“မဖြစ်တော့ဘူး သူ့ကို ငါမလိုချင်တော့ဘူး”
ယခုမှ ထဖွင့်လိုက်သော တီဗွီသည်ပင် ကိုယ့်ကို စိတ်ပျက်စိတ်ကုန်စေသည့် ဇာတ်ဝင်ခန်း ဖြစ်နေပါသည့်ကော။ ရှင်းသန့်ငယ် စိတ်ပျက်လက်ပျက်နှင့်ခေါင်းခါရင်း တီဗွီကို ပိတ်လိုက်မိရင်းက အပူအပင်ကင်းစွာ အိပ်ပျော်နေသည့် နုထွေးကို ကြည့်လိုက်မိသည်။ နုထွေး သည်အကြောင်းအရာကိုသိလျှင် မည်သို့ဖြစ်သွားနိုင်သလဲ ဆိုသည့် အတွေးကိုလည်း စဉ်ဆက်မပြတ်တွေးမိရင်း ရင်ထဲမှာ ကျဉ်တက်လာရသည်။
---++++----
“မမကြီး တို့ လွန်တာပေါ့ ဘာဖြစ်လဲ အခု မမကြီးတို့ သိတော့ကော ဘာထူးလဲ မမကြီးတို့ ဒီကလေးကို မျှော်လင့်ချက်ပေးပြီးပြီလေ..ဘာလို့ ပြန်ဖျက်မှာလဲ”
“ဟင့်အင်း ငါ့မိသားစုထဲမှာ ဒီလိုကလေးကိုတော့ အတူမထားနိုင်ဘူး နင်မကျေနပ်ရင် နင်မွေးစားလိုက် ရှင်းသန့် အေး ငါ့ကို အတ္တကြီးတယ်ပဲဆိုဆို ငါ့မှာ မွေးဖွားလာဦးမယ် သားသမီးတွေရှိတယ် အဲဒီကလေးတွေအတွက် ဒီကလေးကို မထားနိုင်ဘူး”
ပြောပြောဆိုဆိုဖြင့် လှည့်ထွက်သွားသည့် မမကြီး၏နောက်ကို ရှင်းသန့်ငယ် အပြေးလိုက်မိသည်။ သို့သော် မမကြီးကတော့ဖြင့် သူ့ကိုယ်ပိုင်ကားလေးပေါ်သို့ ရောက်သွားချေပြီတည်း။ မျက်ဝန်းတွင် ပြေးမြင်လိုက်မိသည်က ဖြူဖွေးသန့်စင်သော အသားအရည်နှင့်အတူ ရှင်းသန့်ကြည်လင်ကာ ချစ်ဖို့ကောင်းလွန်းသည့် မျက်နှာလေးတစ်ခု။ ဆံပင်ကုပ်ဝဲလေးကို ခေါင်းလေးတစ်ခါခါနှင့် ဝဲနေသည်ကို နှစ်သက်တတ်သည့် ကလေးငယ်လေးတစ်ဦး။
သူလေးနှင့်ရင်းနှီးခဲ့သည်မှာ သိပ်မကြာသေး။ လွန်ရောကျွံရောလေးလပေါ့။ မမကြီးတို့ သူလေးကို စခေါ်လာတော့ မျက်လုံးလေးကလယ်ကလယ်နှင့်။ မမကြီးတို့လင်မယားက မည်သို့ပင် လက်ကမ်းကြိုစေကာမူ၊ သူ့ခမျာ မနေတတ်မထိုင်တတ်ဟန်လေး။ ထိုစဉ်က မမကြီးတို့ အိမ်မှာ ရှင်းသန့်ငယ်ပါ သွားနေဖြစ်ခဲ့တာမို့ သူလေးနဲ့ ပို၍ ရင်းနှီးခဲ့သည်။ သူလေး၏နာမည်က နုထွေး ဟု ဆိုခဲ့သော်လည်း မမကြီးကတော့ နာမည်ပြောင်းပေးဦးမည်ဟု ဆိုသည်။
“ဦးဦးနဲ့ ဒေါ်ဒေါ်က မီးမီးရဲ့ မေမေနဲ့ ဖေဖေ ဖြစ်သွားပြီလားဟင်”
ပထမဆုံးရောက်စညမှာပင် ရှင်းသန့်ငယ်နှင့်အတူအိပ်ခဲ့ရသည်မို့ နုထွေး စပြောသည့်စကားလုံးလေးကိုကြားကာ နုထွေးကို အသနားပိုမိခဲ့ရသည်။ မိဘမဲ့ကျောင်းမှာ နေခဲ့သည်ဆိုသော်ငြား နုထွေးအနေအထိုင်လေးက အလိုက်သိတတ်သော ကလေးငယ်ဖြစ်ကြောင်းပေါ်လွင်နေသည်။ တစ်ခုတော့ ရှိသည်။ မွေးစားသည့် မမကြီးတို့အနားမကပ်ပါပဲ ရှင်းသန့်ငယ်အနားကပ်နေတာသာ ဖြစ်သည်။ မမကြီးနှင့် ခဲအိုတို့မျက်နှာထားများကပဲ တင်းမာနေသည်ကြောင့်လေလား။ ရှင်းသန့်ငယ်သည်သာ အိမ်မှာအနေများသည်ကြောင့်လား။ ဝေခွဲ၍တော့မရ။
လေးနှစ်ဆိုသည့်အသက်က မူကြိုနေ၍ ရနေသည်မို့ မမကြီးတို့ကို မူကြိုထားဖို့ပင်ပြောသေးသည်။ သို့သော် မမကြီးတို့ကိုယ်တိုင်ကိုက ၅ နှစ်ပြည့်မှ ကျောင်းကြီးထားမယ်ဟု ဆိုခဲ့ကြသည်။ သို့သော် ရှင်းသန့်စာရေးတိုင်း အနားကပ်လာတတ်သည့် နုထွေး၏မျက်လုံးလေးတွေကြောင့် ရှင်းသန့်ငယ်ကိုယ်တိုင်ပင် နုထွေးကို ဝလုံးအစ ကကြီးမှ အ အထိ လက်ရေးလှသင်ပေးမိသည်ထိပင်။ နှစ်လအတွင်းမို့ သင်ပုန်းကြီးမကြေသေးသော်လည်း အတော်များများ မှတ်နိုင်သည်ကတော့ နုထွေး၏ပင်ကိုယ်မှတ်ဉာဏ်ကိုက ကောင်းလွန်း၍ ဖြစ်မည်။
နုထွေး၏ လက်ချောင်းနုနုလေးများပေါ် ရှင်းသန့်ငယ်၏ လက်ဖြင့်အုပ်ကာ အရေးသင်ကာစကဖြင့် နုထွေး၏မျက်နာလေးသည် အမြဲကြည်ရွှင်နေတတ်၏။ အန်တီငယ် ဟုခေါ်ရသည်မှာလည်း မမောမပန်းနိုင်အောင်ပင်။ ဝလုံးကျိုးတိုးကျဲတဲလေးများ ရေးထားသည့် စာအုပ်လေးကိုကိုင်ကာ လာပြပြီး လက်ကလေးပိုက်နေရသည်ကိုပင် ကျေနပ်နေတတ်သည့်ဟန်မျိုး။ သူ့ဆံပင်ကုပ်ဝဲလေးကို သလောက် ကျစ်ဆံမြီးသေးသေးလေးများကျစ်ပေးပြီဆိုလှိင်ဖြင့် ထိုကျစ်ဆံမြီးလေးများကို မြင်ရနိုးနှင့် ခေါင်းခါနေရသည်ကိုက အလုပ်တစ်ခု။
နုထွေး၏မျက်လုံးဝိုင်းဝိုင်းလေးများသည် အမြဲလိုလို အားငယ်တတ်သော သဘောရှိသည်။ သူ့အသိဉာဏ်လေးဖြင့် မမကြီးနှင့်ကိုကိုကြီးသည် သူ၏မိဘရင်းမဟုတ်သည်ကိုလည်း သိဟန်တူ၏။ စီးပွားရေးကိစ္စများနှင့် ရှုပ်နေတတ်သော မမကြီးကို သိပ်စကားမပြောရဲပါပဲ ရှင်းသန့်ငယ်ကိုသာ တစ်ခုပြီးတစ်ခုမေးမြန်းတတ်၏။ ညနေ သူ့မွေးစားမိဘများ ပြန်လာပြီဆိုလျှင်တော့ ထွက်ကြိုတတ်၏။ သို့သော်လည်း ညရောက်ပြီဆိုလျှင်တော့ ရှင်းသန့်ငယ်၏ အိပ်ခန်းကမခွာတော့။
ရှင်းသန့်ငယ်ကိုတော့ ပြောရဲဆိုရဲရှိသည်မို့ထင့်။ ပုံပြင်ပြောပြပေးဖို့ တောင်းဆိုတတ်၏။ သူ့ဆံပင်ကုပ်ဝဲလေးတွေကို လက်ဖြင့် ထိုးဆွပေးရင်း အသံတိုးသဲ့သဲ့ဖြင့် ပုံပြင်ပြောပြတိုင်း ပုံပြင်တစ်ပုဒ်မဆုံးခင် သူအိပ်ပျော်သွားတတ်သည်။
အိမ်ပြင်ပြီးသွားပြီမို့ မမကြီးတို့အိမ်မှ ခွာဖို့ပြင်တော့ ဝမ်းအနည်းရဆုံးမှာ နုထွေးလေး၏မျက်ရည်ပင်။ ကိုယ်က စာရေးကာ အေးအေးဆေးဆေးနေတတ်သူဆိုတော့လည်း တစ်ယောက်တည်းနေရခြင်းကို အသားကျနေသူမို့ မမကြီးက မပြန်နှင့်ဟု တားလျှင်ပင် ရှင်းသန့်ငယ်က ပြန်မည့်သူသာတည်း။ မသွားပါနဲ့ဟုတားရင်း မျက်ရည်ကျနေသည့် နုထွေးလေးကို သနားသော်ငြား ရှင်းသန့်ငယ်ကတော့ အိမ်ပြန်ခဲ့ရသည်။ ထိုအရာကပဲ စမှားခဲ့လေသည်လား။
ပြောမည်ဆို မမကြီးအိမ်နှင့် ရှင်းသန့်ငယ်အိမ်က မဝေး။ ထို့ကြောင့်ပင် နေ့ခင်းဘက် တွင် နုထွေးလေးကို အိမ်မှာခေါ်ထားမိသည်။ မမကြီးတို့အိမ်မှာထားလည်း လူကြီးနှစ်ယောက်က ကိုယ့်စီးပွားရေးကိစ္စနှင့် ကိုယ် ရှုပ်နေကြသည်မို့ နုထွေးလေးကို ဂရုမစိုက်ကြ။ အမှန်ဆို သည်မျှစီးပွားရေးသောင်းကျန်းနေပါလျှက်က ဘာ့ကြောင့်များ ကလေးတစ်ယောက်ကို မွေးစားခဲ့ပါသလဲဟု အပြစ်တင်ချင်မိသည်။ သို့သော် ကိုယ်က အငယ်ဆိုတော့လည်း တံတွေးကို အပေါ်သို့ လှန်မထွေးရဲသည်မို့ ရေငုံနှုတ်ပိတ်သာ။
ရှင်းသန့်ငယ်၏ ဘဝက အေးချမ်းသည်။ တစ်ယောက်တည်းနေရသည့်ဘဝမို့ ပို၍အေးချမ်းသည်ဟု ဆိုချင်မိသည်။ မည်သူ့အထောက်အကူမျှ မယူပါပဲ ဘဏ်တိုးဖြင့် ရှင်းသန့်ငယ်တစ်ယောက်တည်းစားလောက်သည်မို့ အလုပ် လုပ်ဖို့လည်း စိတ်မကူးမိ။ ဝါသနာပါရာ စာရေးသည့်အလုပ်လေးတစ်ခုကိုသာ လုပ်ရင်း ဟိုမဂ္ဂဇင်းတိုက်ပို့လိုက်၊ ဒီမဂ္ဂဇင်းတိုက်ပို့လိုက်ဆိုသည့် အလုပ်ကိုသာ အလုပ်တစ်ခုလိုသတ်သတ်မှတ်မှတ်လုပ်ကိုင်ခဲ့တာ ဖြစ်သည်။
မေမေ ဆုံးသွားပြီးကတည်း ရှင်းသန့်ငယ်တစ်ယောက်တည်းနေလာခဲ့သည်မှာ အခုဆို ခြောက်နှစ်တိုင်ပေပြီ။ ခြောက်နှစ်တာအတောအတွင်း နုထွေး ရောက်လာမှ ရှင်းသန့်၏ဘဝမှာ အလုပ်တစ်ခု ပိုလာခဲ့တာ ဖြစ်သည်။ နုထွေးလေးကို ထမင်းမှန်မှန်ကျွေးဖို့၊ ရေအိမ်တက်သည့်အခါ အနားမှာနေကာ သန့်ရှင်းပေးဖို့၊ ရေချိုးပေးဖို့ စသည့် ကယုကယင်အလုပ်ကလေးများသာဖြစ်သော်လည်း ထိုသို့လုပ်ပေးရသည်ကို ရှင်းသန့်ငယ် ပျော်ပါ၏။
နုထွေးလေးကတော့ ရှင်းသန့်ငယ်ဆီမှာ လာနေရ၍ ထင်သည်။ သိပ်ဆူပူတာမျိုး မရှိ။ မူကြိုကျောင်းကလည်း နီးနေတာအပြင် ကျောင်းလခကလည်း တစ်လငါးထောင်မို့ မပြောပလောက်ပါဘူးလေ ဟုတွေးကာ ရှင်းသန့်ငယ်ကိုယ်တိုင်ပင် နုထွေးကို ကျောင်းအပ်ခဲ့တာဖြစ်သည်။ ညနေမှ မမကြီးတို့ အိမ်ကို ပြန်သည်မို့ နုထွေးကျောင်းတက်တာကိုပင် မမကြီးတို့ မသိကြ။ ကျောင်းစအပ်သည့်နေ့ကတော့ နုထွေးလေး၏ တွယ်တာမှုကို ကြည့်၍ ရှင်းသန့်ငယ်ကိုယ်တိုင် မျက်ရည်ဝဲမိခဲ့ရသည်။ အန်တီငယ် မီးကို ထားမသွားပါနဲ့ ဟု ကန်ကြောက်အော်ဟစ်နေခဲ့သည့် နုထွေးလေးကို ကွယ်ရာမှ စောင့်ကြည့်မိရင်းက ရှင်းသန့်ငယ်ကိုယ်တိုင်ပင် မွေးစားပစ်မိချင်တော့၏။ ထိုမျှအထိပင် နုထွေးလေးအပေါ် ရှင်းသန်ှု့ငယ် စေတနာပိုခဲ့မိပါ၏။
ပြောမည်ဆို ပြဿနာက တလောကမှ စခဲ့တာ ဖြစ်သည်။ နုထွေးလေး၏ မိဘနှစ်ပါးသည် ခုခံအားကျဆင်းသည့် ရောဂါရှင်များ တဲ့လေ။ အခြေအမြစ်မရှိသည့် သတင်းကို မည်သို့ကြားလာကြသည်မသိ။ ထိုနေ့နောက်ပိုင်းကစ၍ နုထွေးလေးကို သူတို့အိမ်သို့ ပင် ပြန်ခေါ်မသိပ်သည်မှာ အတော်ပင် ကြာခဲ့ပြီ။
ထိုနေ့က မမကြီး အိမ်သို့ရောက်လာသည်။ နုထွေးကို ကျောင်းထားသည်ကိုပင် သူတို့မသိကြချေ။ နုထွေးလေး ကျောင်းမှာ ဟုဖြေလိုက်စဉ် အံ့သြတကြီးဖြင့်ပင့်တက်သွားသည့် မမကြီး၏မျက်ခုံးနှစ်ခုကို ရှင်းသန့်ငယ် မုန်းသည်။ နုထွေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မမကြီးကတော့ သူအသိပေးမည့်စကားကို ပြောခဲ့သည်သာ။
“ငါ့မှာ ကိုယ်ဝန်ရှိနေပြီ”
ထိုစကားကို ဆိုခဲ့သည့် မမကြီး၏မျက်နှာသည် ကြည်နူးမှုအရောင်လက်မနေသလို ရှက်သွေးဖြာမနေခဲ့။ တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးသည့်သဏ္ဍာန်ရှိ၏။ မမကြီး၏မျက်နှာကိုကြည့်ကာ အံ့သြနေမိသည်မို့ ဝမ်းသာပါတယ် ဆိုသည့်စကားပင် မပြောဖြစ်ခဲ့။ မမကြီး၏ ဆက်ပြောလာမည့် စကားများကိုသာ နားစွင့်မိခဲ့သည်။
ထိုအချိန်မှာပင် နုထွေးလေးက ကျောင်းမှ ပြန်လာတာဖြစ်သည်။ သူ့ဆရာမက အိမ်ရှေ့ထိလိုက်ပို့လိုက်သည်ကိုပင် မသိလောက်အောင်ထိ မမကြီး၏မျက်နှာကို စိတ်ဝင်တစား ငေးကြည့်နေမိခဲ့သည်။ နုထွေးလေးကတော့ အိမ်ထဲသို့ရောက်သည်နှင့် မေမေ ဟုအော်ကာ မမကြီးကို ပြေးဖက်ခဲ့သည်။ သို့သော် နုထွေးလေး၏ ခန္ဓာကိုယ်ကို လက်ဖြင့် အသာအယာတွန်းကာထားသော မမကြီး၏မျက်နှာမှာ တင်းမာမြဲတင်းမာလျှက်။
“နင့်ဆီမှာ ကြာလည်း အလွန်ဆုံးနေမှ တစ်ပတ်ပါ…ဒါမှမဟုတ်နှစ်ပတ်ပေါ့ ကျောင်းကိုပြန်ပို့ဖို့ ဆရာမကြီးနဲ့ ညှိနှိုင်းလိုက်ဦးမယ်”
ထိုစကားသာ ပြော၍ လှည့်ထွက်သွားသည့် မမကြီးကို ရှင်းသန့်ငယ်မည်သည့်စကားမျှ မဆိုနိုင်ခဲ့။ မမကြီး၏ တားမြစ်မှုကြောင့် မမကြီးကို ဖက်ခွင့်မရလိုက်သည့် နုထွေးလေးကိုနှစ်သိမ့်ရင်း ကျန်ခဲ့ရ၏။
“မေမေ က မီးကို စိတ်ဆိုးနေတာလားဟင်”
မျက်ရည်စလေးများဖြင့် မေးလာသည့် နုထွေး၏အမေးကို ဖြေစရာမရှိသည်မို့ ရှင်းသန့်ငယ်မျက်နှာလွှဲလိုက်မိသည်။ မနက်ဖြန်တော့ မမကြီးကို ရှင်းအောင်မေးရမည်ဟု တေးထားလိုက်ရင်း။
---++++++++++++++----
အို ကြားလိုက်ရသည်မှာ စိတ်ပင်မကောင်းတော့။ သူတို့အမြဲလို ငွေသွားလှူတတ်သော ကျောင်းမှ မိဘမဲ့ကလေးများကို သူတို့၏ပြိုင်ဆိုင်နေကျ သူငယ်ချင်းက မွေးစား၍ သူတို့လည်းမွေးစားခဲ့သည်တဲ့လား။
“နုထွေးလေးကို မမကြီးတို့ မခေါ်ထားရင် ကျွန်မခေါ်ထားမယ် မမကြီးတို့သွားထားလည်း ကျွန်မ ပြန်ခေါ်လာမှာပဲ”
မမကြီး၏ မျက်နှာတည်တည်ဖြင့် ပြောလိုက်သည့်စကားကြောင့် ရှင်းသန့်ငယ် မည်သို့မျှ မတတ်နိုင်တော့။ နုထွေးလေးကို ပြန်ပို့ဖို့ ဆိုသည့် ဆုံးဖြတ်ချက်က သည်မျှပြတ်သားခိုင်မာခဲ့ပြီတဲ့လေ။
“အဲဒီကလေး နင့်အိမ်မှာ ရှိနေရင် ငါမွေးလာတဲ့ ကလေးကို နင့်အိမ်ကို မလွှတ်နိုင်ဘူး အေး နောက်နောင်လည်း နင်နဲ့ပတ်သတ်သမျှ ငါ ဘာမှမသိချင်ဘူး နင်ဆုံးဖြတ်ပေါ့”
ပြိုင်ပွဲတစ်ခုအတွင်းမှာ မျှော်လင့်ချက်တွေ ဈေးကစားခံလိုက်ရတဲ့ ကလေးတွေရဲ့ စိတ်ခံစားချက်ကို ထည့်တွက်ဖို့ မေ့ခဲ့ကြသည်လား။ ဟိုဘက်မိသားစုက မွေးစားသည့်ကလေးကတော့ ပြန်မလာ။ သို့သော် နုထွေးလေးကိုတော့ဖြင့် မဖြစ်မနေ ပြန်ပို့ဖို့ သေချာနေပြီဖြစ်၏။ ကိုယ့်သွေးသားရင်း ရရှိလာ၍ပဲ နုထွေးကို ပြန်၍ပို့သည်လား၊ သို့မဟုတ် နုထွေး၏မိဘနှစ်ပါးကြောင့်ပဲ လားဆိုသည်ကိုတော့ မမကြီးသာ အသိဆုံးဖြစ်ပါလိမ့်မည်။
နုထွေးလေးကို ကြည့်ရသည်မှာ တစ်နေ့တစ်ခြား ပိန်ပိန်လာသကဲ့သို့ရှိသည်။ မှတ်မှတ်ရရ ထိုနေ့က သူ့ဆရာမ က ရှင်းသန့်ငယ်၏ အိမ်ထဲသို့ပါ လိုက်ဝင်ခဲ့၏။
“ကလေးက ဒီရက်ပိုင်း တစ်ခုခုကို ဝမ်းနည်းနေသလိုပဲ ဘယ်လိုပြောရမလဲ နေ့ခင်းပိုင်းအိပ်တဲ့အချိန်မှာလည်း တခြားကလေးတွေလို မအိပ်ဘူး ထမင်းစားတော့လည်း အစာသိပ်မစားဘူးရယ် သုံးရက်လောက်ရှိပြီ”
“ရှင်.. ဝမ်းနည်းစရာတော့ ဘာမှမဖြစ်ခဲ့ပါဘူး ကျောင်းမှာ တစ်ယောက်ယောက်နဲ့များ ကလေးသဘာဝ ရန်ဖြစ်ခဲ့သလား”
နုထွေးလေးက ရောက်ရောက်ခြင်းပင် အိမ်သာသို့ ပြေးသွားသည်မို့ နုထွေးချခဲ့သည့် လွယ်အိတ်ကို ထုတ်ကာ ကွန်ပါဗူးနှင့် စာအုပ်တွေကို စစ်လိုက်မိသည်။ မည်သည့်စာမျှမတွေ့။ သို့သော် ပုံလေးတစ်ပုံကို တွေ့သည်မို့ သေချာကြည့်လိုက်မိတော့ မျက်မှန်တပ်ထားသည့် မိန်းကလေးပုံ ဆွဲထားခြင်းပင်။ ပြီးတော့ အသဲပုံနှင့် ကွင်းခတ်ထားသည်။ သေချာပါသည်။ မျက်မှန်တပ်ထားသည်မို့ ဒါ ရှင်းသန့်ငယ်၏ ပုံသာ ဖြစ်ပေလိမ့်မည်။ မွေးစားမိဘနှစ်ပါး၏ စိတ်ကွက်မှုကို နုထွေးလေးများ သိနေရော့သလား။ သူ့ဆရာမကတော့ ပြန်သွားပြီဖြစ်၏။ ရှင်းသန့်ငယ်မှာသာ အတွေးပင်လယ်ဖြင့် ကျန်ခဲ့ရရင်း…။
---+++++++++---------
“ရမှာပါ မင်းသာ ကြိုးစားချင်စိတ်ရှိရင် မင်းလိုချင်တဲ့ ဘယ်အရာကိုမဆို ရမှာပါ”
မနက်ခင်းစောစောစီးစီး မြင်လိုက်ရသည့် မြန်မာစာတန်းထိုးတရုတ်ဇာတ်ကားကြောင့် ပြုံးလိုက်မိသည်။ ဖွင့်ဖွင့်ခြင်းမြင်လိုက်ရသည့် စာသားမို့ ဇာတ်လမ်းအခြေအနေမသိရ။ ငယ်စဉ်တုန်းကတော့ လိုချင်တာမှန်သမျှ ရအောင်ကြိုးစားရင် ရမှာပဲ ဟု ထင်ခဲ့ဖူးသည်။ ယခုတော့ ရှင်းသန့်ငယ်ကိုယ်တိုင်ဆန်းစစ်ဖို့ လိုလာခဲ့ပြီဖြစ်၏။
သိပ်မကြာခင် မမကြီးက နုထွေးကို လာခေါ်တော့မည်။ နုထွေးနှင့် ခွဲခွာရန် ပြင်ဆင်မထားရသေး။ နုထွေးကိုယ်တိုင်လည်း ရှင်းသန့်ငယ်နှင့် ခွဲခွာလိုစိတ် ရှိမည်ဟုမထင်။
တကယ်ပင် နုထွေး လေးကို တာဝန်ယူနိုင်ရဲ့လား ဆိုသည့် မေးခွန်းမှာတင် ရှင်းသန့်ငယ် ရပ်တန့်နေခဲ့ရတာဖြစ်၏။ ဟော အိမ်ရှေ့မှာ ကားရပ်ပြီ။ နုထွေးလေးကို လာခေါ်ချေပြီ။ နုထွေးလေးကတော့ အိပ်ပျော်နေဆဲ။ အိပ်ပျော်နေသည့် နုထွေးလေး၏ မျက်နှာကို တစ်ရှုးစိုနှင့် အသာအယာသုတ်ပေးကာ သနပ်ခါးပါးပါးလိမ်း လိမ်းပေးလိုက်သည်။ ပြီးနောက် နုထွေးလေး၏ အဝတ်အစားအိတ်နှင့် ကျောင်းလွယ်အိတ်ကိုပါ မမကြီး၏ ကားပေါ်တင်ပေးလိုက်သည်။ မမကြီး၏မျက်နှာမှာတော့ မည်သို့မျှ မထူးခြားဟန်နှင့် မာကြောအေးစက်နေပြန်သည်။
စီးပွားရေးတွင် အောင်မြင်သူများသည် ထိုသို့ အေးစက်မာကြောတတ်ပါသလားဟု နှုတ်ခမ်းတစ်လန်ပန်းတစ်လန်ဖြင့် ရန်တွေ့ချင်မိသော်ငြား နှုတ်ပိတ်ကာ နုထွေးလေးကိုချီ၍ မမကြီး၏ကားပေါ်သို့ ရှင်းသန့်ငယ်တက်လိုက်သည်။
“နင်ပါ လိုက်မလို့လား”
မမကြီး၏ အမေးကို ခေါင်းသာ ညိတ်ပြလိုက်မိသည်။ ကလေးကို ခေါ်တုန်းကတော့ ခဲအိုပါ ပါပြီး ပြန်ပို့တော့ ခဲအိုမပါတော့ဘူးတဲ့လား ဟုတွေးမိတော့ မျက်နှာမဲ့ချင်သည်။ ဂုဏ်သိက္ခာအတွက် ကလေး၏မျှော်လင့်ချက်ကိုပါ ကစားခဲ့သည့် မမကြီးကို ရှင်းသန့်ငယ်အခွင့်ရှိလျှင်ဖြင့် ပြောချင်ပါသည်။ လူတစ်ယောက်၏ မျှော်လင့်ချက်သည် မမကြီးတို့၏ ဂုဏ်သိက္ခာထက် ပို၍ အဖိုးတန်ကြောင်း။
“အခုလို ပြန်ပို့ရတာ နုထွေးလေးအပေါ် နည်းနည်းလေးမှ အားမနာဘူးလားဟင်..မမကြီးတို့ ခေါ်တုန်းကခေါ်ခဲ့ပြီး ခုမှ ကလေးကို ဘာလို့ အဲလိုလုပ်ရတာလဲ”
ဆို့နင့်စွာ မေးလိုက်သည့် ရှင်းသန့်ငယ်၏ အသံကို မမကြီးကတော့ဖြင့် မကြားသည့်အလား။ ကားကိုသာ ဂရုတစိုက် မောင်းနေပြန်၏။ နုထွေးလေးကတော့ ဘာကိုမျှမသိသည့်ဟန်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရှာသည်။ နုထွေးကို ခွဲရတော့မည်ဆိုသည့်အသိဖြင့် မည်မျှတွေဝေငေးငိုင်နေမိသည်မသိ။ ပတ်ဝန်းကျင်ကို ကြည့်မိတော့မှ ခြံဝန်းတစ်ခုထဲရောက်နေကြောင်း သထိထားမိတော့၏။ နုထွေးလေးလည်း လူးလွန့်နိုးလာချေပြီ။
“ဟာ မီးမီးကျောင်းပဲ.. အန်တီငယ် လာလာ မီးမီး သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ် ”
ကိုယ်ပေါ်မှ လှစ်ခနဲခုန်ဆင်းကာ ရှင်းသန့်ငယ်၏လက်ကိုပါဆွဲကာ ခေါ်နေတာမို့ ရှင်းသန့်ငယ်မှာ မျက်ရည်များ သုတ်ရင်း ဆင်းလိုက်ရပြန်ပါပြီ။
“တူက တဉ္ဖာအောင် တဲ့ တူက တဲစုစိုး တဲ့”
သနှင့် တမကွဲသော နုထွေးကို ကြည့်ကာ ရှင်းသန့်ငယ် ခစ်ခနဲ ရယ်လိုက်မိသည်။ တဆက်တည်း နုထွေးမိတ်ဆက်ပေးသည့် ကလေးများကို ကြည့်မိတော့ ကျောင်း၏အခြေအနေကို သဘောပေါက်မိသည်။ နွမ်းပါးသော ကျောင်းမှာ နုထွေးကို ထားခဲ့ရမလား ဟုတွေးလိုက်တော့ ရင်က ဆစ်ခနဲကျင်သည်။
နုထွေးကတော့ ရှင်းသန့်ငယ်၏ လက်ကိုတွဲကာ သူ့သူငယ်ချင်းများနှင့် မိတ်ဆက်ပေးနေဆဲ။ ရှင်းသန့်ငယ်ကိုယ်တိုင်သည်လည်း ကိုယ့်လွတ်လပ်မှုကို နုထွေး နှင့် လဲရမလား၊ မလဲရမလား ဆုံးဖြတ်ရခက်နေဆဲ။ ကိုယ်ဟာ မိခင်ကောင်းတစ်ယောက်အဖြစ် နုထွေးကို ထိန်းသိမ်းနိုင်ပါ့မလား၊ ကိုယ်ဟာ နုထွေးကို သမီးရင်းလေးလို ချစ်ခင်ကြင်နာနိုင်ပါ့မလား၊ ကိုယ်သာ နုထွေးကို လက်ခံလိုက်ရင် အရာတော်တော်များများကို ထိန်းချုပ်ရတော့မှာ၊ တချို့လွတ်လပ်မှုတွေကို ဘယ်တော့မှ ပြန်ယူလို့ မရနိုင်တော့ဘူး။ အတွေးများစွာဖြင့် နုထွေးကို ငေးကြည့်မိတော့ နုထွေးလေးမှာ သူ့ကို ထားခဲ့မည်ကို မသိသည့်အလား ပျော်ရွှင်ရယ်မောနေပြန်သည်။
ဟော မမကြီးကတော့ ရှင်းသန့်ငယ်ကို လက်ပြကာ လှမ်းခေါ်နေပြီဖြစ်၏။ သို့သော် ရှင်းသန့်ငယ် နုထွေးကို မခွဲနိုင်သေး။ အမေတစ်ယောက်အဖြစ်ကို ရွေးရမလား၊ လွတ်လပ်သည့် ဘဝမှာပဲ ဆက်နေမလား ဆိုသည့် ဒွိဟမေးခွန်းများဖြင့် ရပ်နေမိဆဲ။
“ပွမ်…ပွမ်…ပွမ်…”
“ဒါက ငါ့အန်တီငယ်လေ ငါ့ကို အရမ်းချစ်တာ.. ညတိုင်း ငါနဲ့အိပ်တာ ပြီးတော့ အန်တီငယ်က ငါ့ကို ကျောင်းထားပေးသေးတယ်…..”
နုထွေးလေး၏ ကရားရေလွှတ်စကားသံသည်လည်းကောင်း၊ မမကြီး၏ အော်မြည်နေသည့် ကားဟွန်းသံသည်လည်းကောင်း ရှင်းသန့်ငယ်၏နားတွင် လျှံတက်နေသကဲ့သို့ရှိ၏။ ခြေအစုံသည် ကားဆီသို့ သွားရမည်လား၊ လက်အစုံသည် နုထွေးလေးကိုပဲ ပွေ့ဖက်ရမည်လား။
နုထွေးလေးသည်ပြုံးရယ်နေသလို မမကြီးကလည်း ရပ်စောင့်နေဆဲ။ ရှင်းသန့်ငယ်ကတော့ မေးခွန်းနှစ်ခုအလယ်မှာ ရပ်လျှက်က နုထွေးမျက်နှာကိုတစ်လှည့်၊ မမကြီးမျက်နှာကိုတစ်လှည့် ကြည့်မိလျှက် ရှိဆဲ။
ရည်ဝေ(လင်းရောင်ခြည်)
၂၀၁၅ ဇူလိုင် မဟေသီ
.jpg)
No comments:
Post a Comment