Saturday, February 8, 2025

“မျှော်လင့်ချက်တို့ တောင်ပုံရာပုံ”


ပြောစရာ စကားများစွာတို့ရှိ၏။ သို့သော် ပြောခွင့်ရနိုင်သော စကားမှာ တစ်ခွန်းသာဖြစ်သည်။

ရင်နှင့်အပြည့် လွမ်းဆွက်နေရသော ခံစားချက်များစွာတို့ကို “သတိရတယ်” ဟူသည့် စကားလေးဖြင့် တန်ဖိုးမလျော့ပါးစေလိုပါ။ ထို့ကြောင့်ပင် အရာရာတွင် တိတ်ဆိတ်သူသည် ကိုယ်ဖြစ်ရတော့သည်။ ကိုယ့်မျက်ဝန်းတွင် ကြည့်တတ်မည်ဆိုလျှင် ဝေ့သီနေသော အပူရောင်အငွေ့များတွေ့ရှိနိုင်သည်။ ကိုယ့်အပြုံးတို့ကို ကြည့်တတ်မည်ဆိုလျှင် အပူရောင်သမ်းနေသော နှုတ်ခမ်းတွန့်ချိုးကို မြင်တွေ့နိုင်မည်။ ကိုယ့်နှလုံးသားကိုကြည့်တတ်မည်ဆိုလျှင်………။

ပြောစရာစကားများစွာရှိ၏။ သို့သော် ပြောခွင့်ရသော စကားမှာ တစ်ခွန်းသာ ဖြစ်သည်။


………..

ကိုယ်တို့သည် ကိုယ်ပိုင်သီးသန့်လမ်းကိုယ်စီတွင် လျှောက်လှမ်းနေကြသည်။ လမ်းတိုင်းတွင် အနားသတ်ရှိ၏။ ကံတရား၏ ကြည်စယ်မှုကြောင့် ကိုယ်တို့၏ လမ်းကြောင်းများသည် တစ်ထောင့်တစ်နေရာတွင်ပေါင်းဆုံစည်းခဲ့ကြရသည်။ ထိုဆုံစည်းမှုသည်ပင် မျှော်လင့်ချက်တို့ မွေးဖွားစေခဲ့သလို ထိုဆုံစည်းမှုသည်ပင် အနာဂတ်ကိုမျှော်ကြည့်ဖို့ အားဖြစ်ခဲ့သည်ဟုဆိုလျှင် ပိုမည်ထင်ကြသလား။ သို့သော် အနားသတ်ရှိသော လမ်းကြောင့်ပင် ကိုယ်တို့သည် လမ်းကြောင်းပေါ်၌ မရမကလျှောက်ရင်း သတိရခြင်းဆိုသည့်ကြည်နှုးပီတိကို တစိမ့်စိမ့် ခံစားနေရသည်။

ကိုယ်က ရုပ်သေးရုပ်အဖြစ်ကိုမုန်းသည်။ ကိုယ့်ကိုယ်ကိုယ် ခံစားချက်တစ်ခု၏ ရုပ်သေးရုပ်အဖြစ်သို့ တွန်းပို့ခံရခြင်းကို ပို၍ပင်မုန်းသေးသည်။ ကိုယ် အကြိမ်ကြိမ်နောက်ဆုတ်ခဲ့သည်။ သို့မဟုတ် ကိုယ်အကြိမ်ကြိမ်နောက်ဆုတ်ဖို့ကြိုးစားခဲ့သည်။ တဒိတ်ဒိတ် လှုပ်ခတ်နေသော ကိုယ့်နှလုံးသားမှ သံစဉ်တို့ကို ကြားစေဖို့ရာ ကိုယ် မကြိုးစားခဲ့ပါ။ နားအစုံကိုပိတ်၍ နှလုံးသားတံခါးကို ပိတ်သည်။ ထို့နောက် ခြေအစုံကို နောက်သို့ တစ်လှမ်းချင်းတစ်လှမ်းချင်း တစ်ရွေ့ရွေ့နှင့် ဆုတ်သည်။ အသိစိတ်အားလုံးကို ခေတ္တမျှအနားပေးလိုက်သည့်အချိန်တွင်မူ ကိုယ်သည် မျက်လုံးအုံကိုဖွင့်၍ နားကိုစွင့်ထားလေသည်။ နှလုံးသားမှ သံစဉ်တို့ကို ကြားရခြင်းသည်ပင် ကိုယ့်အတွက် ပျော်ရွှင်မှုဖြစ်သည်ဆိုသည်ကို ကိုယ့်သိစိတ်မှ သိလိုက်ရချိန်မှာတော့ အရာရာသည်နောက်ကျစွာ..။ ကိုယ်သည် ခံစားချက်၏ရုပ်သေးရုပ်ဖြစ်နေပေသည်။

ကိုယ့်ခြေကို ရှေ့တစ်လှမ်းတိုးခြင်းနောက်ကွယ်တွင် တစ်စုံတစ်ရာ၊ တစ်စုံတစ်ယောက်ရှိနေသည်။ ကိုယ့်ခြေကို နောက်တစ်လှမ်းဆုတ်ခြင်း၌ တစ်စုံတစ်ယောက်၏ တိုက်တွန်းမှုမပါဝင်ပါဘဲ ကိုယ့်နှလုံးသား၏ ဦးဆောင်မှုရှိလေသည်။ ကိုယ်သည် ရုပ်သေးရုပ်အဖြစ်ကျရောက်သည်ဟု မထင်မှတ်တော့ပါဘဲ ကိုယ်သည်ပင် နှလုံးသားနှင့်တစ်ပါတည်းလိုက်ပါနေသလိုထင်ရ၏။ ကိုယ်တို့၏ ခြေလှမ်းများသည် တစ်စုံတစ်ခုသော အချိန်အတိုင်းအတာကို မျှော်လင့်နေသကဲ့သို့ရှိ၏။ ဝါ သေချာပါသည်။ ကိုယ်တို့သည် အနာဂတ်တွင် ဆိုသည့် မျှော်မှန်းချက်ဖြင့် မျှော်လင့်ချက်များစွာကိုပုံအောရင်းနှီးထား၏။ ကိုယ်တို့၏ လမ်းကြောင်းများ တစ်ချိန်ချိန်တွင် ပြန်လည်ဆုံစည်းကြပါလိမ့်မည် ဟူသည့် မျှော်လင့်ချက်ဖြင့်….။

……..

အတိတ်ဆိုသည်မှာ နှစ် လချီ၍ လွမ်းဆွတ်ရခြင်းကို ခေါ်ပါသလား။ နှစ်ချီ၍ တွေ့ဆုံခြင်း၌သာ သံယောဇဉ်တို့ ပြိုကျတတ်ပါသလား။

ကိုယ့်နှလုံးသားသည် မကြာသေးသော အပိုင်းအခြားကာလတစ်ခုဆီသို့ ပြေးတတ်သည်မှာကြာပြီဖြစ်၏။ ထိုကာလလေးမှ တစ်စက္ကန့်မျှခွဲခွာရသည်မှစ၍ ယခုတိုင် တသသလွမ်းဆွတ်နေမိသည်။ ထိုကဲ့သို့ရက်အပိုင်းအခြားလေးမျှာကြာသည်ကို အတိတ်ဟု ခေါ်ဆိုသုံးစွဲခွင့်ရှိပါက ကိုယ်သုံးစွဲပါမည်။ ထိုအတိတ်လေးအား ကိုယ် လွမ်းသည်။ ထို အတိတ်လေးအား အသည်းနင့်မျှ ကိုယ် လွမ်းမိပါသည်။

ကတောက်ကဆနံနက်ခင်းများသည်မကြာရှည်လှပါ။ တွေ့ဆုံနေခဲ့သည့် စကားဝိုင်းများစွာ တွင် သံယောဇဉ်ဖြင့်စကားနာထိုးခြင်းများစွာ ကိုယ် ပြုကျင့်ခဲ့ဖူးးသည်။ မျက်စောင်းအခါခါထိုးလျှက်က အချိန်ဆိုသည့်အကြောင်းအရာကို တွေးမိတိုင်း ဝေ့သီတတ်လာသည့် အကြည်ရောင်မျက်လွှာကို သိမ်းရသည်မှာ မကြာခဏ။ ကိုယ်က အနီရောင်မျက်နှာထားဖြင့် ခရမ်းပြာခံစားချက်ကို သိမ်းဆည်းခဲ့သူဖြစ်သည်။  ကိုယ်သည် အပျော်အပြုံးကို တစ်ခုချင်းစီသိမ်းရင်း ခွဲခွါမှုကို ကြောက်ရွံ့ခဲ့သူဖြစ်၏။ ထို့အတွက်ပင် ကိုယ်သည် အနိုင်နှင့်ပိုင်းသူကဲ့သို့ ခွဲခွါခြင်းကို ကိုယ်ကပင် စကားစသူဖြစ်ခဲ့လေသည်။

အပျော်လာပြီးလျှင် ကြေကွဲမှုလာမည်ဟူသည့် ပုံသေနည်းသည် ကိုယ့်နှလုံးသားတွင် အရိုးစွဲနေခဲ့သည်မှာ မည်မျှကြာခဲ့ပြီလဲ။ အပျော်မှန်သမျှကိုကြည်နူးစွာလက်ခံရင်း ရောက်မလာသေးသည့် ကြေကွဲမှုအား တိတ်တဆိတ်ကြောက်ရွံ့နေရသည်။ ထို့နောက် ကြောက်ရွံ့ခြင်း၏ သားကောင်အဖြစ်သို့ကူးပြောင်းရင်း ကိုယ်သည် ပျော်ရွှင်ခြင်းတို့အားတနင့်တပိုးသိမ်းကာ မရောက်လာသေးသည့် ခွဲခွါမှုအား ကိုယ်တိုင်အဆုံးအဖြတ်ပေးမိလိုက်တော့၏။ ဝါ ကိုယ်တိုင်ပင် ခွဲခွါခြင်းကို လက်ကမ်းကြိုဆိုလိုက်တော့သည်။ ကိုယ်သည် နှလုံးသားရိုင်းသူတစ်ဦးဖြစ်ကြောင်းပင် စကားမဆိုဝံ့တော့။ အရိုင်းဆန်သည့်နှလုံးသား၊ မရင့်ကျက်သေးသည့် စိတ်ငြဖ့် ကိုယ့်ကိုယ်ကိုယ် အဆုံးအဖြတ်ပေးသူနေရာခံယူလိုက်သည့်အခါ…………။

ထို့ကြောင့်ပင် ပို၍ လွမ်းဆွက်မိလေသလား။ ထို့ကြောင့်ပင် ပို၍ ကြေကွဲမိလေသလား။ ထို့ကြောင့်ပင် မချင့်မရဲဖြစ်စိတ်ဖြင့် ဝမ်းနည်းကြေကွဲမှုတို့ ပို၍ တိုးလာလေသလား။

ပြောစရာစကားများစွာရှိ၏။ သို့သော် ပြောခွင့်ရနိုင်သော စကားသည် ကိုယ့်နှလုံးသားမှ ပြည့်နင့်နေသည့် စကားများစွာအား သတ်မည့်စကားသာဖြစ်သည်။ သတိရတယ် ဆိုသည့်စကားတစ်ခွန်းဖြင့်တော့ ပြည့်နင့်နေမည့်စကားများစွာအား ကိုယ် မသတ်ပစ်လိုပါ။ ကိုယ့်မျက်ဝန်းတွင် ဝေ့သီနေသော အပူရောင်အငွေ့များစွာအား တွေ့ခွင့်ပေးချင်ပါသေးသည်။ ကိုယ်နှလုံးသားတွင် ဝေ့သီနေသောအလွမ်းများစွာအား ဝေမျှခွင့်ရချင်ပါသေးသည်။ ကိုယ်တို့၏ လမ်းကြောင်းတို့သည်တစ်ချိန်မဟုတ်တစ်ချိန် အနားသတ်များကို တိုက်ဖျက်ကာ ဆုံစည်းမည်ဟု ယုံကြည်မိရင်း အနာဂတ်သို့ မျှော်လင့်ချက်များပုံအပ်လိုက်၏။

တဆတ်ဆတ်ခုန်နေသော အလွမ်းများစွာတို့သည် ပီဘိကျောက်တုံးပမာ ငြိမ်သက်သွားသလိုရှိသည်။ တသွင်သွင်စီးနေသော စမ်းရေသည် ခေတ္တမျှငြိမ်သက်သွားသလိုရှိ၏။ ကိုယ်တို့သည် မျှော်လင့်ချက်ဆိုသည့် မီးစလေးအား အလွမ်းပြေကြည့်ရင်း လမ်းကြောင်းကိုယ်စီမှာ လျှောက်နေကြရပေဦးမည်။

သို့သော် တစ်ချိန်ချိန်..တစ်ချိန်ချိန်တွင်တော့ ထိုမျှော်လင့်ချက်လေးသည် သက်ဝင်လှုပ်ရှားလာပေလိမ့်မည်။ ထိုနေ့သည်ပင် ကိုယ်တို့သည် ပျော်ရွှင်ခြင်းများအား အတားအဆီးမဲ့ လက်ခံရင်း ခွဲခွါခြင်းဆိုသည့် စကားလုံးအား မေ့ထားပေလိမ့်မည်။ ထိုအချိန်တွင်တော့ကိုယ်သည်လည်း ခွဲခွါခြင်းဆိုသည့် စကားလုံးအား ဘဝထဲမှ ခေတ္တ ထုတ်ပယ်ထားပေလိမ့်မည်…..။


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...