Saturday, February 8, 2025

မနက်ဖြန်..


“ဘယ်လိုမျှော်လင့်ချက်ကြောင့် မနက်ဖြန်ကို နိုးထချင်တာလဲ”

ဟုတ်သည်။ လတ်တလော ကျွန်တော့်စိတ်မှာ မေးခွန်းတစ်ခု ပြင်းပြင်းပြပြဝင်ရောက်နေသည်။ မနက်ဖြန်ကို ဘယ်လိုမျှော်လင့်ချက်နှင့်ကြိုဆိုကြမလဲ ဆိုသည့် အတွေးသာ ကျွန်တော့်စိတ်တစ်ခုလုံး ကို ဖြန့်ကျက် ကြီးစိုးနေ၏။

လူတိုင်းတွင် မနက်ဖြန်ကို နိုးထဖို့ဆိုသည့် ရည်ရွယ်ချက် တစ်ခုမဟုတ်တစ်ခု ရှိကြသည်ချည်းသာဖြစ်မည်။ မနက်ဖြန်ကျောင်းသွားဖို့၊ မနက်ဖြန်စပါးရိတ်ဖို့၊ မနက်ဖြန်တရားစီရင်ဖို့…စသဖြင့် အကြောင်းတရားများစွာဖြင့် ရည်ရွယ်ချက်တို့ ပြည့်နှက်နေသည်ချည်းသာ ဖြစ်သည်။ သို့သော် မျှော်လင့်ချက်ဆိုသည့်အရာလေးကတော့ဖြင့် ရှားပါးနေသည်ဟု ထင်မိသည်။ စနေတနင်္ဂနွေကျောင်းပိတ်ရုံးပိတ်ရက်မျိုးမှာပင် အားလပ်ရက်မရှိသော လူကြီးလူငယ်ပေါင်းများစွာက ကျွန်တာ့်ပတ်ဝန်းကျင်တွင်အပြည့်ဖြစ်သည်။


သွားလာလှုပ်ရှားနေသော ဘက်စ်ကား၊ လူအုပ်များကြားတွင် ရည်ရွယ်ချက်တစ်ခုကြောင့် သွားလာလှုပ်ရှားနေရင်း ကျွန်တော့်ဘဝသည် ရှင်သန်ရတာ ခက်ခဲပင်ပန်းနေသည်ဟု ကျွန်တော် ခဏခဏထင်ခဲ့ဖူးသည်။ တခါတစ်ရံတော့လည်း ကျွန်တော်တင်မက လူသားအားလုံးသည် အရူးများဟု ထင်မိ၏။ တစ်ချိန်မှာသေဆုံးမည်ကိုသိလျှက်၊ သေဆုံးပြီးလျှင် ပိုင်ဆိုင်သမျှအရာအားလုံးကို ထားရစ်ခဲ့ရမည်ဆိုသည်ကိုလည်း သိလျှက်နှင့် ရူးရူးမိုက်မိုက် ငွေကို ကုန်းရှာနေကြသည်မှာ နဖူးကချွေး ခြေမကျသည်ထိမဟုတ်ပါလား။

လမ်းဘေးဝဲယာမှာ လက်ဖြန့်တောင်းနေသော ကလေးသူငယ်များစွာကိုကြည့်ရင်း သူတို့ဘဝလေးတွေသည် ပင်ပန်းဖို့ ကောင်းစွဟု စဉ်းစားဖူးသည်။ မနက်ဖြန်လည်း တောင်းရမ်းစားသောက်နေရဦးမည့်အတူတူ ဘာ့ကြောင့်များ မနက်ဖြန်ကို သေဆုံးခြင်းနှင့် မကြိုလင့်ခဲ့ရပါသလဲ ဟုလည်း မချိတင်ကဲ တွေးမိခဲ့ဖူးသည်။ သို့မဟုတ် သေဆုံးခြင်းမဟုတ်ပါဘဲ ရှင်သန်ခြင်းတွင် မွန်မြတ်မှုတစ်ခုဖြင့်အစားထိုးမိပေလိမ့်မည်။

အညာတစ်လျှောက် ခရီးထွက်တိုင်းလည်း ကိုင်းထဲယာထဲတွင် မြင်နေရသော တောင်သူတို့အား၊ လယ်သမားတို့အား ကျွန်တော် သနားသည်။ သူတို့၏ဘဝသည် တစ်နှစ်ပတ်လုံးကုန်ပါမှ တစ်နှစ်လုံးစာအတွက် ခုနှစ်သိန်းရှစ်သိန်းခန့်သောငွေကို ရမည်ဆိုသည့် ရည်ရွယ်ချက်ကြီးတစ်ခုဖြင့်သာ လည်ပတ်နေသည့် ယန္တရားကဲ့သို့ ဖြစ်နေသည်။ အနိမ့်ဆုံးအဆင့်ရွာလူကြီးသည်ပင် ကိုယ့်ရွာသူရွာသားတို့ပိုင်ဆိုင်သင့်သည့် ပြည်သူအခွင့်အရေးကို မတောင်းဆိုတတ်သည့််အခါ အညာရွာတို့သည် ခြောက်ခန်းမြဲခန်းလျှက်။ တစ်နှစ်ပတ်လုံး ခြေချိုးလက်ချိုး ရိုရိုကျိုးကျိုး အလုပ်လုပ်ပါမှ ရသည့် ငွေကိုသာ မျှော်မှန်းလျှက်။ ကံမကောင်းအကြောင်းမတိုက်ဆိုင်၍ ဥတုရာသီဖေါက်ပြန်လျှင်မူ ကြွေးထူရပြန်သေးသည်။ ကဲ ရှင်သန်ရတာပင်ပန်းလွန်းပေဘူးလား။

မြန်မာ့ကျက်သရေဆောင် ပုဂံသို့ ဘုရားဖူးခရီးထွက်တော့လည်း သစ်လွင်ခြင်းနှင့် ဟောင်းနွမ်းခြင်းတို့ကို တွဲလျှက်မြင်ခဲ့ရပြန်သည်။ မြင်ခဲ့ရသော ရှေးအနုလက်ရာတို့ကိုကြည့်ရင်း ကိုယ့်လူမျိုးကိုယ့်နိုင်ငံအတွက် ဂုဏ်ယူဝံ့ကြွားစိတ်ဖြစ်မိသည်မှာ ခဏခဏ။ သို့သော် လမ်းဘေးဝဲယာတစ်လျှောက်မှ မခမ်းမနား ဟောင်းနွမ်းသောစေတီအိုတို့ကို မြင်တိုင်းလည်း ဘာ့ကြောင့်ဆိုသည့် အသိကြီးဝင်လာသည်မှာ ခဏခဏ။ မပျက်စီးသေးသော်လည်း ဟောင်းနွမ်းနေသော စေတီတော်များနှင့် မပျက်စီးပါလျှက် အထပ်ထပ်ပြုပြင်နေသော စေတီတော်များ။ ထင်ရှားကျော်ကြားသည့် ဘုရင်တို့တည်ထားခဲ့သော စေတီဘုရားမှန်သမျှ ဝင်းလက်သလောက် မည်သူတည်ထားမှန်းမသိရသော ဟောင်းနွမ်းနေသော စေတီအိုတို့သည့်လည်း နေရာအနှံ့အပြား။ ထိုအရာသည်ပင် ပုဂံ၏အလှလေပဲလား။ နာမည်တစ်ခု၏ သက်ရောက်မှုသည် သက်မဲ့အရာဝတ္ထုအပေါ်မှာတောင် အမြင်တို့ ကွာခြားမှုရှိလေသလား။ ထို့ကြောင့်သာ လူသားတိုင်း နာမည်ဂုဏ်သတင်းကျော်စောမှုနောက်သို့ လိုက်နေလေရော့သလား။

သို့သော် ထိုနာမည်ဂုဏ်သတင်းကျော်စောမှုသည် ကိုယ်သေဆုံးပြီးနောက် ကိုယ့်အတွက် ဘာဆိုဘာမှမသိ၊မပိုင်၊ မရ နိုင်တော့သည့်အခြေအနေမဟုတ်ပါလား။

ပျော်ရွှင်မှုဆိုသည့် စကားလုံးလေးသည် ရှင်သန်မှုဆိုသည့်စကားလုံးနှင့် အရေအတွက်တူညီသော်ငြား ဖမ်းရခက်လွန်းလှသည်။ ရှင်သန်မှုဆိုသည့်စကားလုံးလေးသည် တစ်သက်မှ တစ်ခါသာဖြစ်ထွန်းသည်။ ပျော်ရွှင်မှုသည် အကြိမ်ကြိမ်အခါခါဖြစ်ထွန်းသည်။ ထို့အတူ ပျော်ရွှင်မှုနှင့် ဆန့်ကျင်ဘက် ဝမ်းနည်းမှုသည်လည်း ဆတူဖြစ်ထွန်းပြန်သည်။ ပျော်ရွှင်မှုတစ်ခုလာဖို့ ဝမ်းနည်းမှုတစ်ခုကို မဖြစ်မနေကြုံရသလို ဝမ်းနည်းမှုတစ်ခုလာဖို့ ပျော်ရွှင်မှုတစ်ခု ကြို၍လာသလိုဖြစ်ချေပြီ။ တစ်ခုလာ တစ်ခုချေ အနေအထားမျိုးမှာ ရှင်သန်နေရသည့် ကျွန်တော်တို့ဘဝတွင် ရှင်သန်ခြင်းသည် မည်သည့်အဓိပ္ပါယ် သက်ရောက်နေပါသလဲ။

“မနက်ဖြန်မှာ ဘာဖြစ်ချင်လဲ” ဆိုသည့် မေးခွန်းကို မေးလျှင်ဖြင့် လူတိုင်း ဖြေကြမည်မှာ သူတို့ဘဝနှင့် သက်ဆိုင်သော၊ သက်မွေးဝမ်းကျောင်းအလုပ်နှင့်သက်ဆိုင်သော၊ ထို့ပြင် ငွေတလုံးတခဲတည်းဝင်တတ်သော ထီပေါက်ချင်သည် ဆိုသည့်အဖြေမျိုးသာရပေလိမ့်မည်။ သို့သော် တကယ်တမ်းဆိုရလျှင် ထိုအရာက မျှော်လင့်ချက်မဟုတ်။ စိတ်မှာဖြစ်ချင်နေသည့်အရာတစ်ခုကို မဖြစ်နိုင်မှန်းသိသိနှင့် ထုတ်ပြောလိုက်ခြင်းမျှသာ ဟု ကျွန်တော်ခံယူမိသည်။

ဆိုပါစို့။ ကျောင်းတက်နေသည့် ကလေးတစ်ယောက်ကို မေးလျှင် ထိုကလေး၏အဖြေသည် သူ့မိသားစု၊ သူ့ကျောင်းနှင့် သူ့ပတ်ဝန်းကျင်မှ သူလိုချင်သောအရာတစ်ခုကို နှုတ်မှဖွင့်ဟပြောဆိုခြင်းသာ ဖြစ်ချိမ့်မည်။ တကယ်တမ်း မျှော်လင့်ချက်ဆိုသည်မှာ အရာအားလုံးထက်လေးနက်ပါသည်။

စစ်ဘုရင် နပိုလီယမ်ဘိုနာပတ် က ဆိုသည်။ “မဖြစ်နိုင်တာမရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်” တဲ့။ ကျွန်တော်ကတော့ နပိုလီယံ သူ့အိပ်မက်ကို အကောင်အထည်ဖေါ်သလိုမျိုး စစ်ဘုရင်ဖြစ်ဖို့ မကြိုးစားပါ။ သို့သော် မနက်ဖြန်ကို မည်သည့်မျှော်လင့်ချက်ဖြင့် ရှင်သန်နေရသလဲ ဆိုသည့်အဖြေကိုမူ ကျွန်တော်ကိုယ်တိုင် စဉ်းစားရဆဲ ဖြစ်သည်။

မနက်ဖြန်တွင် မြို့ကြီးပြကြီးများမှာသာ ခိုအောင်းနေသော လျှပ်စစ်မီးသည် ပန်းတုန်း၊ ဝန်ရ၊ ထောက်ရစ် ကဲ့သို့သော မင်းတုန်းအနီးအပါးမှ ရွာများသို့ ရောက်လေမလား ဟု မျှော်လင့်ရမည်လား။ ဒါက မျှော်လင့်ချက်မဟုတ်။ ဒါက ဖြစ်သင့်ဖြစ်ထိုက်သည့် အကြောင်းတရားဖြစ်သည်။ ထိုအကြောင်းတရားတို့ ဖြစ်သင့်ဖြစ်ထိုက်ရန်တာဝန်ကို ကိုင်ဆောင်ထားသူမှာ ကျွန်တော်မဟုတ်ပြန်။ မျက်မှန်၏အကူအညီပါမှ အရာဝတ္ထုတို့ကို ထင်ရှားစွာမြင်ရသော ကျွန်တော့်အတွက် မနက်ဖြန်တွင် ကျွန်တော့်မျက်လုံးတို့သည် မျက်မှန်၏ အကူအညီမပါဘဲ အရာရာကို သိသာထင်ရှားစွာမြင်နိုင်လေမည်လား။ ဒါသည်ကား မမျှော်လင့်သင့်သော အရာ။

လူတိုင်းတွင် အသိတရားရှိသည်။ ဘယ်ဟာကတော့ ငါလုပ်နိုင်တယ်၊ ဘယ်ဟာကတော့ ငါမလုပ်နိုင်ဘူး ဆိုသည့်အသိကို ဦးနှောက်ကြီးကတွက်ချက်ပေးသည်။ ထိုအသိတရားကြောင့်ပင် လူတိုင်းလူတိုင်းတွင် ကြိုးစားလျှင်ရနိုင်လျှက် ပျောက်ဆုံးခဲ့သော အခွင့်အလမ်းများစွာရှိသည်။ ထိုအသိတရားကြောင့်ပင် လူတိုင်းလူတိုင်းသည် မဖြစ်နိုင်သည့်အရာကိုမှ ကြိတ်မှိတ်ကြိုးစားနေမှုကြောင့် အချိန်ကုန်ဆုံးခဲ့ရသည်များစွာလည်းရှိသည်။ ထိုအသိတရားကို ဦးနှောက်နှင့် နှလုံးသားနှင့်ပါ ပူးပေါင်းထိန်းချုပ်နိုင်ပါမှ ကျွန်တော်တို့သည် အဖြေမှန်ကို အချိန်တိုဖြင့်တွက်ချက်နိုင်လေမည်လား။

ရုပ်အာဟာရ၊ ခန္ဓာအာဟာရကိုဖြည့်ရင်း မေ့ကျန်ခဲ့သော စိတ်အာဟာရများစွာကို ကျွန်တော်တွေးကြည့်နေမိသည်။ တစ်လတစ်ခါ ရုပ်ရှင်ကြည့်ဖို့တောင် ကိုယ့်ကိုယ်ကိုယ် အနားမပေးဘဲနေထိုင်ခဲ့သည်။ ရန်ကုန်မှာနေပါလျှက်၊ အညာသို့လည်း ဘုရားဖူးထွက်ပါလျှက်၊  အဝေးရောက်ဘုရားဖူးများကဲ့သို့ပင် လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံကို တစ်နှစ်မှ တစ်ခါသာ ရောက်သည်။ ယခုမနက်ဖြန်ပေါင်းများစွာကို တွက်ချက်ထားသည့် ရည်ရွယ်ချက်ပေါင်းများစွာဖြင့် ကျွန်တော်ရှင်သန်ခဲ့ဖူးပြီ။ လာမည့်မနက်ဖြန်ကိုတော့ ကျွန်တော့်နှလုံးသားဖြင့် တွက်ချက်ထားသည့်နေ့အဖြစ် ကျွန်တော်ရင်ဆိုင်ကြိုလင့်ချင်ပါသည်။

လူတော်တော်များများပြောကြသည်။ ကျန်းမာရေးလည်း ပြည့်စုံ၊ လူလည်းကုံလုံသည့် ဘဝမျိုးလေးကို ရလျှင် ဘယ်လောက်တောင်ပြည့်စုံလိုက်လေမလဲ တဲ့လေ။ တစ်ခုကောင်းမွန်ဖို့ တစ်ခုသည်အဖျက်ဆီးခံလိုက်ရမည်သာဖြစ်သည်။ ကိုယ်တိုင် သတိမမူမိသေးတာသာ ဖြစ်မည်။ ထို့ကြောင့် ဒုတိယမ္ပိ ပြောချင်ပါသည်။ မနက်ဖြန်ကို ကျွန်တော် နှလုံးသားဖြင့် တွက်ချက်ထားသည့် စီရင်မှုအတိုင်းသာ နေထိုင်လိုပါသည်။ ထိုအရာသည်ပင် မျှော်လင့်ချက်ဖြစ်သည်။သို့သော် သေချာနေသည်က မနက်ဖြန်သည်လည်း ကျွန်တော့်ဦးနှောက်၏ စီရင်မှုအတိုင်း လိုက်ပါခရီးသွားရမည့်နေ့ဖြစ်သည်ဟုပင်။ အဘယ့်ကြောင့်ဆိုသော် ပျော်ရာမှာမနေ၊ တော်ရာမှာ မနေရ ဆိုသည့် စကားပုံလိုပင် ကျွန်တော်တို့သည် သင့်တော်သည် ဆိုသည့်စကားလုံးလေးနှင့်အတူနေထိုင်၍ ဖြစ်ချင်စိတ် လုပ်ချင်စိတ်တို့ကို ချုပ်ထိန်းထားရသည်မဟုတ်ပါလား။

သေချာပါသည်။ မနက်ဖြန်သည်ပင် ကျွန်တော့်ဦးနှောက်၏ စီရင်ရာနေ့ဖြစ်၍ မနက်ဖြန်သည်ပင် ကျွန်တော့်နှလုံးသား၏အလိုကို ပြင်းပြင်းပြပြရှာဖွေဦးမည့် ဒုတိမြောက်နေ့စွဲ ဖြစ်ပေဦးတော့မည်။

“ဘယ်လိုမျှော်လင့်ချက်ကြောင့် မနက်ဖြန်ကို နိုးထချင်တာလဲ”

ဆိုသည့်မေးခွန်းအတွက်အဖြေသည် ကျွန်တော့်အတွက်တော့ တစ်ခုသာ ရှိပါသည်။ နှလုံးသား၏အလိုကို လိုက်နိုင်မည့်နေ့ပေါ်လာနိုးနိုးဖြင့် ရှင်သန်ရခြင်း ဟူ၍ပင် ဖြစ်သည်။



ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...