Saturday, February 8, 2025

“ငှက်ကလေးတစ်ကောင်အတွက်”



ဒီဇင်ဘာဟာအေးစိမ့်စိုစွတ်၊ အလွမ်းဆိုတာ ဒီဇင်ဘာရဲ့ မွေးချင်းပေါက်ဖေါ်၊ အသဲကွဲခြင်းဆိုတာ ဒီဇင်ဘာရဲ့ ကစားစရာ။အဖြေသိနေတဲ့ မေးခွန်းနောက်ကနေ တောက်လျှောက်လိုက်ရင်း အဖြေကိုဖျောက်ထားတယ်။ သိလား။ ကိုယ့်လက်တွဲဖေါ်ဟာ ငှက်ကလေးဖြစ်လေမလားဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ် တောက်လျှောက် ပျော်နေခဲ့တာပေါ့။ အယောင်ဆောင်ပျော်ရွှင်မှုတွေဟာ အစစ်အမှန် တစ်ခုတွေ့လိုက်တိုင်း နှလုံးသားကို ဖျစ်ညှစ်ထားသလို နာတယ်။ သွေးစိမ်းရှင်ရှင်ထွက်ကျတာမဟုတ်ဘူး။ နှလုံးသားပါ ကြေမွသွားတာ။ကြည့်လေရာနေရာတိုင်းမှာ နှုတ်ခမ်းထူထူနဲ့ ကိုယ့်ငှက်ကလေးများ ရှ်နေလေမလားရယ်လို့ ရှာရတာအမောပဲ။ ငှက်ကလေးဟာ နေရာစုံမသွားတတ်မှန်းသိသိနဲ့ သွားလေမလား တွေးခဲ့ဖူးတယ်။ နေ့ခင်းက သူငယ်ချင်းတစ်ယောက်ရဲ့ ဝတ္ထုစာသားလေး။ သိပ်ကြိုက်တာပဲ။ချစ်လွန်းလို့ကို ဖွင့်မပြောတော့တာ တဲ့။ ကိုယ်ကကော။ ကိုယ်ကတော့ ချစ်လွန်းလို့ဖွင့်မပြောတာမဟုတ်ဘူး။ ဖွင့်ပြောခွင့်မရှိတဲ့ဘဝမို့ ငြိမ်ငြိမ်သက်သက်ငေးကြည့်နေခဲ့ရရုံ။ငှက်ကလေးဟာ သေနတ်တစ်ချက်မပစ်ဖေါက်ပါဘဲ ကိုယ့်အတွက် ကယ်တင်ရှင်ဖြစ်ခဲ့ဖူးတယ်ဆို သူယုံပါ့မလား။ ဟုတ်တယ်။

ကိုယ့်စိတ်ခစားချက်တွေ အေးစက်ဆွံ့အချိန်တိုင်းမှာ သူ့အကြောင်းလေးတွေးလိုက်ရုံနဲ့ ကိုယ့်နှလုံးသားကြီးက လင်းလင်းလက်လက်။ လက်ဟာ စက်တပ်ထားသလို ရေးသွားလိုက်တာများ။ တစ်ခါတစ်ခါဆို ကိုယ်ကိုယ်တိုင်တောင် ပြန်စဉ်းစားမိရဲ့။ ကိုယ့်စိတ်ခံစားချက်ဟာ ငှက်ကလေးအတွက်ဘယ်လောက်ထိ ထုထည်ကြီးမားခဲ့ပါသလဲလို့။များတယ်။ သူနဲ့ပတ်သတ်သမျှ သူ့လက်သည်းခွံလေးအစ သူ့မျက်တောင်လေးအဆုံး မြင်ဖူးသမျှအားလုံးဟာ အမှတ်တရ သိမ်းဆည်းမထားပါဘဲ အမှတ်တမဲ့အနေနဲ့ ကိုယ့်နှလုံးသားထဲမှာ ရှိနေတုန်းပဲ။ အမှတ်တရထုတ်မကြည့်ပါဘဲ အမှတ်တမဲ့နဲ့ လာလာမြင်နေရတဲ့ စိတ်မျက်ဝန်းကို ဘယ်လိုနည်းနဲ့ ပိတ်ရမလဲ ကိုယ်တကယ်မသိဘူး။ ညညအိပ်မပျော်တိုင်း သူ့အကြောင်းတွေးပြီး မိုးလင်းခဲ့တဲ့ညတွေ များလာပြီ။သတိရခွင့်ဆိုတာမှာလည်း အကန့်အသတ်ရှိကြောင်း သိလိုက်ရ။ ရင်ထဲမှာ ဆစ်ခနဲပဲ။ သတိရခွင့်မရှိတော့မယ့်နေ့ ဆိုတာကို တွေးကြည့်လိုက်ရုံနဲ့ ကိုယ်ငိုတတ်ခဲ့တာ သူမသိလောက်ဘူး။ တတာ ဆိုတဲ့ စကားလေးတစ်ခွန်းနောက်မှာ မငိုမိအောင်တားဆီးလိုက်ရတဲ့ မျက်ရည်တွေကို သူ မမြင်လောက်ဘူး။ ရူးတယ်။ ရူးတယ်။ တကယ်ရူးတယ်။ တစ်ခါတစ်ခါဆို ဆင်ခြင်ထားတဲ့ ဦးနှောက်ကို သိပ်သတ်ပစ်ချင်တာပဲ။ ချစ်သူကို ချစ်တယ်လို့တော့ ပြောပြခွင့်ရဖူးချင်တယ်။ ဒါဆို ကိုယ့်စိတ်ကြီးလင်းလက်သွားမလား။စိတ်ကြီးက ဘယ်လောက်စွဲစွဲ၊ ခဏတဖြုတ်အိပ်ဖြစ်တဲ့အခိုက်မှာတောင် အိပ်မက်ကို အလည်မလာခဲ့တဲ့အတွက် ငှက်ကလေးကိုစိတ်ကောက်ချင်ရဲ့။ ခက်တာက ကိုယ့်မှာမှ စိတ်ကောက်ခွင့်မရှိပဲ။ သတိရမိတိုင်း “ငှက်ကလေးရေ” လို့ အော်ခေါ်ခွင့် ရှိမလာတော့မယ့်နေ့ကြီးဟာ တဖြည်းဖြည်းနီးလာ၊ ရှင်သန်ခြင်းဟာ အဆိပ်တစ်ခုလိုကိုယ့်ကို နှိပ်စက်နေရဲ့။ တစ်ချက်ချက်နဲ့ ကုန်သွားတဲ့ စက္ကန့်တံလေးတွေမှာ ကိုယ့်မျှော်လင့်ခြင်းတွေ တတိတိနဲ့သေဆုံးသွားတယ်။ မသိဘူး။ သူမသိဘူး။ သူ လုံးဝမသိဘူး။ သူ့အမြင်မှာ ကိုယ်ဆိုတဲ့ သစ်ပင်လေးဟာ သဲတစ်မှုန်လောက်တောင် အရေးမပါခဲ့၊ အကြောင်းရှိမှ ခေါ်ခံရတဲ့ နာမည်လေးတစ်ခု တဲ့။ ဖျတ်ခနဲ မျက်ရည်ကျကျလာတတ်တဲ့ အကျင့် ဘယ်အချိန်ကတည်းက စွဲခဲ့တယ် မသိဘူး။ ငှက်ကလေးလို့ ရေရွတ်မြည်တမ်းရုံနဲ့ ကိုယ့်မျက်ဝန်းတွေ စိုစွတ်လာတတ်တာ အကျင့်ကြီးတစ်ခု ဖြစ်နေတတ်ပြီ။ ဒီဇင်ဘာဟာအေးစိမ့်စိုစွတ်၊ အလွမ်းဆိုတာ ဒီဇင်ဘာရဲ့ မွေးချင်းပေါက်ဖေါ်၊ အသဲကွဲခြင်းဆိုတာ ဒီဇင်ဘာရဲ့ ကစားစရာ။ ကိုယ်က ဒီဇင်ဘာရဲ့လက်ထဲ ကစားစရာအရုပ်လေးတစ်ရုပ်ကိုဖြစ်လို့။ သိလား။ ကိုယ်ပြုံးတတ်တယ်။ ငိုနေရက် မျက်ရည်မကျအောင် ပြုံးတတ်တယ်။ငှက်ကလေးတစ်ကောင်ကို ချစ်မိပါပြီဆိုကတည်းက တိတ်တိတ်လေးငိုရင်းပြုံးတတ်တာ အကျင့်တစ်ခုကို ဖြစ်လို့။ ငှက်ကလေးကို ချစ်မိပါပြီဆိုကတည်းက အသံတွေကို ဝေဖန်ပိုင်းခြားတတ်ခဲ့တာ အကျင့်တစ်ခုကြီးကို ဖြစ်လို့။တိတ်ဆိတ်မှုတွေကြီးစိုးနေတဲ့ သူနဲ့ကိုယ့်ကြား ဖျတ်ခနဲ အလင်းတန်းတစ်ချက်၊ သူ့လက်သန်းနဲ့ကိုယ့်လက်သန်းလေး ထိစပ်သွားတဲ့အခါ ….။ရပ်တန့်…………..ထား လိုက် ချင်တယ်။ သူနဲ့ကိုယ့်ကြား တွေ့ဆုံမှုနဲ့ အဆုံးသတ်၊ သူနဲ့ကိုယ့်ကြား တိတ်ဆိတ်မှုတွေ ကြီးစိုးနေပေမယ့် အနည်းဆုံးတော့ သူနနဲ့ကိုယ်ဟာ တစ်နေရာတည်းမှာ အတူတကွ ထိုင်နေမိလျှက်သား ရှိနေခဲ့တယ်မဟုတ်လား။ ခုတော့ လက်ပြနှုတ်ဆက်၊ အရာအားလုံးဟာ တိတ်ဆိတ်မြဲတိတ်ဆိတ်လို့ ခြောက်ကပ်ခြင်းတွေ ပိုလာခဲ့တာ ငှက်ကလေး ထွက်ခွာသွားခဲ့တဲ့ ကိုယ့်ပတ်ဝန်းကျင်ပေါ့။ဒီဇင်ဘာဟာ သူ့အဆိပ်မိုးကို ဆက်ရွာလို့ကောင်းတုန်းပဲ။ ကိုယ့်ဘဝထဲကို ကြဲချလိုက်တဲ့ အဆိပ်မိုးရေစက်တွေမှာ ငှက်ကလေးအတွက် ချစ်ခြင်းကို သတ်တဲ့ ဖြေဆေးတော့ မပါခဲ့ဘူး။ ဒါပေမယ့် ကိုယ့်ဝါသနာနဲ့ ယုံကြည်မှုကို ခါးလယ်က ပိုင်းဖြတ်ဖို့ မာရ်နတ်ပါလာခဲ့။ကိုယ်ဟာ ကိုယ် ရပ်ခဲ့တဲ့ နေရာလေးတိုင်းကို ငေးကြည့်လို့ တိတ်တဆိတ်လမ်းခွဲဖို့ ပြင်ဆင်နေရ။ မသိဘူး။ သူ ဒါတွေ သိမှာမဟုတ်ဘူး။ ခုချိန်မှာ သူကြိုးစားနေတာက ကိုယ့်ရဲ့ သတိရခွင့်တွေ အပြီးတိုင်ဆုံးရှုံးသွားဖို့။ မျက်ရည်..။ ဟင့်အင်း။ မကျတော့ဘူး။ ငှက်ကလေးဆိုတဲ့အမည်နာမကို ရွတ်ရုံနဲ့ ကိုယ်မျက်ဝန်းတွေ စိုစွတ်လာတတ်တာမှန်တယ်။ ဒါပေမယ့် ဒါ မျက်ရည်ကျတာမဟုတ်ဘူး။ အဆိပ်တစ်ပွင့်ပေါက်ကွဲတာ။ ချစ်ခြင်းတရားရဲ့ မီးတောင်တစ်ခု ပေါက်ကွဲတာ။ ဝုန်းဒိုင်းကျဲနေတဲ့ စိတ်အစုံနဲ့ သွား ၃၂ချောင်းပေါ်အောင်ပြုံးပြနေခဲ့၊ တွေ့လား ကိုယ့်မျက်ဝန်းထဲမှာ အဆိပ်တွေ ပွင့်နေတယ်။ကိုယ့် မျက်ဝန်းထဲမှာ အဆိပ်တွေ ပွင့်နေခဲ့တယ်။ငှက်ကလေး မသိမဲ့ ကမ္ဘာာ ကိုယ့်ကမ္ဘာဟာ သိပ်မကြာခင် ငှက်ကလေးဆီကရောက်လာတော့မယ့် ဖိတ်စာကိုမျှော်ရင်း အညိုရောင်ခြောက်သွေ့ခြင်းကို ကူးပြောင်းလို့။ ဒီဇင်ဘာဟာ စိတ်နင်စာတွေ သိပ်ပေါတာပဲ။ မျှော်လင့်ချက်တွေတစ်ခုပြီးတစ်ခုပေးပြီး သူပဲ တစ်ခုပြီးတစ်ခု ချေဖျက်ပြန်တယ်။ ခု ကိုယ့်အတွက်မျှော်လင့်ချက်ဆိုတာ ဖိတ်စာရောက်လာမယ့်နေ့မှာ အရာရာကို အတိတ်မေ့သွားဖို့။ ဟုတ်တယ်။ ကိုယ် အတိတ်မေ့ရောဂါ ရချင်တယ်။ဟော ဟိုမှာ ငှက်ကလေး။ သူ့ချစ်သူငှက်မလေးနဲ့ ကောင်းကင်မှာ ပျံဝဲနေလိုက်တာ။ ရင်တစ်ခုလုံးအောင့်သက်လာတဲ့ ခံစားချက်ကို သူသိအောင် အော်ပြောချင်ပေမယ့် ကိုယ် အော်မပြောခဲ့ဘူး။ ကိုယ်က သစ်ပင် မဟုတ်လားလေ။ သစ်ပင်တစ်ကောင်အတွက် ဒီဇင်ဘာဟာ အညိုးကြီးလှတဲ့ မုဆိုးပဲ။ အရာအားလုံးစတင်ဖို့ ဒီဇင်ဘာက ာကိုးပမ်းခဲ့ပြီး အရာအားလုံးကွယ်ပျောက်ဖို့လည်း ဒီဇင်ဘာကပဲ အမိန့်ပေးခဲ့တယ်။ ဟုတ်တယ်။ ဒီဇင်ဘာဟာ ကိုယ့်အတွက် သိပ်အညိုးကြီးတဲ့ မုဆိုးပဲ။ ငှက်ကလေးဟာ မမေ့မဖြစ်မေ့ရမယ့်စာရင်းထဲဝင်လာ၊ ရင်တစ်ခုလုံး အောင့်သက်နာကျင်မှုနဲ့အတူ ကိုယ့်မျက်ဝန်းတွေ စိုစိုစွတ်စွတ်။ ဒီဇင်ဘာက သိပ်အညိုးကြီးတဲ့ မုဆိုးကြီးတစ်ယောက်။


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...