နွားတစ်ကောင် ရောင်းရန်ရှိသည်။ နွားတွေ ဘယ်ဈေးရှိနေပြီလဲ။ နွားတွေဟာ ရောင်းကုန်အဖြစ်မွေးဖွားလာတဲ့အကြောင်း သူတို့ကိုယ်သူတို့မှ သိပါလေစ။ ကြောင်အိမ်တံခါးပွင့်နေသည်။ ငါးကြော်များ ပျောက်သွားသည်။ ကြောင်အိမ်ထဲကြောင်သူခိုးဝင်သည်မှာ သိပ်တော့မဆန်းဟုထင်ပါသည်။ သို့သော် နွားတင်းကုပ်ထဲ နွားသူခိုးဝင်လာသည်က ဆန်း၏။ မြောင်းတကာနွား ချောက်နွား သံလျင်နွား နွားများ နေရာပေါင်းစုံတွင်တည်ရှိနေကြသည်။ ကိုယ့်အသက်မွေးဝမ်းကျောင်းစရာမလိုပါဘဲနှင့် မြက်ကလေးစားရုံမျှပြည့်တတ်သည့်ဗိုက်ကိုပင် လူများစွာ၏ အမြတ်ထုတ်စေခိုင်းခြင်းခံနေရသည်။ ။ ထိုသို့အမြတ်ထုတ်စေခိုင်းပြီးနောက် ဆက်လက်၍အကုသိုလ်ပွားများစေရန် ထပ်မံရောင်းရသေးသည်။ နွားသူခိုးများကား အံ့ဖွယ်ရာတည်း။ အဆိုးဝါးဆုံးအကုသိုလ်ကို မျှဝခံယူရဲသည့်သတ္တိရှိသူများတည်း။ စကားမစပ် နွားတကောင်ရောင်းရန်ရှိပါသည်။
နွားပြာကြီးအောက်သွားမရှိသလို၊ နွားအဖြစ်ခံ၊ လှည်းကျိုးထမ်း စသည့်နွားနှင့်ပတ်သတ်သော ပုံခိုင်းများ မကြာခဏကြားဖူးပါ၏။ သမီးတစ်ကောင် နွားတစိထောင်ဆိုသည့်စကားပုံလည်း ရှိပါသေးသည်။ ခေတ်ကာလ ရွေ့လျားနေသည်မှာ ရာစုနှစ်မကတော့ဖြစ်ဖြစ်သဖြင့် ယခုကာလတွင် သမီးတစ်ကောင်နွားတစိထောင်ဆိုသည့်စကားပုံသည် အောက်သက်သက်အနံ့နံ့နေပြီဖြစ်သည်မို့ သမီးတစ်ကောင် ခွေးရူးတစ်ထောင် ဆိုသည့်စကားပုံမျိုး ပြောင်းလဲသင့်ပြီထင်ပါ၏။ နွားဆိုသည်မှာ မြက်စားသည်ဟု လူတိုင်းထင်ကြ၏။ မြက်မစားသည့် နွားမျိုးနွယ်လည်း ရှိပါသေးသည်။ ၎င်းတို့သည့် ရောင်းကုန်အဖြစ် မွေးဖွားလာသည်မ ဟုတ်သော်ငြား ကိုယ့်ကိုယ်ကိုယ် အလှဆင်နေကြသည်။ ထို့ထက်ဆိုးသည်ကား နွားများနှင့်ထပ်တူညီစွာ အောက်သွားမရှိခြင်းတည်း။
ဆက်လက်၍ဆိုရပေဦးမည်။ ရောင်းရန်နွားတစ်ကောင်ရှိပါသည်။
ပြောရင်းဆိုရင်းပင် နောက်ထပ်စကားပုံတစ်ခု သတိရမိပြန်ပါပြီ။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက် ဆိုသည့်စကားပုံတည်း။ ထိုစကားပုံသည်လည်း နွားကို ဆိုလိုသည်လား။ လူသားယောကျ်ား၏ မကုန်မခန်းနိုင်သောစိတ်လိုအင်ကိုဆိုလိုသည်လားသေချာမမှတ်မိ။ မှတ်မိလျှင်တော့ ထိုစကားပုံနှင့်ပတ်သတ်၍ ပြောင်းလဲသင့်သည့်စကားပုံကိုပြောရဦးပေမည်။ နွားထဲတွင်ပင်ဘဝက လူများအဆင့်အတန်းခွဲသလိုပင် အဆင့်အတန်းများစွာ ရှိပြန်ချေသေးသည်။ သို့သော် တဏှာစိတ်မွှန်ပြီဆိုလျှင်တော့ အဆင့်အတန်းမရှိတော့ပဲ ၎င်းတို့ကျက်စားလေ့ရှိသည့်အတိုင်း ပြုမှု ကျင့်သုံးကြလေသည်သာဖြစ်သည်။
နွားကိုသတ်လျှင် ငရဲကြီးသည်ဟု လူအများကဆိုတတ်ကြသည်။ နွားသည် ကျေးဇူးရှင်ဟု လူအများက သတ်မှတ်ကြသည်။ လူအများသည် နွား၏အသားကို ကြိုက်တတ်ကြသည်။ တလောက မြင်ခဲ့ဖူးသော မြင်ကွင်းတစ်ခုကို ပြန်လည်လက်ဆင့်ကမ်းချင်ပါသည်။ တောင်ကုန်းတစ်ခုထက်တွင် ရထားလမ်းဖေါက်ထားပါသည်။ ပိုင်ရှင်မဲ့နွားတစ်ကောင်သည် ထိုရထားလမ်းကြောင့်ပင် ချော်လဲကာ တောင်အောက်သို့ကျ၍ ဒဏ်ရာအလိမ်းလိမ်းသွေးအလိမ်းလိမ်းဖြင့် သစ်နှစ်ပင်ကြားတွင် ညပ်နေလေသည်။ ပွင့်နေသော မျက်လုံးများနှင့် တစ်ချက်တစ်ချက် တုန်သွားသော ခန္ဓာကိုယ်အရ နွားကြီးမသေသေးမှန်းသိရလေ၏ ထိုနွားကြီးလိမ့်ကျရာနှင့်မလှမ်းမကမ်းတွင် ပျံကျရပ်ကွက်လေးရှိလေသည်။ လူအများစုသည် နွားကြီးလိမ့်ကျသွားမှုကို စုတ်တသပ်သပ်နှင့် ကြည့်ရှုလျှက်ရှိခိုက် လူတစ်ယောက်သည် ဓါးတစ်ချောင်း ကိုင်လျှက် နွားကြီးရှိရာသို့ သွားသည်ကိုတွေ့ရ၏။ ထိုလူ၏ လက်လွှဲလိုက်မှုနှင့်အတူ ညပ်နေသောသစ်ပင်များ ပြိုကျသွားမည်ကို တွေး၍ ကပျာကယာနေရာပြောင်းလိုက်သော ကျွန်တော့်အတွက် ကံကောင်းမှုမှာ ထိုအခြင်းအရာကိုမတွေ့လိုက်ခြင်းပင်ဖြစ်သည်။ ဟုတ်ပါသည်။ မသေမရှင်ဖြစ်နေသော နွားကြီး၏ ခြေတစ်ဖက်ကို ပေါင်ရင်းမှလှီးဖျက်သွားခြင်းပင်ဖြစ်သည်။ ထိုလူ့ကိုတားရန်အနီးအပါးရှိလူအများသို့အကူအညီတောင်းဖို့ ကြည့်ခိုက်မှာပင် ထိုလူအုပ်သည် နွားကြီးရှိရာသို့ ရောက်လာလေသည်။ သူတို့၏ မျက်လုံးများဝင်းဝင်းတောက်နေသည်ကို ကျွန်တော်မြင်ရပါ၏။ ထိုလူ့ကိုအန္ထရာယ်ပြုတော့မည်အထင်နှင့် ထိတ်လန့်ခဲ့သော်လည်း လူစု၏ ဦးတည်ရာကား နွားကြီးထံသို့သာဖြစ်၏။ ထို့နောက် မသေမရှင်ညည်းတွားနေသော နွားကြီးကို တပိုင်းတစစီ ဦးရာလူဖျက်ကြကာ အသားစိုင်များသယ်သွားကြလေသည်။ မှန်ပါသည်။ ကျွန်တော်၏လက်ထဲတွင် ပထမဦးဆုံးအသားဖျက်သူ ပေးခဲ့သည် အသားတစ်ပိုင်းရှိပါသည်။
ဆိုလက်စစကားအတိုင်းဆိုရပေဦးမည်။
ကျွန်တော့်တွင် နွားတစ်ကောင်ရောင်းဖို့ရှိပါသည်။ ခိုင်းနွားတစ်ကောင်၏ တာဝန်မထမ်းဆောင်နိုင်တော့သော နွားတစ်ကောင်ကို ရောင်းသူရှိ၍ ဝယ်သူများလည်း ရှိတတ်ကြစမြဲဖြစ်ပါသည်။
ထိုနွားသည် နွားသူခိုးများကို ချိုနဲ့ခတ်ဖူး၏ ကျွန်တော့်ဘဝကို အချိန်များစွာအဖေါ်ပြုခဲ့သလို တာဝန်များစွာကျေခဲ့၏။ သို့သော် ကျွန်တော်က လူဖြစ်သည်။ ထို့အတွက် ကျွန်တော့်မှာ ရောင်းစရာနွားတစ်ကောင်ရှိပါသည်။
ရည်ဝေ လင်းရောင်ခြည်
.jpg)
No comments:
Post a Comment