(၁)
သူ လမ်းလျှောက်နေသည်။ မည်သည့်နေရာဟူ၍ ဦးတည်လျှောက်နေခြင်းမဟုတ်ပါဘဲ လမ်းလျှောက်နေခြင်းသက်သက်သာ ဖြစ်သည်။ ထူးဆန်းသည်က သူ့စိတ်တွင် ရှိသည့် တစ်ခုတည်းသောအတွေးမှာ “သူသည် မကြည်ပြာ မဟုတ်” ဟူသည့် အတွေးသာဖြစ်၏။
လမ်းဘေးဝဲယာသို့ကြည့်ရင်းကပင် ပါးလျတိုးသက်သည့် ခေါ်သံတစ်ခုကို ကြားလိုက်ရသလိုရှိသည်။ သူ့ကို ခေါ်သည်လား။ မကြည်ပြာကို ခေါ်သည်လား။ သူကိုယ်တိုင်ပင် ဝေခွဲမရ။
“မကြည်ပြာ…”
“မကြည်ပြာ…”
ငြင်းဆန်ဖို့ရာအတွက် ခေါင်းခါလိုက်သော်လည်း ထိုမိန်းကလေးအတွက် အသုံးမဝင်။ မကြည်ပြာ ဟုသာ တတွတ်တွတ်ခေါ်နေသည်မို့ နှုတ်ခမ်းမှ ပြောလိုက်မိသည်။
“ကျွန်မ မကြည်ပြာ မဟုတ်ဘူး...”
အိုး.......။ တဖြည်းဖြည်း ထုံကျင်လာသည့် လျှာသည် ထွက်လိုသည့်အသံထွက်မလာတော့။ တောင့်တင်းကာ ထူအမ်းနေသည့် လျှာဆီမှ သူ ဘာကိုများ မျှော်လင့်နေခဲ့ပါလိမ့်။ သူက မကြည်ပြာ မဟုတ်ဘူးဆိုသည့် ငြင်းချက်ကိုများ ထုတ်ချင်နေတုန်းတဲ့လား။ ခေါင်းကို ခါယမ်းပြသည့်တိုင်၊ မျက်နှာကို လှည့်ပြသည့်တိုင် မကြည်ပြာဟု အမြင်မှားနေဆဲ သည်မိန်းကလေးကို ပါးစပ်မှ အသံထွက်လာ၍ကော ငြင်းလို့ရမည်တဲ့လား။
ရှေ့တည့်တည့်ဆီတွင်ရပ်နေသည့် မနှင်းဆီကို သူ စိတ်ပျက်စွာ ကြည့်လိုက်မိသည်။ ထို့နောက် ချာခနဲ လှည့်ကာ ပြေးလိုက်မိတော့၏။
နေပါဦး။ သူ့နာမည် မနှင်းဆီ ဆိုတာကို ငါဘယ်လိုသိတာပါလိမ့်။
မေးကားမေး၏။ အဖြေကား ပေါ်မလာ။ ခြေအစုံကတော့ ပြေးဆဲ။
“မကြည်ပြာ မကြည်ပြာ နင်ငါ့ကို အထင်လွဲနေတုန်းပဲလား ငါရှင်းပြပါရစေ.. ငါရှင်းပြပါရစေ မကြည်ပြာ”
နောက်နားဆီမှ တတွတ်တွတ်ရွတ်နေသည့် အသံတို့ ပျောက်ရှသွားသည်အထိ သူ ပြေးလိုက်မိ၏။ ခြေအစုံကို ရပ်၍ ပတ်ဝန်းကျင်ကို သတိထားလိုက်မိစဉ်မှာတော့ သူသည် ခန်းမတစ်ခုရှေ့သို့ရောက်နေပြီဖြစ်သည်။ အရှေ့တွင် စင်မြင့်တစ်ခုရှိ၍ လူတစ်ယောက်က မာန်ပါပါဖြင့်ပြောကြားနေသည်ကို စင်အောက်ရှိ စားပွဲဝိုင်းမှ လူအများသည် လက်ခုပ်တဖြောင်းဖြောင်းတီးကာ နားထောင်နေကြခြင်းဖြစ်၏။
သူသည်လည်း ခန်းမအလယ်တည့်တည့်ရှိ ခုံအလွတ်တစ်လုံးတွင်ဝင်ထိုင်ကာ နားထောင်လိုက်မိသည်။
“ဒီခန်းမက ဘာဟောပြောပွဲလဲဟင်”
သူ့စကားသံကို သူကိုယ်တိုင်ကြားရပါလျှက် တစ်စုံတစ်ယောက်ကမျှ ကြားသည့်ဟန်မပြုကြ။ စင်မြင့်ဆီသို့သာ ငေးစိုက်ကြည့်နေကြသည်မို့ သူလည်း မေးဖို့ လက်လျှော့လိုက်ရ၏။ အိုး ဒါဆို သူစကားပြောနိုင်တာပေါ့။ ဒါဆို လျှာတစ်ချောင်းလုံး ထုံကျင်ထူအမ်းလာခြင်းသည် ဘယ်ချိန်မှာဖြစ်ပါလိမ့်ဟု တွေးလိုက်မိရင်းက မျက်မှောင်ကျုံ့လိုက်မိသည်။ စင်မြင့်ထက်မှ လူကတော့ နှုတ်မှ တရစပ်ပြောကာ မျက်လုံးအစုံက ခန်းမအတွင်း ဟိုသည်ဖြန့်ကျက်နေ၏။
“ပြောရမယ် ဆိုရင် ကျွန်တော်တို့ လူမှုပါတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေ အများကြီး တွေ့ရပါလိမ့်မယ်။ တစ်နေရာရာကို သွားပြီဆိုရင် ဒီနေရာကို ငါရောက်ဖူးတယ် ဆိုတဲ့ ခံစားချက်မျိုးရှိတတ်တာမျိုး၊ တစ်စုံတစ်ယောက်နဲ့ မိတ်ဆက်ပြီဆိုရင် ဒီအချိန်မတိုင်ခင်ကလည်း ဒီလိုမိတ်ဆက်ပေးမှုမျိုးကို ကြုံဖူးတယ်ဆိုတဲ့ ခံစားချက်မျိုး …”
ရုတ်ခြည်းတိတ်ဆိတ်သွားမှုကြောင့် စင်မြင့်ထက်ကို လှမ်းကြည့်လိုက်မိသည်။
“မကြည်ပြာ…”
အိုး သူ့ကို တည့်တည့်စိုက်ကြည့်ကာ ခေါ်လိုက်သည့် စင်မြင့်ထက်မှ လူကြောင့် သူ့နှုတ်ခမ်းတို့ ထုံကျင်လာပြန်ပါပြီ။ သည်တစ်ခါလည်း ငြင်းရခက်သည့်အနေအထားသို့ ကျဆင်းသွားလေသည်လား။ အို ငြင်းရခက်သည့် အနေအထားသို့ ကျရောက်နေသည်ဆိုလျှင်သူ့လျှာက အလိုအလျှောက် ထုံကျင်သွားသတဲ့လား။
သူ့ဆီတည့်တည့်မတ်မတ်လျှောက်လာနေသည့် လူကြောင့် နှုတ်ခမ်းအစုံကို ငြင်းဖို့ ဟလိုက်သည်။ သို့သော် လျှာသည် မလှုပ်မယှက်။ တောင့်တင်းထုံကျင်နေသည့် လျှာကြောင့် မည်သည့်စကားမျှ ထွက်မရဟု သိလိုက်ပြီ ဖြစ်၏။ ဘေးဘီဝဲယာသို့ကြည့်မိလိုက်တော့ ဘေးဘီဝဲယာရှိမျက်လုံးများသည်လည်း သူ့ထံတွင်သာ။
“မကြည်ပြာ…မင်းကို တောင်းပန်ချင်နေသူ ရှိတယ်.. ပေးတောင်းပန်ခိုင်းလိုက်ပါ”
“မကြည်ပြာ…မင်းကို တောင်းပန်ချင်နေသူ ရှိတယ်….ပေးတောင်းပန်ခိုင်းလိုက်ပါ။”
အို မဟုတ်ဘူး။ ကျွန်မ မကြည်ပြာ မဟုတ်ဘူး။ မကြည်ပြာက မျက်မမြင်လေ။ ကျွန်မက မျက်မမြင် မဟုတ်ဘူး။
ရုတ်ချည်းထရပ်၍ ပြေးလိုက်ရပြန်ပါပြီ။ လျှာသည် ထုံကျင်မှုတို့ မပြေသေး။ ငါ ဘယ်သူလဲ ဆိုသည့် မေးခွန်းများစွာကတော့ တရစ်ဝဲဝဲ။ နေပါဦး။ မကြည်ပြာက မျက်မမြင်ဆိုသည်ကိုကော သူက ဘာ့ကြောင့်များ သိနေပါသလဲ။
နောက်က လိုက်ပါလာသူမရှိတာသေချာတော့မှ ပတ်ဝန်းကျင်ကို သူ အကဲခတ်လိုက်မိသည်။ မြက်ခင်းပြင်တစ်ခုထဲ သူရောက်ရှိနေခြင်းပင်။ ကောင်းကင်ကို မော့ကြည့်တော့ တိမ်သားပြာပြာကို တွေ့ရ၏။ ဒီနေ့ရာသီဥတုသာယာသည်ပဲ ဆိုသည့်အတွေးနှင့် အေးအေးလူလူလမ်းလျှောက်မိပြန်သည်။ သစ်ရွက်စိမ်းများ ဝိုင်းရံထားသော အဝါရောင်နှင်းဆီပန်းပင်များသည် ဟိုတစ်စုဒီတစ်စု စနစ်မကျစွာ ပေါက်ရောက်နေပြန်၏။ နှင်းဆီဝါတစ်ပွင့်ကို ယူပန်လိုက်မိရင်း ဆူးစူးသွားသည့်လက်ကို ငေးစိုက်ကြည့်မိသည်။ သွေးများသည် အနီရောင်ရှိ၏ဟုတော့ ကြားဖူးသည်။
စိမ့်ထွက်လာသည့်အရည်ကြည်သည် သွေးစလေပဲလား။ အနီရောင် ရှိသည်လေပဲလား။ သူကိုယ်တိုင်ဝေခွဲ၍မရ။ အို နေစမ်းပါဦး။ မကြည်ပြာ မဟုတ် ဆိုသည့်အတွေးပဲရှိသည့် သူက အရောင်တွေကို ခွဲခြားသိသတဲ့လား။ အဝါရောင်ဆိုတာကကော ဘယ်လိုသတ်မှတ်ခဲ့သလဲ။ အစိမ်းရောင်ဆိုတာကကော ဘယ်လိုသတ်မှတ်ခဲ့သလဲ။
သွေးတောင် အဖြူရှိသေးတာပဲ။ သစ်ရွက်ကကော အပြာမရှိနိုင်ဘူးလား။ သူက ဘာ့ကြောင့် မကြည်ပြာ မဟုတ်ရတာလဲ။ သူ့အသိဥာဏ်မှာ မှတ်ထားခဲ့လို့ပဲလား။ ဒါမှမဟုတ် မကြည်ပြာအစစ်ကို အမှန်တကယ် သိလို့ပဲလား။
မကြည်ပြာ။ မနှင်းဆီ။ သူ။
ဘယ်အရာတွေကများ တိုက်တိုက်ဆိုင်ဆိုင် ဆုံစည်းစေခဲ့ပါသလဲ။ ခုထိတော့ မကြည်ပြာ၏ရုပ်သွင်ကို သူမသိသည်က သေချာ၏။
ဖြည်းညင်းစွာတိုက်ခတ်လာသော လေနုအေးသည် ရနံ့တစ်ခုကိုပါ သယ်ဆောင်လာသည်မို့ သင်္ကာမကင်းဖြစ်စွာ နောက်သို့လှည့့်ကြည့်လိုက်မိ၏။ မနှင်းဆီ ရပ်နေသည်ကို တွေ့လိုက်ရသည်။
“မကြည်ပြာ….”
လျှာသည် တဖြည်းဖြည်း ထုံကျင်လေးလံလာ၏။
“ကျွန်မ မကြည်ပြာ မဟုတ်ဘူး….”
အော်ဟစ်လိုက်သောအသံသည် သူ့နားမှာပင် ဝူးဝူးဝါးဝါး ထွက်နေသည်ကတော့ ဝမ်းနည်းစရာကောင်းလှသည်။ မျက်ရည်တို့က ပါးပြင်ထက် အတားအဆီးမဲ့စွာ စီးကျလာ၏။
မနှင်းဆီ ရယ်နေသည်။ မျက်ရည်ကျလျှက် ရယ်နေခြင်းဖြစ်သည်။
“မကြည်ပြာ နင် ငါ့ကို အဲဒီလောက်ထိ စိတ်ဆိုးသွားမှန်းမသိလိုက်ဘူး မကြည်ပြာ… ငါပါ.. ငါ နှင်းဆီပါ မကြည်ပြာ”
“ငါ မကြည်ပြာမဟုတ်ဘူး….”
ထူအမ်းအမ်းဖြစ်နေသည့် လျှာမှ မည်သည့်အသံကိုမျှ မဖန်တီးပေးသော်လည်း သူ ကျုံးအော်လိုက်မိသည်။ မနှင်းဆီ၏ ယူကျုံးမရသည့်မျက်နှာကို ကြည့်နေမိရင်းက သူ အလိုလို မုန်းတီးလာမိ၏။
မည်သည့်ဖြေရှင်းချက်ကိုမျှ မပေးနိုင်ပါဘဲ မကြည်ပြာဟု အထင်လွဲခံနေရခြင်းမှ လွတ်မြောက်လိုပြီ ဖြစ်၏။
“မကြည်ပြာ.. မကြည်ပြာ… မကြည်ပြာ…..”
“မကြည်ပြာ.. မကြည်ပြာ… မကြည်ပြာ…..”
“မကြည်ပြာ.. မကြည်ပြာ… မကြည်ပြာ…..”
တိုးသက်ပါးလျသော်လည်း အုပ်စုဖွဲ့ထားသည့် ခေါ်သံသည် တဖြည်းဖြည်းနှင့် နီးကပ်လာသည်မို့ သူ ရှေ့နောက်ဝဲယာကို လှည့်ကြည့်မိသည်။ အရောင်အသွေးစုံလင်သည့်၊ လိင်မတူသည့် မနှင်းဆီကိုနှင်းဆီများသည် သူရှိရာဆီသို့ ဝန်းရံလာနေကြ၏။ သူသည် သူသာ ဖြစ်လိုပါ၏။ မကြည်ပြာဟု အထင်မှားမခံလို။ သို့သော် မကြည်ပြာနှင့် သူ့အကြားဆက်စပ်မှုသည် မည်သည့်အချိန်က စဖြစ်တည်ခဲ့သည်ဟုပင် သူမသိ။
မျက်လုံးအစုံကို မှိတ်လိုက်မိသည်။ စီးကျလာသည့် မျက်ရည်များကို မသုတ်ဖြစ်တော့။ နှလုံးအိမ်အတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို မည်သည့်အရာနှင့်မျှ မနှစ်သိမ့်ဖြစ်တော့။
တချိန်ချိန်တွင် သူသည် မကြည်ပြာ ဖြစ်ကောင်းဖြစ်နေနိုင်ည်။ သို့သော် လက်တလောတွင်တော့ သူသည် သူသာ ဖြစ်သည်မဟုတ်ပါလား။
သတ်လိုက သတ်ကြပါစေ။ စကားလုံးများဖြင့် သတ်လိုက သတ်ကြပါစေ။ ကိုယ်တိုင် အမှား ဟုယူဆထားသည့်အရာကိုတော့ အမှန်ဟု သူ ခေါင်းမညိတ်လို။
“မကြည်ပြာ….”
“မကြည်ပြာ.. မကြည်ပြာ… မကြည်ပြာ…..”
“မကြည်ပြာ.. မကြည်ပြာ… ”
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment