Saturday, February 8, 2025

“မီးခိုးမြို့တော်”



ကျဥ်းကျုတ်နေတဲ့ အခန်းကျဉ်းလေးမှာ ပြန့်ကျဲနေတဲ့ အသက်ရှုသံတွေ။ အားလုံးရဲ့ အာရုံသက်ဝင်ရာက တစ်ခုတည်း။ ကဗျာ။ ကဗျာဆိုတဲ့နေရာ။ ကဗျာဆိုတဲ့ ကမ္ဘာ။ ကဗျာဆိုတဲ့ ပွဲတော်။ ကဗျာဟာ ကဗျာပီပီ ခန့်ထည်လွန်းသလို ကဗျာဟာ ကဗျာပီပီ စုတ်ပြတ်လွန်းတယ်။

ကြောင်ကုတ်တဲ့ အရေးအသားလည်း ခံစားတတ်ရင်ကဗျာဖြစ်သလို လေးပင်လွန်းတဲ့ဝါကျတည်ဆောက်မှုနဲ့ကဗျာလည်း ခံစားတတ်မှ ကဗျာပီသတယ်။ ကဗျာဟာ ကဗျာရေးသူထက် ကဗျာဖတ်သူအတွက် ပိုကြီးမြတ်တယ်။ တီရှပ်ကိုယ်စီ၊ ဂျင်းပင်ပြာကိုယ်စီ၊ ကျောပိုးအိတ်တစ်အိတ်သို့မဟုတ် လွယ်အိတ် လွယ်ထားသူ လူတစ်စု။ အလွယ်ခေါ်လိုက်ရင် ဂျင်းပင်ပြာနဲ့ ပျာယီးပျာယာအုပ်စု၊ ကျောပိုးအိတ်ကိုယ်စီ လွယ်အိတ်ကိုယ်စီလွယ်လို့ ယုံကြည်မှုအတွက် ရွက်လွှင့်နေကြသူများ။ ဟေ့ ငါ ကဗျာဆရာကွ။ မရှက်မကြောက် ဝန်ခံနေလိုက်ပုံများ။ စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်တောက်ထုတ်၊ ကဗျာအသရေ ဖျက်သူတိုင်းကို တရားစွဲမယ့် ရှေ့နေကဗျာဆရာ၊ ကဗျာဆရာရှေ့နေများ။ မီးခိုးမြို့တော်ကို တစ်ယောက်ပြီးတစ်ယောက် တည်ဆောက်နေလိုက်ကြတာ လွင့်ခနဲလွင့်ခနဲဝဲသွားတဲ့ သူတို့နှုတ်ခမ်းဖျားက မီးခိုးငွေ့လေးတွေဟာ ရှင်သန်မှုအပိုင်းအစတချို့အတွက် ကဗျာပီပီသသ ပြုံးးပြနေသလိုတောင် ခံစားရ...။


ဒါကို ငါရေးတယ်။ ဒီနေရာကို ငါရောက်တယ်။ ဒါကို ဘာ့ကြောင့် ရေးခဲ့သလဲ။ ကိုယ်ကိုယ်တိုင် မသိတော့တဲ့အပိုင်းအစတချို့နဲ့ ကခုန်တယ်။ အရေးအသားအကြောင်းအရာဘာ့အတံက်နဲ့မှ ငြင်းခုန်စရာမရှိဘူး။

လူငယ်တစ်ယောက်ရဲ့ မြင်ကွင်း သူကမ်းပေးတဲ့ မီးခြစ်ကို ကိုယ်က အပူလို့ယူဆရင် အပူဖြစ်ပြီး ကိုယ်က အလင်းလို့ ယူဆရင် အလင်းဖြစ်မှာပဲ။ အရာရာ ခံယူချက်နဲ့ တိုင်းတာတဲ့အရာ၊ မီးခိုးမြို့တော်ဟာ မှိုင်းအတိုက်ခံနေရသလား၊ အလင်းတွေပွင့်ထွက်ဖို့အရှိန်ယူနေတာလား။ ဘယ်သူမှမသိတဲ့ အကြောင်းတရားများစွာနဲ့ ရှင်သန်ထမြောက်လာခဲ့ပြီ။

(-)

ငေးကြည့်မိတဲ့ မျက်ဝန်းအစုံမှာ မြင်နေရတာ သာမန်လူသားတွေမဟုတ်ဘူး။ ကိုယ့်ယုံကြည်မှုအတွက်ကိုယ် လမ်းဖေါက်နေသူများ။ လမ်းပေါက်ဖို့ကြိုးစားသူများ။ ကိုယ့်အလင်းကိုယ် ဖြန့်ကျက်ဖို့ကြိုးစားနေသူများ။

အမြင်အဆုံး အထိတ်တလန့်တွေးမိတဲ့အတွေး။ ငါ ဒီနေရာကို ဘာ့ကြောင့် ရောက်နေခဲ့တာလဲ။ အဖြေရှိရှိနဲ့ အဖြေမသိချင်တဲ့ မေးခွန်းမှာ ကိုယ်က နစ်မြောမနေဝံ့။ ချာခနဲလှည့်ထွက်လာတဲ့ ခြေလှမ်းတွေဟာ တွန့်ဆုတ်ဆုတ်နိုင်လွန်းတယ်။ ကဗျာချစ်သူတစ်ယောက်ရဲ့ ကဗျာနေ့စွဲများ၊ ကဗျာမရေးသူတစ်ယောက်ရဲ့ အပြာရောင်နေ့စွဲများ၊ ကဗျာနှစ်သက်သူတစ်ယောက်ရဲ့ အနီရောင်နေ့စွဲများ။ စိတ်ကူးတွေဟာ ခြေအစုံကို ရပ်တန့်စေခဲ့၊ မီါ်ခိုးမြို့တော်ကို ငေးကြည့်နေမိတုန်းပဲ။

ယုံကြည်ရာရွက်လွှင့်တဲ့ လှေငယ်လေးတွေ၊ ကိုယ်စီကိုယ်စီမျက်နှာတွေမှာ အသားကျနေတဲ့ ကြည်နူးခြင်းတွေပျော်ရွှင်ခြင်းတွေ။ ဒါတို့ကဗျာ အောင်ပွဲ၊ ဒီလိုကြွေးကြော်နေတဲ့ လူငယ်တွေရဲ့ တေးသံတွေ။ နားစွင့်မထားလည်းဖွင့်ထားတဲ့ မျက်လုံးတွေကနေကြားနေရတယ်။ နားစွင့်မထားလည်း ဖွင့်ထားတဲ့ နှလုံးသားကနေကြားနေရတယ်။ ငါ့မှာလည်း ကြည်နူးခွင့်ရှိကြောင်း အထိတ်တလန့်သိလိုက်တဲ့အချိန်၊ ဘယ်ဖက်ရင်က ဆက်ခနဲထခုန်၊ ကဗျာချစ်သူတစ်ယောက်ရဲ့ ကဗျာအတွက် သီတဲ့တေး၊ ဒီတေး မလှနိုင်မှန်းသိတယ်။ ဒါပေမယ့်လည်း ကြည်နူးခွင့်တစ်ခုအတွက် ငါ ဟစ်ကြွေးခဲ့တယ်။ ကဗျာလောက အဓွန့်ရှည်ပါစေ။

နားမလည်ပါဘူး။ ကဗျာဆိုတာ ကဝိရဲ့ ပစ္စည်း ဆိုတဲ့ စကားတစ်ခွန်းပဲ ကဗျာနဲ့ ပတ်သတ်ရင် သိခဲ့တယ်။ ဖတ်နိုင်တဲ့ မျက်လုံးရှိတယ်။ တွေးတောတတ်တဲ့ ဦးနှောက်ရှိတယ်။ ခံစားတတ်တဲ့ နှလုံးသားရှိတယ်။ ကဗျာဟာ ကဗျာဖြစ်ဖို့ခြင်းမဖြစ်ခြင်းကို ငြင်းခုန်ဖို့ အာသီသမရှိခဲ့၊ ကဗျာဆိုတဲ့ စကားလုံးအတွက် ကျွန်တော် ဖတ်ခွင့်ရပါရစေ ဆိုတဲ့ စကားတစ်ခွန်းကလွဲလို့ ဘယ်အရာမှ ပြောစရာမရှိခဲ့။

လူငယ်တို့ရဲ့ ခံယူချက်တို့ကခုန်ရာ ကမ္ဘာကို ကဗျာရွာ လို့ခေါ်ချင်ရင် ဖြစ်မလား။ ကိုယ့်နှလုံးသားလေး လတ်ဆတ်ရာနေရာကို ကဗျာရွာလို့ ခေါ်ရင်ဖြစ်မလား။

(-)

ပိုပြီးလှိုင်းထန်လာတဲ့ မီးခိုးငွေ့တွေ…။

ဒါ အဆိပ်အတောက်ပဲ။ ဒါ ဆေးပဲ။ သိသူအများအပြားထဲ ကိုယ်ပျော်ဝင်ရာ ပျော်ဝင်ချင်နေကြတဲ့ ယုံကြည်ချက်ရဲ့ သားကောင်တွေ။ အမှန်တရားတွေထဲ ကိုယ့်ကိုယ်ကိုယ် ပစ်ချထားတဲ့ သားကောင်၊ ဘယ်မုဆိုးလိုက်လိုက် ဒီစက်ကွင်းကို မတိုက်ခိုက်နိုင်ဘူး။ သစ္စာတရားဆိုတာ မြင့်မြတ်တဲ့ တံတိုင်းပဲ။ သားကောင်တော့ သားကောင်၊ မုဆိုးတိုင်း ဒူးထောက်ရတဲ့ သားကောင်။

မျက်ဝန်းရှေ့မှာ မြင်နေရတဲ့ သားကောင်တွေကိုကြည့်ရင်း ကိုယ့်ကိုယ်ကိုယ်တွေးမိတော့ စိတ်က ထောက်ခနဲ အားပြတ်လုလု။ ခိုင်မတ်တဲ့ ယုံကြည်ချက်ကို သူတို့လိုတည်ဆောက်ဖို့ ကြိုးစားရဦးမယ်ဆိုတဲ့ အသိတရား၊ လွတ်လွတ်ကျွတ်ကျွတ်ရူးပြီး ဘဝထဲကို အမှောင်သွင်းမလို့လား ဆိုတဲ့ သတိစကား။ ခြေလှမ်းတွေဟာ ဘယ်ကိုမှ မရွေ့သေးဘူး။ ရပ်တယ်။ မီးခိုးငွေ့မြို့တော်မှာ ကိုယ်ရပ်နေတုန်းပဲ။ ကိုယ့်ဦးနှောက်က အသိတွေ လင်းလက်နေတာလား၊ မှိုင်းမိထားတာလား။ ကိုယ်ကိုယ်တိုင်ဝေခွဲမရ။ မီးခိုးလုံးတွေ စိုက်လိုက်မက်တပ် တက်လာနေတုန်းပဲ။ ကိုယ့်အဆုတ်ထိရောက်အောင် မရှုရှိုက်မိသေးဘူး။

ကိုယ့်ယုံကြည်ချက်တို့ ခိုင်မတ်ရာ တစ်ခုခုတော့ ရှာမှဖြစ်မယ် ဆိုတဲ့ သတိစကားမှာ ကိုယ်ဟာ ဘယ်ကို ရွေ့ရမယ်မသိသေးဘူး။ ကိုယ်ပျော်တဲ့ ကမ္ဘာဟာ ငွေကြေးပေါများတဲ့ ကမ္ဘာလား၊ ကိုယ့်ရဲ့ ဖန်တီးရှင်ကမ္ဘာလား။ ကိုယ့်ခြေတွေက တွေဝေနေတုန်း။ မီးခိုးတွေကလည်း အဆက်မပြတ် လှိုင်းလုံးတွေလို ရိုက်ခတ်နေတုန်းပဲ။ ကိုယ်မျက်လုံးရှေ့က သားကောင်တွေကတော့ တဟေးဟေးပျော်လို့။ မုဆိုးတိုင်း ဒူးထောက်ရတဲ့ သားကောင်တွေ ဘဝကို သူတို့ လွတ်လွတ်ကျွတ်ကျွတ်ရွေးချယ်တယ်။ ကိုယ်… ကိုယ်က ဘယ်လမ်းရွေ့မှာလဲ။ ကိုယ်ရွေးချယ်တဲ့ ကမ္ဘာမှာ ကိုယ့်နှလုံးသားနေပျော်မှ ဖြစ်မယ်ဆိုတဲ့ အသိက မတွေးရပါပဲ ရောက်လာတယ်။ ကိုယ် ခုထိ မီးခိုးလုံးတွေကြားမှာ တွေဝေနေတုန်း………….။။

ဒွိဟလမ်းဆုံမှာ ခုထိ ရပ်နေတုန်းပဲ။


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...