(၁)
“မကြီးရယ်။ မုန့်ဖိုးလေး ၅၀…၁၀၀ လောက်ပေးပါ…သမီးထမင်းမစားရသေးလို့ပါ”
မျက်စိရှေ့ဝယ် လက်ကလေးဖြန့်ကာတောင်းနေသော ကလေးငယ်ကိုကြည့်ရင်း စိတ်ပျက်၊ စိတ်ညစ်စွာ မျက်နှာလွှဲထားမိ သည်။ ဒီဆိုင်လေးသည် အတော်ပင်ရောင်းကောင်းသော အေးဂျင့်ကုန်စုံဆိုင်လေးဖြစ်ပြီး ဆိုင်ရှေ့ဝယ် ထိုသို့သောကလေးငယ်တွေ မနက်၊ ညရှိနေတတ်သည်မှာ စိတ်ပျက်ဖွယ်ရာပင်။ အခုနောက်ပိုင်း ပို ပိုစိတ်ညစ်ဖွယ်ရာကောင်းလာသည်က အရင်ထက် ပိုမိုရဲတင်း ကာ အင်္ကျီအစကို လက်နှင့်ဆွဲ၍ တောင်းတတ်ခြင်းပင်။ သူမ ထိုသို့သောကလေးငယ်တွေကို မုန့်ဖိုးပေးလေ့ မရှိပါ။ အကျင့်ပါသွား မှာစိုး၍ပင်။ မနက်ခင်းဈေးသွားချိန်ဝယ် ထိုသို့သော နွမ်းပါးသည့်ကလေးငယ်များ ပန်းရောင်းတတ်သည်။ ထိုအချိန်တွင်တော့ အားပါး တရကိုဝယ်ယူလိုက်သည်။
တစ်ခေါက် လမ်းရှေ့ဝယ် အမှိုက်ကောက်နေသော ကလေးတစ်ချို့ကိုခေါ်ကာ အဝတ်အစားပေးဖူးသည်။ သို့သော် သူတို့ တစ်ဆင့်တက်မေးသည်က သူမ တူမလေးစီးနေသောဖိနပ်လေးကိုပါ ပေးလို့မရဘူးလားဟင်..ဆိုတော့… ပေးတော့ပေးဖြစ်ပါသည်။ နောက်တစ်ခါခေါ်ဖို့တော့ စိတ်မကူးမိတော့။
“မကြီးဆန်က၁၅၀၀၊ ကြက်ဥက ၅လုံး ၆၀၀ အားလုံးပေါင်း ၂၁၀၀ ပါ”
ငွေ ၂၁၀၀ကို ထုတ်ပေးရင်း စိတ်ချမ်းသာစွာ ထွက်လာခဲ့သည်။ ဘာပဲပြောပြော ထိုကလေးငယ်တို့ကို မြင်ရခြင်းမှလွတ်လပ် လာခဲ့ပြီ မဟုတ်လား။
(၂)
“မကြီးရယ် ထမင်းဖိုးလေး… ဟင်းဖိုးလေးများပေးခဲ့ပါ”
နားတို့ကို တင်းကျပ်စွာ ပိတ်ထားလိုက်ချင်မိသည်။ ဒီကလေးငယ်တွေ နေရာတိုင်းမှာရှိနေသည်လား။ မြို့ထဲသို့ အသွားက တည်းက ကြားခဲ့ရသည့် ဒီအသံက မှတ်တိုင်တိုင်းနီးပါးမှာ။ အခုအပြန်တွင်လည်း မရပ်နိုင်သေး။ ထူးဆန်းတာက သူတို့ဘေးနားဝယ် သူတို့နှင့် ပုံစံတူ မိန်းကလေးတစ်ယောက်ရှိနေခြင်းပင်။ မိန်းကလေးဟုဆိုရခြင်းကတော့ အသက်မှန်းကြည့်ရလျှင် ၂၅ ဝန်းကျင်တော့ ရှိမည်သာ။ သူမဘေးနားမှာတော့ ကလေးမလေးတွေ ရှိနေသေးသည်သာ။ ငါးနှစ်အရွယ်ကလေးမလေးတွေ နှစ်ယောက်ရယ်၊ဒီကြား ထဲ ရင်ခွင်ပိုက်တစ်ယောက်ရယ်၊ နောက် စူပုံ့နေသော ဗိုက်ကလေးက သိသာနေစေသည်မှာ နောက်တစ်ယောက်ဟု၊ သက်ပြင်း အသာအယာချလိုက်မိသည်။
“အဲဒီမိန်းခလေးက ဒီနားမှာ အမြဲရှိနေကျပဲလေ။ ဒီနားမှာနေတဲ့ ကျွန်မအသိပြောတာကတော့ ကလေးမလေးတွေ အမေတဲ့။ တောင်းစားခိုင်းထားတာလို့ပြောတာပဲ။ ပိုက်ဆံရရင်လည်း သူသာအဝအပြဲစားတာတဲ့တော့။ ကလေးလေးတွေကိုကျတော့ သူစားပြီး မှ ကျွေးတာတဲ့”
ရင်ထဲတွင် နင့်ခနဲ။ ဘေးနားက အဒေါ်ကြီးနှစ်ယောက်ပြောသော စကားသံ။ မကြားချင်။ မသိချင်။ ဒီလိုဖြစ်ရပ်မျိုးမြောက်များ စွာရှိမှန်းသိသော်ငြား မျက်စိရှေ့ဝယ် မတွေ့ချင်ပါ။ ကြည့်လိုက်ပါဦး။ ကျောင်းနေအရွယ်လေးတွေ။ မိဘဆိုတာကို လက်ညိုးလေးထိုး ရွေးခွင့်ရခဲ့ကြရင်ဖြင့် ဘယ်လောက်တောင် ကောင်းလိုက်လေမလဲ။
(၃)
မိသောင်းကိုချစ်ကြည်သနားစွာ ကြည့်နေမိသည်။ အဝက်အစားပေးတိုင်းလည်း ကျေးဇူးတင်ပါတယ် … ဟုအထပ်ထပ်ပြော ကာယူတတ်သူ မိသောင်း။ ပါးစပ်ကလည်း စိုင်းစိုင်းခမ်းလှိုင်၏ တောဂေါ်လီဆိုသည့် သီချင်းကိုအဆက်မပြက် အော်ကြီးဟစ်ကျယ် ရွတ်တတ်သူ။
“အားလုံးတက်ကြ ငါ့ထော်လာဂျီ … ငါ့ကို မိန်းခလေးများအော့ကြောလန်သည် … ရွာမြောက်ဘက်ပိုင်းကတော့ သိပ်မကြည် ငါ့နာမည်က … တောဂေါ်လီ”
အခုလည်း ဒီသီချင်းပဲရွတ်ကာ ထွက်သွားပြန်ပါသည်။ ခန္ဓာကိုယ်လေး လှုပ်တုပ်လှုပ်တုပ်နှင့်။ သနပ်ခါးလေးအဖွေးသားနှင့် မိသောင်းရုပ်လေးကလည်း သန့်သည်။ သို့သော်ငြား ဘဝကံအကျိုးပေးကြောင့်လား မသိ။ စိတ်လေးက မနှံ့ရှာ။ မိဘမောင်ဖွားရယ် လည်း မရှိရှာဖူးထင်ပါရဲ့။ ဒီလိုပဲ အရပ်တကာလှည့်သွားနေသလားကွယ် … စိတ်ထဲမသက်မသာတွေးမိရင်း သက်ပြင်းမောတစ်ချက် ချမိလိုက်သည်။
(၄)
ဟောတော် … မြင်နေရတဲ့ မြင်ကွင်းက မယုံနိုင်စွာ။ မိသောင်း … ကလေးတစ်ယောက်နှင့်။ သူ့ကလေးမှန်းသိသာစွာ သူနှင့် ရုပ်ချင်းဆင်စွာပဲ အသားဝါဝါချောချောလေး။ မိသောင်းပျောက်သွားတာတော့ အတော်ကြာပါပြီ။ တစ်နှစ်ကျော်လောက်တော့ ရှိမည် ရယ်ပေါ့။ အခုတော့ ကလေးတစ်ယောက်နှင့် ပြန်ပေါ်လာပြီ။ ဘယ်လိုမကောင်းတဲ့ လူ့မိစ္ဆာလည်းကွယ်။ နှမချင်း မစာနာ။ အကျိုး အကြောင်းကို အသေအချာ မသိရသော်ငြား၊ မိသောင်းထံက မေးမရသော်ငြား တွေးကြည့်ရုံနှင့် သိသာပါသည်။
“အို … မပေးဘူး … မပေးဘူး … မပေးနိုင်ပါဘူး … တော်လိုချင်ရင် တော့်မိန်းမကို ကျုပ်လိုမျိုး ဇရပ်မှာအိပ်ခိုင်းပါလားတော့။ ဒါ ဇရပ်စောင့်နတ်ကြီးက ကျုပ်ကို … ပေးတာ။ ဘယ်သူ့မှ မပေးနိုင်ပါဘူး ... သွား ကျုပ်သားလေးနားကပ်မလာကြနဲ့”
ရယ်ဖို့ရာစကားလို့ပင် မသတ်မှတ်နိုင်ကြ။ မိသောင်းကို ကလေးပေးမလားဆိုပြီး စနေသည့် ဘေးအိမ်က လင်မယားနှစ် ယောက်ပင် မိသောင်းကိုကြည့်ပြီး ငိုင်သွားလိုက်ကြတာ။ သူမ ရင်ထဲလည်း နင့်ခနဲ။ မိသောင်းရယ် … ဟုပင် ရေရွတ်လိုက်မိ၏။ ထို့ နောက် မိသောင်းကို လင်မယားနှစ်ယောက်ကလိုက်ချော့ကာ ကလေးဖို့ ပစ္စည်းတစ်ချို့ ပေးနေတာတွေ့ရတော့မှ သူမလည်း သတိ ရစွာ မိသောင်းကို ဘာပေးရမလဲဟု အဝတ်အစားတစ်ချို့ ထုတ်ကြည့်မိပြန်ပါသည်လေ။
“ဟဲ့ မိသောင်း ထောလာတယ်ပေါ့”
“မထောပါဘူး အစ်မရယ်။ သူတို့ကပေးတာနဲ့ မတန်အောင် ကျွန်မ သားလေးကို တောင်းကြတယ်လေ။ ကျွန်မကလည်း မပေးနိုင်ပါဘူး။ အစ်မလည်းမတောင်းရဘူးနော်။ တောင်းရင် အစ်မကိုလည်း မခေါ်တော့ဘူး”
“အေးပါအေ … အေးပါ … မတောင်းပါဘူး။ ရော့ … ဒါကညည်းဖို့ … ဒါကညအိပ်ရင် ခြုံဖို့စောင်”
(၅)
ပျော်ရွှင်စွာထွက်သွားသော မိသောင်းလေးကိုကြည့်ရင်း သူမလည်း အိမ်ထဲသို့ ပြန်အဝင် တစ်ဖက်အိမ်သို့ ပြန်ကြည့်လိုက် တော့ သူမလိုပင် မိသောင်းကိုငေးကြည့်နေဆဲလင်မယားနှစ်ယောက်။ အကြည့်ချင်းဆုံသွားဖြစ်ကြတော့ တစ်ယောက်နှင့်တစ်ယောက် နားလည်စွာဖြင့်။ မိသောင်းအတွက် ခံစားချက်တို့ကိုယ်စီကို အသီးသီး ထုတ်ပြောစရာမလိုပါပဲ ဖလှယ်လိုက်မိကြသည်။ ဒီနောက်ပိုင်း လာတိုင်း မအေနှင့်သား သနပ်ခါးအဖွေးသားဖြင့်။ သူ့သားလေးရင်ခွင်ပိုက်လေးကိုဖြင့် မိသောင်း ဘယ်လောက်ချစ်မှန်းသိသာသည်။ အခုတော့ ရင်ခွင်ပိုက်လေးလည်း လမ်းစမ်းလျှောက်နေချေပြီ။ တစ်နှစ် မကျော့်တကျော်ဆိုတော့လည်း လမ်းလျှောက်သင်နေချေပြီ ပေါ့။ မိသောင်းကိုလည်း မေမေ ... မေမေနှင့် မပီကလာပြောသည်ကို ဒေါ်မိသောင်းက သူမတို့နားရောက်တိုင်း ကြွားနေကျ။ ကလေး လိုချင်သည့် ဘေးအိမ်ကလင်မယားရှေ့မှာ သူ့သားလေးကို လမ်းလျှောက်သင်ပြနေကျ။
သူမ ပေးထားသည့် အဝတ်အစားတို့ကို မိသောင်းဝတ်သော်လည်း ကလေးအတွက်မူ ဘယ်လိုစုသည်မသိ။ အဝတ်အစား သစ်တို့ဖြင့်။ ကလေးချစ်သူများက ဝယ်ပေးသည် ထင်ပါရဲ့။ တကယ်တမ်းတွေးကြည့်လျှင်တော့ ကလေးရှေ့ရေးအတွက် ရင်လေး စရာ။ ဒါပေမဲ့လည်း သားအမိနှစ်ဦး လောလောဆယ်တော့ အဆင်ပြေနေကြသည်။ မိသောင်းမလာတာ တော်တော်ကြာသွားပြီ။ သူမ တို့ တစ်လမ်းလုံးနီးပါးလည်း မိသောင်းကိုသတိရစွာ။
(၆)
သူငယ်ချင်းက သူ့မြေကွက်ကိုပြရန် ဒီရပ်ကွက်လေးဘက်သို့ ခေါ်လာခြင်းပင်။ နည်းနည်းတော့ ချောင်ကျပါသည်။ သူမမှာ ငွေပိုငွေလျှံလေးရှိတုန်း ဝယ်ရင်ကောင်းမလား စဉ်းစားကြည့်ပြီး လိုက်ကြည့်ခြင်းသာ။ ချောင်ကျလွန်းသည့်အပြင် လမ်းကလည်း အနည်းငယ် ဆိုးသေးသည်။ ဈေးသက်သာသည်ဆိုသော်ငြား ဒါတော့ မလိုချင်ပါ။
“ဒီမြေကွက်ဆို အမေကြိုက်မှာမဟုက်ဘူးဟ” ပြောရင်း ရုတ်တရက် မြင်လိုက်ရသည့်မြင်ကွင်းက သူမ၏ အာရုံတို့ကို ထိန်း ချုပ်သွားသည်။ မြင်ကွင်းကို အသေအချာ စူးစိုက်ကြည့်မိတော့ မိသောင်း … သူမ ထိုင်ရှိခိုးရင်းဆုတောင်းနေသည်က ဇရပ်ငယ်တစ်ခု။
“နတ်မင်းကြီးရယ် ကျွန်မသားလေးကို ပြန်ပေးပါရှင်”
လက်အုပ်လေးချီ ဆုတောင်းနေသည့် မိသောင်း။ အသားအရည်တွေ မွဲခြောက်လို့။ မြင်မြင်ချင်းမမှတ်မိနိုင်အောင်ထိပြောင်း လဲနေလိုက်တာ။ သူငယ်ချင်းက
“သွားအောင်လေ” ဟုခေါ်နေသည်ကိုပင် လက်ကာပြရင်း တွေ့ရာဆိုင်ဝင်ကာ မုန့်ဝယ်ရင်းမေးကြည့်မိတော့…
“လွန်ခဲ့တဲ့သုံးရက်ကသူ့ကလေးအခိုးခံလိုက်ရလို့လေ…”
“ရှင်”
“သူက စိတ်ကသာ မနှံ့တာ သူ့သားလေးကို အရမ်းချစ်တာ”
“အော် … အစ်မရယ် ကိုယ့်သွေးသားကိုး။ ချစ်ရှာမှာပေါ့”
“အဲဒါ ပျောက်တဲ့နေ့ကရော မနေ့ကရော ထိုင်ပြီးဆုတောင်းနေတာလေ။ ဒီနေ့လည်း မနက် မျက်လုံးနှစ်လုံးပွင့်ပြီဆိုတာနဲ့ ထိုင်ဆုတောင်းတော့တာပဲ။ လူတွေကလည်းကွယ် … တော်တော်တရားမဲ့နေကြတယ်။ မိဘမေတ္တာကိုမှ မစာနာ၊မညှာတာ ကလေးခိုး သွားရတယ်လို့ ဝဋ်လိုက်မှာမကြောက်ဘူးလားမသိ”
“အင်း” ကြားရသည့်စကားတို့ကြား မသက်မသာ လေပူတစ်ချက်မှုတ်ထုတ်ရင်း အိမ်ပြန်ခဲ့မိသော်လည်း စိတ်အစဉ်ကတော့ မိသောင်းအကြောင်းသာ တဝဲလည်လည်။
(၇)
မိသောင်း အရင်လို မဟုက်တော့ပြီ။ သူမတို့ဘက် ရောက်တိုင်းလည်း အရင်လိုခေါ်တိုင်း မဝင်တော့။ လမ်းတစ်လျှောက်သာ တစ်စိုက်မတ်မတ်သွားလို့။ မိသောင်းရှေ့ဝယ် တစ်နှစ်ကျော်ကလေးများတွေ့လို့ကတော့ မိသောင်းအပြေးသွားချေပြီ။ သူ့သားလေး မှတ်ထင်ကာ လက်ကို အတင်းဆွဲထားတတ်သည့် မိသောင်းကိုကြည့်ကာ ကလေးငယ်မှာ ကြောက်လို့။ မိသောင်း၏သားငယ် ဘယ် နေရာမှာများ ရောက်နေမလဲ။ သိခွင့်ရှိမည်ဆိုလျှင် သိစမ်းချင်ပါသည်။ မိသောင်းအတွက် ရှာပေးချင်လှပါသည်။ အခုတော့ မိသောင်း ခမျာ ……………
“မကြီးရယ် ထမင်းဖိုးလေး ဟင်းဖိုးလေးများ စွန့်ကြဲခဲ့ပါ။ သမီး မောင်လေး ထမင်းမစားရသေးလို့ပါ”
မှတ်တိုင်နားသည့်ခဏဝယ် ကြားရသည့်အသံတို့ကြောင့် ပြတင်းပေါက်မှတစ်ဆင့် ထိုကလေးငယ်တို့ကို အသေအချာလိုက် ကြည့်ရင်း ရှာနေမိသည်က မိသောင်းသားလေးများ ပါလာမလားရယ်လို့။ ကလေးတစ်ချို့ ဖမ်းခံထိပြီး တောင်းစားခိုင်းတတ်တာမျိုးကို ကြားဖူးသည်မို့ပင်။ ထိုသို့ရှာမိရင်း လက်ကလည်း အကြွေစတစ်ချို့ ထုတ်ပြီးသား ဖြစ်သွားပြီ။ မိဘဆိုတာကို ရွေးချယ်ခွင့် မရသည့် ကလေးငယ်တို့အတွက် သူမ ဒီငွေအကြွေစလေး ထုတ်ပေးလိုက်ရသည်မှာ ဘာမျှဖြစ်မသွားနိုင်ပါ။ ကလေးတို့အတွက်မူ …
သက်ပြင်းတစ်ချက်ချရင်း သူတို့၏ မိခင်ဟုထင်ရသူထံ လှမ်းကြည့်မိတော့ ပြုံးနေသည့်အပြုံးမှာ မသတီစရာ။အဲ ... ဟိုဘက် ကားလမ်းမှာမိသောင်းရယ်။ တစ်နှစ်ကျော်နှစ်နှစ်နီးပါးအရွယ် ကလေးတစ်ယောက်၏ လက်ကိုအတင်းဆွဲထားလေရဲ့။ကလေး၏အမေ ဖြစ်ဟန်တူသူက မိသောင်း၏ လက်ကိုဇွတ်အတင်းခွါချနေသည်။ သက်ပြင်းတစ်ချက်ချမိလိုက်ပြန်ပါသည်။
ဒီချိန်ဆို မိသောင်းရဲ့ကလေး လေးနှစ်လောက် ရှိပြီပေါ့။ မိသောင်းရယ် …ကံအကြွေးတွေ ဒီဘဝမှာကုန်အောင်ဆပ်ပြီး နောင် ဘဝကျရင် ပြည့်စုံကုံလုံ ငြိမ်းချမ်းတဲ့ဘဝလေးနဲ့ မွေးဖွားလာနိုင်ပါစေကွယ်။ ဉာဏ်ပညာလေးလည်း ထွန်းတောက်ပြီးတော့ပေါ့။ လူ တင်ပြီးသည့် ကားကြီးကလည်း ဝူးခနဲမောင်းအထွက် … မိသောင်းဆီကအကြည့်တို့ပြန်လွှဲကာ ခုံမှာထိုင်ချရင်း မျက်လုံးတို့မှိတ်လိုက် မိပါပြီ။ နောက်ထပ်မှတ်တိုင်တွေမှာ ကြားရဦးမည့် အသံတစ်ချို့အတွက် ငွေအကြွေစတို့ကိုလည်း လက်ထဲမှာ ဆုပ်ကိုင်ထားရင်း …
ရည်ဝေ(လင်းရောင်ခြည်)

No comments:
Post a Comment