနဲ့ ဖေါ့တုံးကို ကိုင်လိုက်တယ်။ ပြီးတော့ ဘေစင်ကရေကို မျဉ်းမျဉ်းလေးဖွင့်လိုက်တယ်။

ဒီနေ့အလုပ်ပိတ်လို့သာ အမေ့ကို ဒါတွေကူနိုင်တာ။ ခါတိုင်းနေ့တွေဆို အမေတစ်ယောက်တည်း ဘယ်လောက်တောင်ပင်ပန်းမလဲ။ စနေ၊ တနင်္ဂနွေဆိုတာကလဲ ကိုယ်က တစ်စုံတစ်ယောက်ရဲ့အခန်းကျဉ်းလေးထဲ ရောက်နေတတ်ခဲ့တာမဟုတ်လား။ တစ်တက်စားလည်းကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်နဲ့ ကိုယ်ချခဲ့တဲ့ အနည်အမှုန်အမွှားဟာ ခုတော့ အမှိုက်အစုအဝေးကြီးအဖြစ်နဲ့ လူပုံအလယ်မှာ ဘွင်းဘွင်းကြီးပေါ်တော့မယ်။

သက်ပြင်းတစ်ချက်ကို အလိုလိုချမိလိုက်တယ်။ ဟုတ်တယ်။ အမေတို့မသိသေးဘူး။ အမေတို့က ဝန်ထမ်းဘဝက သက်ဆင်းလာတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘာတွေဘယ်လိုဖြစ်တယ်ဆိုတဲ့အခြေအနေကိုစောင့်ကြည့်ပြီး ဘာတွေဖြစ်လာနိုင်သလဲပဲ ဆိုတာကို တွက်ချက်နေရ ရုံနဲ့တင် သူတို့ညတွေကို ကုန်ဆုံးနေတာ။ ပြီးတော့ ပင်စင်စားတွေ လစာတိုးတယ်ဆိုတော့ ထခုန်ပြီး ပျော်တတ်ကြတာပေါ့။

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ပင်စင်စားတွေကို လစာတိုးလို့သာလျှင် ဒီအိမ်ကလေးက အခြေအနေသိပ်မယိုင်တော့တာမဟုတ်လား။ ဟော လက်ချော်ပြီး ပန်းကန်ကျကွဲတော့မှာပဲ။ စိတ်ကို ပန်းကန်ဆေးတဲ့ဆီထားမှပဲ ဖြစ်မယ်။ အတွေးမဆုံးခင်မှာပဲ ဒီအချိန်ဆို မွန်းတည့် ဆယ့်နှစ်နာရီတိတိရှိလောက်ပြီလို့ သတိရမိတေ့ာ လက်ကထပ်ချော်ပြန်တော့ ပန်းကန်ကျသံ ချလွမ်းဆိုတာကြီးက အသံကျယ်ကျယ်နဲ့ ထွက်သွားပြန်ရော။

ပြောမယ်ဆို အခုလို စိတ်နဲ့ကိုယ်နဲ့မကပ်သည်ထိ ဖြစ်နေတယ်ဆိုတာကလည်း ကိုယ်တိုင်ရေအညစ်တွေ သွန်ချခဲ့လို့မဟုတ်လား။ ရေအသန့်နဲ့ ပြန်လောင်းမချဖြစ်ဘဲ အဲဒီရေအညစ်တွေကို အနည်ထိုင်သည်ထိ ချော်လဲဖိုဲမရည်ရွယ်ပေမယ့် ချော်လဲသည်ထိ ချန်ခဲ့တာလို့မဟုတ်လား။

မျက်လုံးအစုံက ကြောင်အိမ်ပေါ်မှာ အားသွင်းထားတဲ့ ဖုန်းလေးဆီရောက်တယ်။ ဖုန်းမှာ တစ်ယောက်ယောက်က ဖုန်းခေါ်ထားတဲ့ပုံစံမမြင်ရသေးဘူး။ 

ပြောမယ်ဆို ဒီပြဿနာကို စတင်လက်ခံခဲ့တာ၊ ဒါမှမဟုတ် ဒီအနည်အမှုန်အမှိုင်းကို ချန်ထားခဲ့တာဟာ လွန်ခဲ့တဲ့ ဇွန်လက စခဲ့တာပဲ။ မြန်မာတစ်နိုင်ငံလုံးအနှံ့ ရေတွေကြီးနေချိန်၊ ဒီအိမ်လေးမှာလည်း မိုးရေတွေ တပေါက်ပေါက်ယိုကျပြီး အိမ်ဝိုင်းထဲရေဝင်နေချိန် ကတည်းကပေါ့။

အဲဒီနေ့က သူနဲ့အတူတူ မိုးခိုမိခဲ့တယ်။ ပြီးတော့ သူနဲ့အတူတူကြည့်မိတဲ့ ရုပ်ရှင်လေးရယ်၊ အခန်းလေးတစ်ခုရယ်…။ နောက်ထပ်နောက်ထပ် စနေတွေတနင်္ဂနွေတွေမှာလည်း အဲဒီအခန်းကျဉ်းလေးထဲမှာ ကိုယ် မိုးခိုမိခဲ့တာပဲ။

အို …။ ယောင်ယောင်ယမ်းယမ်းခေါင်းကို ဆက်ခနဲခါပြီး ပန်းကန်ကို ဇွတ်ပွတ်တိုက်ပစ်တယ်။ သူနဲ့ စရင်းနှီးခဲ့တာကတော့ မနှစ်ကပါပဲ။ မနှစ်ကတည်းက အလုပ်မှာ လုပ်ဖေါ်ကိုင်ဖက် တစ်ယောက်အနေနဲ့ ရင်းနှီးခဲ့တာမဟုတ်လား။ သာမန်ထက်ပိုရင်းနှီးခဲ့တာကတော့ လွန်ခဲ့တဲ့ ဒီဇင်ဘာက။ ပြီးတော့ ….။

စူပုံ့ပုံ့ဖြစ်နေတယ်လို့ စိတ်မှာထင်နေမိတဲ့ ဗိုက်ကလေးကို ငုံ့မကြည့်ရဲဘူး။ တစ်လနှစ်လ ဆိုတာ သိသာတဲ့အနေအထားလား။ ခုချိန်ထိ ဒါလေးနဲ့ပတ်သတ်ပြီး ဘယ်လိုနာမကျန်းမှုမျိုးမှ ရောက်မလာသေးတာကို ကျေးဇူးတင်ရသေးတယ်။ သူများတကာတွေက ၂၀၁၅ ကို မျှော်တယ်ဆိုရင် ခုချိန်မှာ ကိုယ်မျှော်နေမိတာက ဖုန်းကောလေးတစ်ခုပဲ။ အဲဒီဖုန်းလေးကသာလျှင် ခုချိန်မှာ ကိုယ့်ကို ပျော်စေနိုင်ပြီးပြုံးစေနိုင်လိမ့်မယ်။ ဒါမှမဟုတ် ငိုစေနိုင်လိမ့်မယ်။

“မောင် မ ကို လက်ထပ်ချင်လား မ လက်ထပ်ချင်ပြီ….”

အဲဒီမေးခွန်း မေးလိုက်မိတုန်းက ပါးပြင်တွေ ပူရှိန်းသွားတာကို သတိရတော့ ငိုချင်လာမိတယ်။ သူ့မျက်နှာဘယ်လိုဖြစ်သွားသလဲမသိအောင်ထိကို အရှက်သည်းခဲ့ရတာပဲ။ ခြေတစ်လှမ်း ကုဋေတစ်သန်းတန်သတဲ့။ မိန်းမတို့ အိန္ဒြေ ရွှေပေးဝယ်မရ တဲ့။ အမေပြောဖူးတဲ့ စကားတွေက နားထဲကို တူနဲ့ဆောင့်သွင်းသလို ပြန်ကြားယောင်လာတယ်။

သိမ်ငယ်လိုက်တာ။ အပျိုဟာ အပျိုလို မနေမိတော့ သိပ်သိမ်ငယ်ရတယ် ဆိုတဲ့ စကားကို အခုတော့ ကိုယ် လက်ခံပြီ။ တကယ်လို့များ သူကသာ ငြင်းခဲ့ရင် ကိုယ်က တရားစွဲရမလား။ လက်မထပ်ဘဲအတူနေရင် ထောင်ဒဏ်ခုနှစ်နှစ်ဆိုလား။ ဥပဒေအသစ်ထုတ်တယ်လို့ တစ်နေ့က အလုပ်က ကောင်မလေးတွေ ပြောသံကြားရတယ်။ ဒါဆို သူကော ကိုယ်ပါ ထောင်ကျမှာလား။ ဒါမှမဟုတ်အလိုမတူရင် မုဒိန်းမှုမြောက်မလား။ မုဒိန်းမှုဆို ထောင်ဒဏ်သုံးနှစ် တဲ့။ တကယ်လို့သာ တရားရုံးမှာ အဲသလိုအခြေအနေတစ်ခုခုနဲ့ ရင်ဆိုင်နေခဲ့ရရင် အမေနဲ့အဖေ့ရဲ့စိတ်ကော ဘယ်လိုအနေအထားများရှိမလဲ။

ဟင့်အင်း။ ဒီဖုန်းသံကို ကိုယ်နားမထောင်ချင်ဘူး။ ဒါမှမဟုတ် နားမထောင်ရဲဘူး။ ဒါပေမယ့် ဒီဖုန်းကို ကိုယ်မျှော်နေမိတာကတော့ သေချာပါတယ်။

ဟော ဘေစင်မှာရေဖွင့်ပြီး ဒီတိုင်းရပ်နေမိပါပကောလား။ သေချာတယ်။ ဒီဖုန်းသံကို သေချာနားထောင်ရမှ ကိုယ်အလုပ်လုပ်နိုင်မှာ။ အလုပ်မှာသာ အမှားအယွင်းဖြစ်ရင် လျော်ကြေးလျော်ရမှာ နည်းတဲ့ပမာဏလား။ နောက်ဆုံးပန်းကန်ကို ဆေးပြီး ရေစစ်ထားသည်အထိ ကိုယ့်စိတ်တွေက ကိုယ့်ဆီမှာရှိမနေသေးပါ့လား လို့ ကိုယ့်ကိုယ်စိတ်တိုလာတယ်။ 

ဒါနဲ့ပဲ အိပ်ခန်းထဲသာ ဝင်လာလိုက်ပြီး လှဲလိုက်မိတော့တယ်။ လက်မှာလည်း ဖုန်းကိုကိုင်လို့။ 

စောင်ပါးလေးကို ကိုယ်ပေါ်ကပ်လိုက်တော့ ပုခုံးပေါ်ကို နူးနူးညံ့ညံ့လေးတင်လာတဲ့ သူ့လက်ကလေးကို သတိရမိသွားတယ်။ တသိမ့်သိမ့်ခုန်နေတဲ့ ခံစားချက်တွေအစား ကိုယ့်အမှားကိုယ် ပြန်မြင်မိလာတယ်။ ငါမှားတာပါ၊ သဒ္ဒါလွန်မိလို့ ခုလိုသိမ်ငယ်နေရတာ ဆိုတဲ့အတွေးကြီးနဲ့ပဲ မျက်ရည်က ကျလာမိပြန်ရော။ အားမပြည့်လို့ ဝါထိန်နေတဲ့ မီးသီးတွေကြောင့်များ ငိုချင်မိတာလားလို့ တွေးရင်းမီးပိတ်လိုက်မိတယ်။ မီးသာပိတ်ပြီး အခန်းသာ လင်းလင်းချင်းချင်းမရှိတော့တာ။ စိတ်ကတော့ ငိုချင်နေတုန်းပဲ။ 

ပြောမယ်ဆို ကိုယ်တိုင်ကိုက ငါ့ကိုတော့ သူပစ်မထားပါဘူး ဆိုတဲ့ ယုံကြည်မှုနဲ့ ဘယ်သွားသွားအတူရှိခဲ့တာပဲမဟုတ်လား။ အတူတူအနေလွန်ကျူးမိသည်ထိကို သူ ကိုယ့်ကို ပစ်ပယ်မှာလို့ မယုံမိသေးဘူး။ ခေတ်ရဲ့ သမီးပျိုတစ်ယောက်အနေနဲ့ ဒီလိုလွန်ကျူးမိမှာကို သိသိနဲ့မထိန်းချုုပ်နိုင်ခဲ့တာလည်း ကိုယ့်အပြစ်ပဲလေ။

လင်းလင်းချင်းချင်းမရှိပေမယ့် ခေါင်းရင်းကစားပွဲပေါ်မှာတင်ထားတဲ့ ဖိနပ်အသေးလေးတစ်ရံကို ကြည့်နေမိတယ်။ သိပ်မထင်ရှားပေမယ့် အဲဒီဖိနပ်လေးက အဝါရောင်လေးဆိုတာ သေချာပါတယ်။ ကိုယ့်ခန္ဓာကိုယ်မှာ တစ်စုံတစ်ယောက်ပါ အတူတကွရှင်သန်နေတယ်ဆိုတာကို သိလိုက်ရတဲ့နေ့ကတည်းက ဒီဖိနပ်လေးကို ကိုယ်ဝယ်ခဲ့တာပေါ့။ အမေကတော့မေးသား။ ကလေးဖိနပ်လေးက ဘာအတွက်လဲတဲ့လေ။ လက်ဆောင်ပေးဖို့လို့ ညာလိုက်ပေမယ့် သေချာတယ်။ ဒီဖိနပ်လေးကို ကိုယ်ဘယ်တော့မှ တပါးသူကို ပေးမှာမဟုတ်ဘူး။

လက်ထပ်မှာလား လို့သာ မေးလိုက်တာ။ လက်ထပ်ချင်ပြီ လို့သာ ပြောလိုက်တာ။ ကိုယ့်မှာ သူလေးရှိကြောင်း ခုထိ ဖွင့်မပြောရသေးဘူး။ လက်မထပ်ရသေးတဲ့ မိန်းမငယ်တစ်ယောက်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ဘယ်လောက်တောင် ကာယကံရှင်သိမ်ငယ်ရတဲ့အဖြစ်လဲ။ ကိုယ်တိုင်ဖွင့်ထုတ်ဖို့ထိကို အားမရှိတဲ့အဖြစ်၊၊

“ဖုန်းလေးရေ လာပါတော့ မီးမီးမျှော်လှပေါ့”

ဟော်တော်။ ဖုန်းကို ကိုင်ပြီးစိတ်ထဲက ရွတ်မိတာ မီးမီးတဲ့လား။ ဒါဆို ကိုယ့်ခန္ဓာကိုယ်ထဲက သူ့သွေးသားလေးဟာ သမီးလေးများလား။ သမီးလေးသာဆိုရင် ကိုယ့်လို စိတ်သိမ်ငယ်မှုမရအောင် ငယ်ငယ်ကတည်းကသွန်သင်ဆုံးမရမယ်။ ပြီးတော့ အထိအတွေ့မှာ မျောမသွားအောင် အသိဉာဏ်ဆင်ခြင်ဉာဏ်နဲ့ထိန်းချုပ်နိုင်ဖို့ အိမ်မှာ ဗဟုသုတစာအုပ်တွေအပြင် သမီးတို့သိစေဖို့ ဆိုတဲ့ ပညာပေးစာအုပ်လေးတွေပါ ထည့်ပေးရမယ်။ 

စိတ်တစ်ခုလုံး လွတ်ဟာနေသလိုပါပဲလား။ ဖုန်းကလဲ ခုထိမလာသေးဘူး။ သူက ငြင်းခဲ့ရင် ကိုယ်ဘာလုပ်ရမလဲဟင်။ တကယ်ဆို ဒီနေ့လောက်ဆို သူသေချာပြောသင့်ပြီ။ မနေ့ကလည်း သူမျက်နှာမကောင်းဘူးဆိုတော့ ကိုယ့်ကို လက်မထပ်ဖို့ဘက်က များနေတယ်။ ကိုယ် ဘာကို ရွေးရမလဲဟင်။

သူ့ဖုန်းလေးထဲကို ကိုယ်ရိုက်ထည့်ပေးတဲ့ ပုံကိုကြည့်ပြီးတွေးများနေမလား။ သူ့ဖိနပ်ရယ် ကိုယ့်ဖိနပ်ရယ်အကြား ဟိုဖိနပ်ဝါဝါလေးကို ထည့်ရိုက်ပြီး မှ လက်ထပ်ချင်ပါပြီ လို့ ပြောခဲ့တာ။ သူသာ ကိုယ်ပြောချင်တာကို နားမလည်ဘူးဆိုရင် ကိုယ့်ကို လက်ထပ်ပါ့မလား။

သိမ်ငယ်လိုက်တာ အမေရယ်။ မိန်းမတစ်ယောက် ဖြစ်ရတာ။ ဟင့်အင်း။ တကယ်က မိန်းမတစ်ယောက်ဖြစ်ရတာ သိမ်ငယ်တာမဟုတ်ဘူး။ သဒ္ဒါလွန်သွားတဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့တာ သိမ်ငယ်လိုက်တာ။ အမေ့ကို တိုင်တည်မိချိန်မှာပဲ တဝင်းဝင်းတလက်လက်နဲ့ ဖုန်းကလေးတစ်ခုဝင်လာပြီပဲ။ ဖုန်းနံပါတ်ကိုကြည့်လိုက်မိတယ်။ အို သူမှ သူ။ 

သူ့အဖြေက ဘာဖြစ်မလဲဟင်။ အို ကိုယ်ကြောက်လိုက်တာ။ ပြီးတော့ သိမ်ငယ်လိုက်တာ။ ဒါပေမယ့် မီးမီးလေးလား သားသားလေးလားမသိတဲ့ ကိုယ့်ခန္ဓာကိုယ်ထဲက ကိုယ်ပွားလေးအတွက် ဒီဖုန်းကို ကိုယ်ကိုင်မှရမယ်။ သူ ဘာပြောမယ်ထင်သလဲဟင်။ သူက “လက်မထပ်နိုင်သေးဘးူ မရယ်” လို့များ ပြောခဲ့ရင် ဒီကိုယ်ပွားလေးကို ကိုယ် ဘယ်လိုနည်းနဲ့ ထိန်းသိမ်းရမလဲ။ အို ဖုန်းလေးကတော့ မြည်နေတုန်းပဲ။ ဒါပေမယ့် မကိုင်ရဲဘူး။ ဒီဖုန်းကို မဖြစ်မနေကိုင်သင့်ပေမဲ့ ကိုယ်မကိုင်ရဲဘူး။ ဒါပေမယ့် ဖုန်းပြန်ဖြေတဲ့ခလုတ်လေးကို ကိုယ်နှိပ်လိုက်မိပြီ။

“ဟယ်လို”

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...