(၁)
မေမေ၊ မေမေ ဒီနေ့ ရန်ကုန်က ပြန်မလာဘူးတဲ့လား။ အန်တီကလည်း အရှေ့အိမ်မှာ ရုပ်ရှင်ကြည့်နေတုန်းလား။ ဒီခြေသံဟာ မေမေနှင့် အန်တီ့ခြေသံမဟုတ်တာတော့ သေချာနေခဲ့သည်။ အနံ့တထောင်းထောင်းထနေသော ခြေသံကို ကြောက်ရွံ့လွန်းစွာ ကုတင်အောက်သို့ဝင်ပုန်းရင်း မျက်လုံးအစုံကို အနားမပေးနိုင်ခဲ့။ ဘယ်အချိန်များ တံခါးလှပ်လိုက်မလဲဆိုသည့်အတွေးဖြင့် ကြောက်လန့်စွာ..။
ဟင့်အင်း။ ကျွန်မကို ဟိုကိုင်ဒီကိုင် လုပ်တာလဲမကြိုက်ဘူး။ ဟိုထိဒီထိလုပ်တာလည်း မကြိုက်ဘူး၊ မကြိုက်ဘူး။ ဘာဦးလေးလဲ။ သွေးတော်တာမှမဟုတ်ဘဲ။ ကျွန်မမျက်နှာကို လာလာနမ်းတယ်။ မေမေတို့ ရှိတဲ့အချိန်ကျတော့ ဟိန်းလားဟောက်လားနဲ့။ ပြီးတော့ပြီးတော့..။
လျှာဖျားမှ ငံကျိကျိအရသာကြောင့် လက်ဖြင့်တို့ထိမိတော့ ပါးပြင်မှ စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရသည်။ သတိထားကာ ကြည့်တော့မှ ကုတင်တိုင်မှ ဖေါက်ထွက်နေသည့် သံချောင်းတစ်ချောင်း။
“မ ဆို အယ် ခေါ်နေတာလည်း မကြားပါ့လား မ ချစ်မ ချစ်မမ”
ခန္ဓာကိုယ်ကို လှုပ်ယမ်းခေါ်လိုက်မှုကြောင့် သတိဝင်ကာ ကြည့်မိတော့မှ မောင်။ မောင့်ပုခုံးပေါ်မှီရင်း အိပ်ပျော်သွားပါသလား။ ဒါမှမဟုတ် ခြောက်အိပ်မက်ကို မက်နေမိခဲ့တာလား။
“မောင် မကို သီချင်းဆိုပြမယ်နော် ပန်းချစ်သူ တဲ့”
ကျွန်မ ထထိုင်လိုက်တာနှင့် ဂစ်တာကို ကောက်ကိုင်ကာ မောင် ပြောတော့ ခေါင်းညိတ်ပြလိုက်သည်။ မောင့်အသံတိုးရှရှဖြင့် သီဆိုမည့် သီချင်းသံသည် ကျွန်မ၏စိတ်ညစ်ညူးခြင်းများအား ဖယ်ထုတ်သွားမည်ဟု ကျွန်မ ယုံကြည်သည်မဟုတ်ပါလား။
“လေပြည်ညင်းရယ် ငြိမ်သက်ဆဲ ညမှာ..xx.. အသာအယာတိုးလို့ တိုက်ခတ်နေ…xx..သင်းပျံ့မွှေးတဲ့ ပန်းရနံ့တွေ.. ဆောင်ယူသယ်လာ လေညင်းရေ..xx… ပန်းချစ်သူ တို့လက်နဲ့ကွယ် ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်..xxx.. ဆွတ်ယူမယ် ဟန်ပြင်ကာပင် ယုယစွာ ထွေးပွေ့ထားပါမယ်…xxx….အသာအယာ ဆွတ်ယူ ရင်မှာ သိမ်းထားမယ်..xx…အိုလေ ပန်းလေးတစ်ပွင့်ရယ်..xx…ပန်းကို ချစ်တဲ့ ပန်းချစ်သူ..xx.. ကိုယ်တိုင် ချူကာ ဆွတ်ခူးမယ်”
မျက်လုံးမှိတ်၍ သီချင်းထောင်နေရာမှ ပါးပြင်ထက်က နွေးသွားသည့် အသိကြောင့် စိတ်က ဖျဉ်းခနဲ ဒေါသထွက်သွားရရင်း
“မောင် ဒါ ဘာလုပ်တာလဲ”
“ကိုယ့် ချစ်သူရဲ့ ပါးပြင်ကို အနမ်းခြွေတာလေ မခြွေရဘူးလား မ ကလဲ မ ရဲ့ ပါးက အစင်းရာလေးက သိပ်နမ်းဖို့ကောင်းအောင် မောင့်ကို ဆွဲခေါ်နေတာကိုး လို့”
အိုး မျက်လုံးတွေမှာ ဘယ်လောက်ပဲ ရမ္မက်မပါဘူးဆိုဆို၊ ကျေနပ်နှစ်သိမ့်နေတဲ့ အယောင်တွေ၊ အရိပ်တွေ။ ဒါ ယောကျ်ားတစ်ယောက်ရဲ့ မာယာမျက်လုံးတွေ။ အစင်းရာ အစင်းရာ တဲ့လား။ ဒီအစင်းရာ ရရှိခဲ့တာကကော ယောကျ်ားတစ်ယောက်ကြောင့်ပဲ မဟုတ်ပေဘူးလား။
ချက်ချင်းမှုန်ကုပ်သွားမိသော ကျွန်မ သွင်ပြင်ကြောင့်ထင်သည်။ မောင့် မျက်နှာလေး ညှိုးနွမ်းသွား၏။
“မ ကလည်း ကွာ မောင်တောင်းပန်တယ်နော် မ မကြိုက်ရင် မောင် မနမ်းဘူးနော် ဟုတ်ပြီလား”
ကိုယ့်လက်ချောင်းလေးတွေကို အသာအယာဆုပ်နယ်ပြောနေတဲ့ ချစ်သူတစ်ယောက်ကို ကြာရှည်စိတ်ဆိုးနိုင်စွမ်း ကို ဘယ်လိုကြိုးစားတည်ဆောက်နိုင်မလဲ။ မသိ။ ကျွန်မ မသိပါ။ သို့သော် ခေါင်းညိတ်ကာ စိတ်လျှော့လိုက်ရသော်လည်း ယနေ့တနင်္ဂနွေသည် ကျွန်မအတွက် မပျော်ရွှင်မှုများကို သယ်ဆောင်လာသည်ဟု ဒေါသတကြီးတွေးလိုက်မိတော့သည်။
(၂)
“အမေရေ အန်တီလေးရေ”
လက်မှ ကပ်ကြေးနှင့်အတူ ကျွန်မ ထိတ်လန့်လွန်းစွာ အော်နေခဲ့သည်။ ဦးလေးကတော့ ကျွန်မ အရှေ့မှာ ရပ်ရင်း ဝုန်းခနဲ သူ့ခန္ဓာကိုယ်သူမနိုင်ဘဲ ပြိုလဲကျပြန်သည်။ သို့သော် သူ့လက်များကတော့ ကျွန်မ ခန္ဓာကိုယ်ဆီသို့ရောက်လာရန် အားစိုက်နေဆဲဖြစ်သည်။ ရုတ်တရက် လက်မှ ကပ်ကြေးအလုခံလိုက်ရမှုကြောင့် မော့ကြည့်လိုက်တော့ အန်တီလေး။ ထို့အတူ ပါးပြင်မှာပါ စပ်ဖျဉ်းဖျဉ်းဖြစ်သွား၏။
“နင့်အမေကို ဒီအကြောင်းပြောရင် နင်တို့ တစ်အိမ်လုံးကို ဒီအိမ်ကနေ နှင်ထုတ်မယ် ကြားလား”
ဦးလေးကို မ ထုတ်သွားသော အန်တီလေး၏ စကားများကြောင့် ကိုယ့်ပါးစပ်ကိုယ် အလျှင်အမြန်ပိတ်လိုက်မိရသည်။ ဟင့်အင်း အမေမလာနဲ့ဦး။ သမီးတို့ သွားစရာနေရာမရှိသေးဘူးမဟုတ်လား။ အဖေကလည်း ကိုကြီးနဲ့ မောင်လေးကိုပဲ ခေါ်သွားတာလေ။ သမီးကိုကျ မချစ်ဘူးမဟုတ်လား။ သမီးကိုကျ ပစ်ထားတယ်။ အမေ မလာသေးဘူးမဟုတ်လား။ မလာတာပဲ ကောင်းတယ်။ မလာနဲ့ဦးနော်။ မလာနဲ့ဦး။ သမီး အားရအောင် ငိုပြီးမှ လာခဲ့နော်။
“ခဲအိုဆီ သွားသင့်ပြီနော် အစ်မ မီးဝေးချိတ်ပမာ မနေကောင်းဘူးတဲ့ အစ်မတို့ ရန်ကုန်လိုက်မယ့်စရိတ်ကို ကျွန်မ ပေးလိုက်မယ် အဆင်ပြေတော့မှ ပြန်ပေးပေါ့ ဟုတ်လား”
“ကျေးဇူးတင်လိုက်တာ ငါ့ညီမရယ် သူ့အဖေအကြောင်းလည်း သိတယ်မဟုတ်လား ရောက်တဲ့နေရာတိုင်းပွေ လေ ခု ညည်းကူညီပြီဆိုတော့ အဆင်ပြေပြီ ပေါ့ ငါတို့ လိုက်သွားတော့မယ် ”
“သမီး အန်တီလေးကို ကန်တော့လိုက်ဦး အမေတို့ ညည်းအဖေဆီ လိုက်သွားရမှာ အန်တီလေးကျေးဇူးလည်းပါတယ်”
ဒီနေ့ညကားနဲ့ အဖေ့ဆီလိုက်သွားမယ်ဆိုသည့် စကားအကြားမှာပင် ကျွန်မ ပျော်ရွှင်နေခဲ့သည်။ နေ့ခင်းက ဘာတွေဖြစ်ပွားခဲ့သည်ဆိုသည်ကိုပင် မျက်နှာလွှဲပစ်ထားလိုက်နိုင်မိသည်ထိ ဖြစ်သည်။
---+++---
အတိတ်ဆိုသော်ငြား သိပ်မဝေးသေးသော ခံစားချက်ဖြင့် ရင်တစ်ခုလုံး ဆို့နင့်လွန်း၏။
အညာမှာနေခဲ့စဉ်က ဦးလေး၏ အပြုအမှုများသည် ကျွန်မအတွက် စိတ်ဒဏ်ရာ ဖြစ်စေခဲ့သလား။။ မသိ။ ကျွန်မ သေချာစွာမသိပါ။ သို့သော် သေချာနေသည့်အရာကတော့ ရန်ကုန်သို့ပြောင်းလာသည့် အချိန်မှာတောင် ထိုဦးလေးကဲ့သို့သူများဆိုသည့် အမြင်ဖြင့်သာ ယောကျ်ားတွေကို ကြည့်တတ်ခဲ့သည်။
“ဝေ့ ကို ကိုယ် ချစ်တယ်”
ပထမဦးဆုံး ချစ်ရေးဆိုခံရမှုတွင် မည်သည့်သာယာနွဲ့နှောင်းမှုမှ မပါ။ ကိုယ့်ကို ချစ်သည်ဆိုသည့် စကားတွင် သာယာလှိုက်မောသွားသည်ကို ကိုယ့်ကိုယ်ကိုယ်သာ သိသည်။ သို့သော် ဒီအသက်ဒီအရွယ်မှာ ကြိုးစားစရာ စာတစ်ခုသာ ရှိသည်ဆိုသည့်အသိဖြင့် ဖျတ်ခနဲ ထိုသူကိုင်ထားသည့် ကိုယ့်လက်ကိုဆွဲကာ ထွက်ခွာလာခဲ့ဖူးသည်။ ထိုနေရာက လွန်မြောက်မှတွေးမိသည်ကတော့ ယောကျ်ားဆိုသည်မှာ မိန်းမအသွင်ပြည့်စုံရုံဖြင့် စိတ်လှုပ်ရှားတတ်ပါ့လားဟုပင်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်မှာ ကျွန်မက အပျိုဘော်ဝင်စ တစ်ဆယ့်သုံးနှစ်သာသာ သာ ရှိသေးပြီး ကျွန်မကို ချစ်ရေးဆိုခဲ့သူကတော့ အသက်နှစ်ဆယ်ကျော်ယောကျ်ားတစ်ယောက် ဖြစ်နေခဲ့သည်မဟုတ်လား။
ထိုအချိန်မှစ၍ တစ်စုံတစ်ယောက်၏ ချစ်ရေးဆိုခံရမှုဆိုသည်ကို ကြောက်ရွံ့ လာတတ်ခဲ့သည်။ စီးပွားရေးမပြေလည်သော မိသားစုမှ ပေါက်ဖွားခဲ့ရသူမို့ တချို့သော ဘဝတူသူငယ်ချင်းများကဲ့သို့ ဆင်ကန်းတောတိုး မျက်စိစုံမှိတ်ကာ ချစ်သူခင်သူတို့နှင့် အပျော်ရှာသောအနေထားသို့မရောက်ချင်ခဲ့သလို ယောကျ်ားဟူသည်မှာ ယုံကြည်စရာဟု မတွေးဖြစ်ခဲ့။ ရှစ်တန်းကျောင်းသူဘဝနှင့် အိမ်ထောင်သည်ဘဝကို ခုန်ကူးသွားသည့် သူငယ်ချင်းများစွာရှိခဲ့သလို တက္ကသိုလ်ဝင်တန်းတွင်လည်း တွေ့ဖန်များလာသည့်အခါ ကျွန်မ၏အကြောက်တရားသည် ပို၍ပို၍ မြင့်ခဲ့လေသည်လား။
ပြဿနာအဖုံဖုံနှင့် အိမ်ထောင်စုတို့ကိုတွေ့တိုင်း အချစ်ဆိုသည်မှာ တန်ဖိုးမရှိပါဘဲ လူတိုင်း၏ ဘဝကို ကစားသည် ဆိုသည့်အသိကြီးကို လက်ခံရင်း အချစ်ဆိုသည့်အရာကို ကျွန်မနှင့်ဝေးဝေးမှာ ကန်ထုတ်ထားတတ်ခဲ့သည်။ အချစ် ဆိုသည်မှာ ဘဝကို ဆက်ရှင်သန်ဖို့ သတ္တိမရှိသူတို့၏ ထွက်ပေါက်ဟုသာ နားလည်ခဲ့သည်။ ထို့ကြောင့်ပင် စာစာစာ ဟု တစာစာ အော်ရင်း ပညာရေးကို တွန်းတင်ကာ ဘဝနှင့် အချိုးကျကျ လှော်ခတ်ဖို့ကြိုးစားသည်။ ကျွန်မဘဝ၊ ကျွန်မပတ်ဝန်းကျင်တွင် နှင်းဝေဝေ ဆိုသည့် ကျွန်မ၏ ဂုဏ်သတင်းသည် စာမှအပ မည်သည့်အရာကိုမျှ စိတ်မဝင်စားဟု အသံထွက်လာသည်။ ကျွန်မ အစ်ကိုနှင့်မောင်ဆိုးသလောက် နှင်းဝေဝေဆိုသည့် ကျွန်မ၏ ဂုဏ်သတင်းက မွှေးလာခဲ့သည် မဟုတ်ပါလား။မဂ္ဂဇင်းတစ်ခုတွင် ဖတ်ခဲ့ဖူးသည့် ကဉ္စနာ ဆိုသည့် စာရေးဆရာရေးသားထားသည့် ဝတ္ထုတွင် ကျွန်မနှစ်သက်လွန်းသော စာပိုဒ်တစ်ခုရှိသည်။
“တချို့လူတွေက ချစ်ခြင်းကို သူတို့နဲ့ အဝေးဆုံးမှာ ထားတတ်ကြတယ်။ ချစ်ခြင်းက ဘယ်လိုပဲဝင်ရောက်ဝင်ရောက် သူတို့ရဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုကို မတိုက်ဖျက်နိုင်ဘူး” တဲ့လေ။ ထိုစကားလေးအတိုင်းပင် ကျွန်မက ချစ်ခြင်းတရားကို လက်ခံသည်။ အချစ်ရှိသည်ဟု လက်ခံသည်။ သို့သော် အချစ်သည် ကျွန်မအတွက် ကျွန်မ သတ်မှတ်ထားသည့်အကွာအဝေးတွင်သာ ရှိနေပါလိမ့်မည်။ ထို့ထက်ပို၍ မနီးကပ်စေရ။
သံယောဇဉ်၊ နွေးထွေးမှုတို့နှင့် နေသားမကျသော မိန်းမတစ်ယောက်မှန်း ကိုယ့်ကိုယ်ကိုယ် သိသည်။ သို့သော် ထိုအသိသည် ဘယ်လိုပဲ တားမြစ်တားမြစ်၊ ကျွန်မဆီသို့ အရောင်အမျိုးမျိုးဖြင့် သံယောဇဉ်များ ရောက်လာတတ်ကြသည်သာ ဖြစ်သည်။ ခင်မင်မှုတိုင်းတွင် ကျွန်မက နေသားတကျမရှိသည့်အခါ ပြန်လည်ဆုံးရှုံးမှာပဲ ဆိုသည့် အသိကြီးဖြင့် ကိုယ်သံယောဇဉ်ရှိမိသော အရာတိုင်းအတွက်လည်း ခပ်ခွာခွာမှ နေထိုင်တတ်သော မိန်းမတစ်ယောက်သာ ဖြစ်ခဲ့သည်။ ထင်မင်သူတိုင်းအတွက် လိုက်လျောညီထွေဖြစ်မှုကို ဖြည့်ဆည်းမပေးနိုင်ခဲ့။ ထို့ကြောင့်ပင် ကျွန်မမှာ သူငယ်ချင်းများများစားစား မရှိခဲ့ပါ။ တစ်စုံတစ်ယောက်ကို သူငယ်ချင်းဟု သတ်မှတ်ကာ ခေါ်ပြောရမှာကိုပင် အင်မတန် ဝန်လေးခဲ့မိတာဖြစ်သည်။
“မဝေ ကို ချစ်တယ်”
တစ်သက်တွင်မှ တစ်ခါအချစ်ဆိုသည့်အရာကို လက်ခံလိုက်သည်။ အချစ်ရှိသည် ဆိုသည်ကို လက်ခံလိုက်မိသည်။ ထိုအရာသည် ကျွန်မကို နှောင်ငင်ရစ်ဖွဲ့နေသည်မှာ မပြီးနိုင်မစီးနိုင်။ မောင် ဆိုသည့် ကောင်လေးတစ်ယောက်တွင် ကျွန်မ၏ အချစ်ဆိုသည့်အရာကို ရှာဖွေတွေ့ရှိခဲ့လိမ့်မည်ဟု ကျွန်မ ထင်မှတ်မထားပါ။ သို့သော် အမှန်တကယ်ပင် တွေ့ရှိခဲ့သည်။ စကားပြော ဘုကျကျနှင့် ရှိုးအလွန်ထုတ်တတ်သော ဂျင်းဘောင်းဘီဝတ်ကောင်လေးသည် ကျွန်မအနားတွင် ရှိနေခဲ့ပြီး ကျွန်မအတွက် ဆူဆဲဖေါ် အဖေါ်တစ်ယောက်ဖြစ်သလို ကျွန်မအမှားတွေကို ထောက်ပြပေးသူတစ်ယောက်လည်း ဖြစ်ခဲ့သည်။ ကျွန်မစိတ်ပင်ပန်းတိုင်း နားခိုရာဖြစ်သလို ကျွန်မကို အားပေးဖေါ်လည်း ဖြစ်သည်။
“မ တစ်နေ့က ဖုန်းဆက်တာ ဖုန်းလည်းမအားဘူး အကြာကြီးပဲ ဘယ်သူနဲ့ ပြောတာလဲဟင် အလုပ်ကိစ္စဆိုလည်း အဲဒီလောက်အကြာကြီးမပြောနဲ့ မောင်သဝန်တိုတယ်”
“မအတွက် မောင် အိမ်နားက ခရေပင်ကြီးကနေ ကောက်လာတာ”
“မ မလာနိုင်တဲ့ နေ့ဆို မောင့်ကို ပြောဖို့ မမေ့နဲ့နော် မောင်က စောင့်နေမိမှာ ညနက်ထိ”
“မ စကားပြောရင် နည်းနည်းတော့ ချိုကွာ အရမ်းမာလွန်းတယ် တစ်ဖက်သား အားနာစရာ”
သူပြောသမျှစကားတိုင်းကို ခေါင်းညိတ်ပြရင်း အတွေးထဲမှ စကားများစွာ ပြောခဲ့ဖူးသည်။ တကယ်ဆို ကိုယ့်ဘုဘောက်စကားများသည် ကိုယ့်ဆီနီးကပ်ဖို့ကြိုးစားနေသူတို့အား တားမြစ်ခြင်းဖြစ်ကြောင်း သူ သတိထားမိပါရဲ့လား။ သူ့သဝန်တိုစကားများတွင် အပြုံးသော်မှ မပြုံးသည်ကို သတိထားမိပါရဲ့လား။ ကျွန်မက စကားပြောဆိုရာတွင် မညင်သာချေ။ အမြဲလိုလိုပင် လေသံမာနှင့်ပြောတတ်သူဖြစ်သည်။ ရုံးအရာရှိတစ်ဦးဖြစ်နေ၍လည်း လေသံက ပိုမာသည်။ သူနှင့်ပို၍ နီးကပ်လာခြင်းသည် ထိုစကားအသွားတို့ကို လက်ခံနိုင်သော စွမ်းရည်ရှိခြင်းကြောင့်ဟုသာ ဆိုချင်သည်။
သူနှင့်ကျွန်မကို တွေ့အောင်ဆောင်ကြဉ်းပေးသည့် ကြမ္မာကတော့ နာမည်ကျော် အင်းလျားကန်ဘောင်။ ရုပ်ရှင်ကြည့်ခြင်းကို စိတ်အပန်းဖြေရာဟု မသတ်မှတ်သော ကျွန်မသည် အင်းလျားကန်ဘောင်က မြက်ခင်းပြင်များကြားမှာ သွားထိုင်၍ သွားလာနေသည့် လူများအား ငေးကြည့်ရခြင်းကို အမှန်တကယ်ပင် မြတ်နိုးလှသည်။ မြက်ခင်းပြင်မှ ရရှိသည့် စိမ်းသက်သက်ရနံ့နှင့်အတူ ချစ်သူစုံတွဲများ၏ ကြည်နူးဖွယ်ရာမြင်ကွင်းများအပြင် လူငယ်တချို့၏ ဒေါင်ဒေါင်ဒင်တီးခတ်သံများပေါများသော မြင်ကွင်းလေးကို တစ်ပတ်တစ်ခါတော့ ပုံမှန်သွားကြည့်သည့် အကျင့်လေးရှိသည်။ မောင်က ဒေါင်ဒေါင်ဒင်ဒင်တီးခတ်တတ်သော လူငယ်လေးတစ်ဦးသာဖြစ်သည်။
ထိုဒေါင်ဒေါင်ဒင်ဒင်လူသားလေးသည် ကျွန်မ ထိုင်နေရာ မြက်ခင်းပြင်ဘေး ချော်လဲသွားခဲ့သတဲ့။ ဘယ်လောက်ဆန်းကြယ်လိုက်တဲ့ ကံတရားလဲ။ ထိုလူသားလေးက ကျွန်မ၏မျက်နှာကို မြင်မြင်ချင်း စွဲလမ်းသွားခဲ့သတဲ့။ တချို့သောအရာတို့သည် ဆန်းကြယ်သလောက် တချို့သောအရာတို့သည်တားမြစ်ဖို့ မေ့လျော့လွန်းလှစွာ….။
ကျွန်မ က စိတ်လှုပ်ရှားမှုများလွန်းသော မိန်းမတစ်ယောက်ဖြစ်သည်။ ဟုတ်သည်။ အသက် နှစ်ဆယ့်ရှစ်နှစ် ဆိုသည့် အသက်အရွယ်ကို မိန်းမဟူသည့် စကားလုံးအပြင် သုံးစရာတခြားစကားလုံးရှာမတွေ့ပါ။ ကျွန်မက စိတ်အပြောင်းအလဲ မြန်လွန်းသည်။ သို့သော် အချစ်၊ဘဝလက်တွဲဖေါ် စသော စကားလုံးများအတွက်မူ ကျွန်မ၏ ခံယူချက်က တစ်ခုတည်း။ ကျွန်မ ထားရှိသည့် အကွာအဝေးတွင်သာ နေပါ ဆိုသည့် ခံယူချက်တစ်ခုတည်းသာ ရှိသည်။ ကိုယ့်အနာဂတ်ကို ကိုယ်ကိုယ်တိုင် ရှာဖွေတွေ့ရှိနိုင်သည် ဆိုသည့် စကားလုံးကို ကျွန်မ ယံုံကြည်သည်။ ထို့အတူ ကျွန်မ ရွေးချယ်ထားသည့် ကျွန်မ၏ အနာဂတ်က အထီးကျန်ခြင်းသာဖြစ်မည်ဟုဆိုလျှင်..။
အထီးကျန်မှုတွေနှင့် နေသားတကျဖြစ်နေသည့် မိန်းမတစ်ယောက်ဆီမှ ထိုကောင်လေးက ချစ်ခြင်းတရားစစ်စစ်ကို လိုချင်နေခဲ့သတဲ့လေ။
သူစိမ်းဆန်ဆန်နေထိုင်တတ်သော မိန်းမတစ်ယောက်ဆီကနေ ထိုကောင်လေးက မိသားစု ဆိုတဲ့ ခေါင်းစဉ်အောက်တိုးဝင်ခွင့်ကို တောင်းပန်တိုးလျှိုးနေခဲ့သတဲ့..။
ဘဝအောင်မြင်မှုတွေကို တမျှော်တခေါ်ထမ်းပိုးထားသည့် ကောင်လေးက တစ်နေ့တော့ ကျွန်မကို စကားဆိုလာခဲ့သည်။
“မ ကို မောင် လက်ထပ်ချင်တယ်” တဲ့။ ကျွန်မမျက်နှာက အပြုံးကို ကျွန်မကိုယ်တိုင်သာ သိသည်။ ထို့အပြင် မောင်ကိုယ်တိုင်လည်း အဓိပ္ပါယ်ဖေါ်ကောင်းဖေါ်နိုင်ပါလိမ့်မည်။
“ဘာလို့ လက်ထပ်ချင်တာလဲ မောင် အကြောင်းပြချက်ပေး”
“အိုဗျာ ချစ်သူတွေ လက်ထပ်တာပဲ အကြောင်းပြချက်ပေးရမတဲ့လား..”
ခပ်ငေါ့ငေါ့မောင်ဆိုတော့ ကျွန်မ ငိုချင်စွာရယ်မိသည်။ ဒီစကားသည် မောင်နှင့် ကျွန်မအတွက် လမ်းခွဲဖို့ လမ်းဆုံဖြစ်ကြောင်း ကျွန်မ မောင်သိစေချင်လှ၏။
“မနက်ခင်း အတူတူနိုးချင်တယ် မောင်နဲ့မ အတူတူ ဘုရားသွားကျောင်းတက်နဲ့ ဖြတ်သန်းရမဲ့ ဘဝတွေကို တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်နှီးနှောချင်တယ် ဟော ခု မ ဆံပင်လေးတွေကိုလေ မ ခေါင်းလျှော်ပြီးတိုင်း မောင်က ခြောက်အောင် သုတ်ပေးချင်တယ် ပြီးတော့ အများကြီးပေါ့ မ ရယ် မိသားစု မောင်နဲ့ မ သာ ပါဝင်တဲ့ မိသားစုလေး ထူထောင်ချင်တာပေ့ါ”
မိသားစု တဲ့လား။ ဒလမှာ မိသားစု ရှိပါလျှက် ညပြန်မအိပ်ဘဲ ရုံးကဝန်ထမ်းဆောင်မှာသာ နေသည့် ကျွန်မကို မောင်နားလည်ပါ့မလားဟင်။ ပူသည်။ မိသားစု ဆိုတာ အပူ ဖြစ်သည် ဟုသာ ကျွန်မ သင်ကြားခဲ့ရသည်မဟုတ်လား။ အညာကနေ ရန်ကုန်ပြောင်းလာတော့ အထည်ကြီးပျက်မိသားစု ဟု သမုတ်ခံရသည်။ နေ့စဉ် မူးနေတတ်သော အဖေတစ်ယောက်ကို အလိုရှိသည်ဟု ကျွန်မ ပြောလျှင် မောင်ရယ်လောက်ပါသည်။
“ဒီတိုင်းလည်း နေလို့ရတာပဲကို ညတွေမှာ အတူတူမရှိတာကလွဲလို့ စနေတနင်္ဂနွေတိုင်း မောင်နဲ့မ တွေ့ရတာပဲလေ”
ကျွန်မ စကားဆုံးတော့ မောင်ပြုံးသည်။ ဒီနေရာမှာ လက်ခံပြီး ထပ်စကားမဆိုတော့ရင် သိပ်ကောင်းမှာပဲ မောင်။
“ကိုယ့်မယား ကိုယ့်ဇနီးဆိုတဲ့ ကြွားခွင့်တော့ ဘယ်ရမလဲ မ ရဲ့ ဒါ ကျွန်တော့် ချစ်သူပါခင်ဗျာဆိုတဲ့ ကြွားခွင့်လေးနဲ့တော့ မောင် မကျေနပ်နိုင်ဘူး မနဲ့မောင်နဲ့ လက်ထပ်ပြီးရင် သားသမီး၃ယောက်ပဲယူမယ် ဒါက မိသားစု အစီအစဉ် အဟားဟား ပျော်စရာကြီးနော် တစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်လောက်စီပဲခြား မနဲ့မောင်နဲ့က အဖေကြီးတွေ အမေကြီးတွေပေါ့ မောင်က စည်းကမ်းတကျနဲ့ မကြီးပြင်းလာတော့ သိပ်မလိမ္မာဘူး မောင့်ားသမီးတွေကို စည်းကမ်းတကျ စဉ်းစားတွေးခေါ်တတ်အောင်ထားမယ် ဒါဆို သူတို့ မောင့်လို သိပ်ဆိုးမှာ မဟုတ်ဘူး အတွေးနဲ့တင် ပျော်စရာကြီးနော် မ ။ မနဲ့ လက်ထပ်ပြီဆိုတာနဲ့ ဖေဖေ့အလုပ်မှာ ဝင်လုပ်ဖို့တော့ လိုအပ်လာပြီ မိသားစုအတွက်ဆိုတော့ မလုပ်ချင်တဲ့ ကုန်သည်အလုပ်လည်း လုပ်ရမှာပဲ မောင်က ငါးခြောက်အိတ်တွေနားမှာနေလို့ အနံ့စွဲနေရင် မောင့်ကို မနမ်းဘူးလို့တော့ မပြောနဲ့နော် မ”
ကဲ ခွဲခွာခြင်းလမ်းစကတော့ ရေကန်အသင့်ကြာအသင့်ဖြစ်နေခဲ့လေပြီလား။
“စဉ်းစားတာပေါ့ ခုတော့ ပြန်တော့မယ် မောင် ဒီနေ့ အမေနဲ့ အဖေ့ဆီ ပြန်လာခဲ့မယ်လို့ ပြောထားလို့”
“အင်း လိုက်ပို့မယ်လေ ဆိပ်ကမ်းထိ ”
“ရတယ် မ ဒီကနေ တက္ကစီ စီးသွားမှာ နောက်ပြီးဝင်စရာရှိသေးတာလည်းပါတယ်”
လက်ပြကျန်ခဲ့သော မောင့်ပုံရိပ်သည် ဝေဝေဝါးဝါးနိုင်လွန်းလှသည်။
(၃)
“မင်းသား ကိုက ဆိုးတာပါကွာ အလကား မိန်းမတော့ယူပြီး ေ-ာက်လုပ်ေ-ာက်ကိုင်ကျတော့ မရှိဘူး မင်းသားက ဟိုဟာနဲ့ပဲ တန်တယ်”
“တော့် ကိုစိန်းမောင် ဒီမှာ သမီးငယ်ရှိနေတယ်လေ အပြောအဆိုဆင်ခြင်ဦး”
အမေ့လက်ထဲသို့ ကြိုထည့်ထားသည့် ငွေနှစ်သိန်းပါဝင်သော စာအိတ်လေးကို ပေးလိုက်ရင်း နှုတ်ဆက်လိုက်သည်။
“အဖေ့ ကျွန်မ ပြန်တော့မယ်”
“နင့်မလဲ ယောကျ်ားက မရသေးဘူး အိမ်ခွဲနေချင်တာနဲ့သူစိမ်းကျနေတာပဲ မိစုံဖစုံရှိလျှက် အပြင်မှာ နေချင်တာ ဘာသဘောလဲလို့ တွေးကြည့်ရင်တော့ အပျက်မလိုနေချင်တာပဲ”
“ဟယ် ဒီတစ်ယောက်က လုပ်ပြန်ပြီ သွားသွား သမီးသွား နင့်အဖေ သူ့သားသူ ဒေါသထွက်နေလို့ ပြောမိပြောရာ ပြောနေတာ သွားသွား ပြန်တော့”
“နင်လာလာပေးနေတဲ့ ပိုက်ဆံနဲ့ စားနေတာမဟုတ်ဘူး မလာချင်ရင်မလာနဲ့ လာမယ်ဆိုလည်း အိမ်မှာအိပ်နိုင်မှ လာခဲ့”
ကျောခိုင်းထွက်ခဲ့သည့် အိမ်ငယ်လေးမှ ပျံ့လွင့်လာသည့် အသံစုကို မကြားချင်သော်လည်း ကြားလိုက်ရသည်။ သို့သော် ခြေအစုံကတော့ ရှေ့သို့သာ ဦးတည်လျှက်..။
------+++------
မြင်လေရာရာသည် အနောက်ဆန်သည်။ ရေနောက်နောက်ကို အားတက်သရော ဆန်တက်၍ အရှေ့ပြေးနေသော သမ္ဗာန်စက်သံသည်လည်း နောက်ကျိကျိနိုင်လွန်းလှ၏။ အိမ်မှ ပြန်လာရာလမ်းတိုင်းသည် အမြဲလိုလို ပူလောင်နေခဲ့ပါလျှက် ယနေ့ကျမှ ထူးဆန်းစွာပင် တည်ငြိမ်နေပြန်သည်။ နောက်ကျိကျိရေတွင် လက်ကို ချလိုက်မိတော့ ရေကတော့ အနည်းငယ် နွေးနေခဲ့လေသည်။ ကျန်ရစ်ခဲ့ပြီဖြစ်သော အနောက်ကမ်းကို ခေါင်းလေးလှည့်ကာ ကြည့်လိုက်မိသည်။ ဟိုးကမ်းမှာ ခုထိ ရပ်နေဆဲအရိပ်က အမေလား။ အဟင်း အမေက ဒီအချိန်ထိ ကျွန်မကို လှမ်းကြည့်မတဲ့လား။ ကိုယ့်လောဘကိုယ် လှောင်ချင်လွန်းလှစွာ ..။
“ဒါ မရဲ့ မိသားစုလေ” လို့များ မောင်နှင့် မိတ်ဆက်ပေးနိုင်ပါ့မလား။ အတွေးနှင့်အတူ ပြုံးမိတော့သည်။ မိသားစု တဲ့။ ခါးသည်။ ကျွန်မအတွက်တော့ မိသားစုသည် အပူဆန်သည်။ ပညာတတ်အဖေက အဆဲသန်သောအခါ သားသမီးတွေလည်း အဆဲသန်တာ ဆန်းသလားလေ။ ပညာတတ်အမေက အဆဲကြမ်းသောအခါ ပညာသင်သားသမီးတို့ပါ အဆဲလိုက်ကြမ်းကြပြန်သည်။ ပညာတတ်အဖေနှင့် ပညာတတ်အမေတို့၏ လင်လု၊ မယားလု ရန်ပွဲများကြား ပညာတတ်သားသမီးဆို၍ ကျွန်မတစ်ယောက်သာ ထွန်းထွန်းပေါက်ပေါက် ကျန်ခဲ့တော့သည်။
နေ့စဉ် နားထောင်ခဲ့ရသော အဖေနှင့်အမေရန်ပွဲများ၊ နေ့စဉ် ရန်ဖြစ်နေရသော အစ်ကိုနှင့်မောင်ငယ်။ အိုး ဒီအသိုက်အဝန်းကြားကနေ ရုန်းထွက်ချင်လို့ပဲ ရုံးအဆောင်မှာ နေတာမဟုတ်လား။ အိမ်မှာက အဖေနှင့်အမေ့အပြင် အစ်ကိုမိသားစုနှင့် မောင်ငယ် မိသားစုပါ ရှိသည်။ အစ်ကိုနှင့် မောင်ငယ်က မတည့်၊ ထို့အတူ ယောင်းမအချင်းချင်းက မကြည်လင်။ ထိုမိသားစု အလုံးအထွေးကြီးကြား ကျွန်မကိုယ်တိုင် မနေတတ်လို့ ရှောင်ကြဉ်နေခဲ့တာမဟုတ်လား။ ခု ကျွန်မက၊ နှင်းဝေဝေ ဆိုတဲ့ ကျွန်မက ကိုယ်ပိုင်မိသားစု ကို တည်ဆောက်မလို့တဲ့လား။
ဟင့်အင်း။
ကြောက်သည်။ ငယ်စဉ်ကလေးဘဝက ကျွန်မတွင် ယွန်းဆိုသည့် သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးသည်။ သူ့အဖေက ကုန်ထမ်းသမား တစ်ယောက်ဖြစ်ပြီး ညနေတိုင်းအရက်မူးနေတတ်သူဖြစ်သည်။ သို့သော် ယွန်းကိုမူ မည်သည့်အခါမျှ မဆူမဆဲ။ ကျောင်းသို့လည်း အမြဲအကြိုအပို့ လုပ်တတ်သူဖြစ်သည်။ ကျွန်မအတွက်တော့ ကျွန်မ၏ပညာတတ်အဖေထက် ယွန်း၏ ပညာမဲ့အဖေမျိုးကိုသာ မျှော်ကြည့်ငေးနေခဲ့ရသော နေ့များကို မေ့ထားချင်သည်။ ထိုပညာတတ်အဖေကြီး ရန်ကုန်သွားတော့မှ အဒေါ်ဖြစ်သူမိသားစုနှင့် နေခဲ့ရသည်မဟုတ်လား။ ထိုပညာတတ်အဖေကြီးသည် ကျွန်မအတွက် တန်ဖိုးရှိသလို တန်ဖိုးလည်း မဲ့သည်လေ။
ကျွန်မ ဖြေရှင်းချက်ကို မောင်နားလည်စေချင်ပါသည်။ ချစ်ခြင်းတရားကို အမောပြေရေသောက်ခြင်းဟုသာ ခံစားလိုသည်။ထို့ထက်ပို၍ မခံစားလို။ ကျွန်မအတွက်မူ အချစ်သည် ဘဝအတွက် ကူဖေါ်လောင်ဖက် မရမည်ကတော့ အသေအချာပင်။ အဖြေသိသော မေးခွန်းတချို့ မောင့်ထံသယ်ဆောင်သွားရပေဦးမည်။ အတွေးမဆုံးခင်ပင် သမ္ဗာန်သည်လည်း လိုရာကမ်းသို့ ဆိုက်ချေပြီ။ ဗိုလ်တစ်ထောင်ဘုရားတော့ ဝင်ဖူးလိုက်ဦးမည် ဟုတွေးရင်း မှတ်မှတ်ရရ မောင့်ကို သတိရမိသွားသေးသည်။ ဘုရားရောက်ပြီဆိုလျှင် မောင်က ဖုန်းတစ်လုံးနှင့် ကျွန်မ ဘုရားရှိခိုးနေပုံကို အပ်ကျမတ်ကျ မှတ်တမ်းတင်တတ်တာမဟုတ်လား။
(၄)
“မ ဒါ မောင်အလုပ်လုပ်နေတဲ့ ဆိုင်က အစ်မလေ နာမည်က ဝသုန်ဦးတဲ့”
ဘေးမှာတစ်စုံတစ်ယောက်၊ ယုတ်စွအဆုံး မိန်းမငယ်တစ်ယောက်တောင်မပါဘဲ အင်းလျားကို လမ်းလျှောက်ထွက်လာတယ်ဆိုတဲ့ မိန်းမပျိုလေးက မောင့် အလုပ်ရှင်တဲ့လား။ ထိုကောင်မလေး၏ မျက်လုံးလေးတွေသည် မောင့်ဆီမှာသာ ဝဲလည်လို့။
“အစ်မ နာမည်က နှင်းဝေဝေ ပါ ညီမလေး တွေ့ရတာ ဝမ်းသာပါတယ်”
“ရှင် အစ်မနာမည်က နှင်းဝေဝေလား ဘယ်ရာသီမှာဖြစ်ဖြစ် အစ်မသာ ဖြစ်ချင်တယ်ဆိုရင် နှင်းတွေဝေနိုင်စွမ်းရှိတာပေါ့နော်”
တီးတိုးရေရွတ်သလို ပြုလိုက်တဲ့ ဝသုန်ဦး၏ စကားသံကို နားထောင်မိရင်း ကျွန်မ ဘာပြန်ပြောရမည်မသိတော့။ ကျွန်မအတွက်တော့ အချစ် ဆိုသည့်အရာသည် ယခုအချိန်ထိ ကြောင်လေးတစ်ကောင်မွေးမြူထားသလိုသာ ဖြစ်နေဆဲဖြစ်ကြောင်း တကူးတက ရှင်းမပြလိုပါ။
“ညီမလေးနာမည်က ဝသုန်ဦး နော် တို့တွေ ရာသီတွေ လာဆုံနေကြတာပေါ့”
ကျွန်မ၏ ဟာသစကားကို မပြုံးမိနိုင်လောက်အောင်ထိ ထိုမိန်းကလေး၏ မျက်ဝန်းသည် မောင့်ဆီတွင်သာ ရစ်ဝဲနေသည်။ အင်းလျား၏ မြက်ခင်းပြင်တစ်နေရာတွင် ထိုင်ဖို့ပြင်လိုက်တော့ ထိုကောင်မလေး၏ လက်တွင် မောင်ကြိုက်တတ်သည့် နေကြာစေ့လှော်နှင့် အချဉ်ထုပ်လေးများ ရှိနေပြန်သည်။ ကိုယ့်ကိုယ်ကိုယ်သာ စိတ်တိုမိရင်း ထိုကောင်မလေးလက်ထဲမှ နေကြာစေ့ထုပ်ကိုယူကာ မောင့်အတွက် အခွံနွှာပေးမိသည်။
“ရော့ ခမ်း စားလည်းစား ပြီးတော့ ဆိုင်မှာ ဆိုနေကျ သီချင်းလေး ဆိုပြပါဦး ”
မောင့်လက်တွင်းသို့ ဇိုးဇိုးဇက်ဇက်နှင့်ထည့်လိုက်သော ထိုကောင်မလေး၏ နေကြာစေ့လေးများအား စိတ်ရှိသလို ရိုင်းလိုက်ရလျှင်ဖြင့် လွှင့်ပစ်လိုက်ချင်ပါသည်။
“ဘာ သီချင်းတုန်း ဝသုန်”
“Take me to your heart”
“အိုခေ”
သူ့ဆိုင်ရှင်နှင့် သူ့အလုပ်သမားနှင့်တော့ ဟုတ်နေသည်။ ကျွန်မက ဒီနေရာမှာ လူပိုကြီးများ ဖြစ်လေပြီလား။ ငါ အသက်ကြီးမသွားခင်မှာ မင်းလက်နဲ့ ငါ့ကို တွဲခေါ်ပါ တဲ့လား။ မည်သူက မည်သူ့ကို တောင်းဆိုနေခဲ့ပါသလဲ။ စဉ်းစားရင်းနှင့် မျက်မှောင်တို့ပင် ကျုတ်ချင်လာပြီဖြစ်သည်။
“မ ဒါ မအကြိုက်ဆုံးသီချင်းလို့ ပြောပြီး နောက်တစ်ရက်ပဲ မောင် လေ့ကျင့်ထားတာလေ မ အကြိုက် တီးတတ်ဖို့ ပေါ့”
ဟင့်အင်း။ အခု ဒီစကားတွေ နားထောင်ရမယ့်အချိန်မဟုတ်တော့ဘူး။ သူနဲ့ ကျွန်မနဲ့ ရှင်းရှင်းလင်းလင်း ပြောရတော့မယ့်အျိန်။ နောက်ပြီးတော့ သူစိမ်းတစ်ယောက်ရှိနေတယ်။
“မောင် မ တို့ အအေးဆိုင်သွားရအောင် .. နှစ်ယောက်တည်း..”
ကျွန်မစကားအဆုံး ဝသုန်ဦးဆိုသည့် ကလေးမ မျက်နှာပျက်သွားသည်ကို တွေ့ရ၏။ သို့သော်
“ရပါတယ် သွားပါ ဝသုန်လည်း ခုပဲ ပြန်တော့မှ ချိန်းထားတာလေးရှိလို့ ဝသုန့်ကိုအားမနာနဲ့နော် ခမ်း ဝသုန်သွားပြီ”
ချက်ချင်းလက်ငင်း ပြေးထွက်ကာ အငှားကားတစ်စီး ပြေးငှားသွားသော ထိုကလေးမကိုကြည့်ရင်း ကျွန်မ ပြတ်သားသင့်ပြီဆိုသည်ကိုသာ တိုး၍ သတိပေးမိရင်း..။
“ပြော မ အအေးဆိုင်သွားဦးမလား ဒီမှာပဲ ပြောမှာလား ”
ထိုကလေးမကို ငေးကြည့်နေရာမှ မောင့်ဆီက အမေးစကားကြောင့် မောင့်ဆီသို့လှည့်ကြည့်လိုက်သည်။ သို့သော် မောင့်မျက်နှာတွင် ကျွန်မ မြင်နေခဲ့ရသည်က ဝသုန့်ရဲ့ မျက်နက်ဝန်းလေးတွေလား။ မောင့်ကိုမှ မောင့်ကို ရွှန်းရွှန်းစားစားကြည့်နေသည့် မျက်နက်ဝန်းများ…။
“ဝေတို့…လမ်း..ခွဲ ရအောင် မောင်” လို့များပြောလိုက်ရင် မောင်မပျော်ပေမယ့် ဝသုန်ကတော့ ပျော်သွားမှာအမှန်။ နေကြာစေ့ကို အခွံနွှာခွင့်လေးတောင် ခွဲဝေမပေးချင်တဲ့ ကျွန်မ မောင့်ကို တစ်ဘဝလုံးစာ လမ်းခွဲနိုင်ပါ့မလားဟင်။
ကိုယ့်အတွေးနှင့်ကိုယ် ရှုပ်ယှက်ခတ်နေသည့် ကျွန်မသည် ကျွန်မရှေ့မှ လူသားလေးကိုကြည့်ရင်း သူ ဘာမေးလိုက်တာလဲ ဆိုသည့်စကားလေးကိုပင် မနည်းပြန်စဉ်းစားနေရသည်။
“မ ပြောလေ အအေးဆိုင်သွားမှာလား လို့ ဒီမှာလည်းပြောလို့ရတာပဲ ပြောလေ ဘာပြောမှာလဲ”
“ဟာ မ လက်သည်းတွေ ရှည်နေပြန်ပြီ မ က တော်တော်လက်သည်းအရှည်မြန်တာပဲ နေဦး လက်သည်းညှပ်ထုတ်လိုက်ဦးမယ် အရင်က ကိုယ့်ဘာသာ ညှပ်ပြီး ခုမှ မောင်ညှပ်ပေးမယ်ဆိုတာသိလို့ တမင်အရှည်ထားတာမဟုတ်လား ပြီးတော့ သူများတွေလို လက်သည်းနီလည်းမဆိုးဘဲနဲ့များ”
“မ ပြောလေဗျာ လက်သည်းတောင် အကုန်ညှပ်ပြီးပြီ သူက ခုထိ ဘာမှမပြောသေးဘူး”
ဟင့်အင်း။ ပြောရမှာလား၊ မပြောရဘူးလား။ ခဏနေဦး။ ဘေးကပန်းတစ်ပွင့်ခူးလိုက်ဦးမယ်။ ပြောရမလားမပြောရဘူးလားမဲခွဲဆုံးဖြတ်ပြီးမှ ပြောမယ် မောင်။ ခဏလေး၊ ခဏလေး…။
ကပြာကသီ ပန်းတစ်ပွင့်ကို ဆက်ခနဲခူးလိုက်သည့် ကျွန်မကို မောင်ကတော့ မျက်လုံးပြူးကာ ကြည့်နေခဲ့တော့သည်။ ဒီနေ့တနင်္ဂနွေဟာ ဘာရောင်လဲဟင်။ အလွမ်းရောင်လား၊ အပျော်ရောင်လား။ ပန်းလေးရေ ဖြေပေးဦး။ မပြောဘူးဆိုရင်တော့ မောင်ပြောတဲ့စကားကို ခေါင်းညိတ်လက်ခံလိုက်ရမှာနော်။ ပန်းလေးရေ ဖြေပေး၊ ဖြေပေးပါ။
“ပြောမယ် မပြောဘူး… ပြောမယ်.. မပြောဘူး.. ………………….ပြောမယ်..”
ပြောမယ်ဆိုတော့ ပြောရတော့မှာပေါ့နော်။ အိုး လက်မှာ ပွင့်ဖတ်မရှိတဲ့ အစိမ်းရောင်ရိုးတံကျန်ခဲ့သေးတယ်မဟုတ်လား။ မပြောဘူး။ ဟင့်အင်း၊ မပြောတော့ဘူးနော်..။ မ ပြော တော့ ဘူး..နော်..။
ရည်ဝေ(လင်းရောင်ခြည်)
.jpg)
No comments:
Post a Comment