Saturday, February 8, 2025

“ဘောင်မဲ့လူ”



လေးထောင့်ကျကျစတုဂံများ၊ သုံးနားရှိသော တြိဂံများကို ကိုယ်မနှစ်သက်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့ကိုယ်သူတို့ စတုဂံ၊ တြိဂံဟု သတ်မှတ်နိုင်သည့် ဘောင်ဖြင့် ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်။ ကိုယ်သည် ဘောင်ဆိုသည့်အရာတစ်ခုကို အဝတ်အစားဝတ်ရာတွင်ပင် မကျင့်သုံးချင်ပါ။ အရှက်လုံ၊ လူမြင်ကောင်းရုံနှင့် ကိုယ့်စိတ်ကို လွတ်လပ်ပေါ့ပါးစေရမည် ဆိုသည့်အချက်သည် ကိုယ်အဝတ် ရွေးချယ်ရာတွင် အမြဲအသုံးပြုသော စည်းဖြစ်သည်။ တောင်ရှည်ပုဆိုးနှင့် ခေါင်းပေါင်းကို ဝတ်ဆင်၍ ကိုယ့်ကိုယ်ကိုယ် စိတ်နှင့် ကမ္ဘာခြားသို့ မပို့လိုပါ။

“ကိုယ်ဟာ မရည်ရွယ်ဘဲ ဘောင်တစ်ခုအောက်သွားခဲ့တယ်ဆိုရင် ကိုယ်ထိုးဖေါက်ထွက်ရမှာပဲ။ ”

အစဉ်အလာ၊ ဘာသာတရားနှင့် လိုအပ်သော နားလည်သိတတ်မှုဆိုသည့် ဘောင်ကလွဲလို့ ကျန်မည်သည့်အရာကိုမှ ကိုယ့်ကို ချုပ်ထိန်းခွင့်မပေးချင်။ ကိုယ်သည် ကိုယ့်စိတ်အနေအထားအရကိုယ် ကောင်းကင်ပေါ်၌ ပျံဝဲနေသည့် မိုးပျံပူဖေါင်းလေးဖြစ်မည်။ ကိုယ့်နောက်တွင် ကြိုးတန်းလန်းဖြင့် ထိန်းချုပ်သူ မပါစေချင်။ မပါစေလို။

ဘောင်နှင့် ပတ်သတ်သည့် ကိုယ့်စိတ်ခံစားချက်သည် အနည်းငယ်တော့ ပြင်းထန်ကောင်းပြင်းထန်နေပါလိမ့်မည်။ သို့သော် ကိုယ်သည် ကိုယ့်လွတ်လပ်ခွင့်အတွက် အချစ်ဆုံးသော၊ အလေးစားဆုံးသော အစ်မနှင့်ပင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ကိုယ့်လှုပ်ရှားမှုမှန်သမျှတွင် ကိုယ့်နှလုံးသားနှင့် ဦးနှောက်မှ ချုပ်ထိန်းထားသော အကန့်အသတ်ရှိသည်။ ယနေ့ထိ ကိုယ်သည် ထိုအကန့်အသတ်ကို ကျော်လွန်ဖူးသူမှာ အစ်မတစ်ယောက်တည်းသာ ရှိသည်ဟု ကိုယ့်အပြုအမှုကိုယ် ယုံကြည်သည်။ ထိုကဲ့သို့ ရုန်းထွက်ရင်းပင် ကိုယ့်ကို ဘောင်ထဲသို့ ဆွဲဆွဲသွင်းနေကြဆဲ ဖြစ်သည်။ ကိုယ်ကလည်း ကိုယ့်ဘောင်နှင့်ကိုယ်သာ လွတ်လပ်စွာ နေခဲ့သူ ဖြစ်သည်။


အစ်မက ကိုယ့်ထက် အသက်ကြီးသည်။ ပညာပိုတတ်သည်။ လူ့လောကအကြောင်းကို ပို၍ သိသည်။ မှန်သည်။ ထို့အတွက်ပဲ ကိုယ့်စွန့်စားခန်းတို့ကို သူ့စိတ်တိုင်းကျ ရှောင်ကွင်းမသွားလိုပါ။ သူပြောသမျှအမှန်ထင်၍ သူလုပ်သမျှသာ အမှန်ဖြစ်သည်ဆိုသည့် စိတ်ကြီးစိုးနေသည့် အစ်မနှင့် ကိုယ်သည် တစထက်တစ ဝေးကွာလာ၏။ တစထက်တစ်စဝေးကွာလာပြီဖြစ်သည်။

ယခု ကိုယ်သည်လေးထောင့်ကျကျဘောင်တစ်ခုအတွင်း ပိတ်မိလုပိတ်မိခင် ဖြစ်နေသည်ကို အလန့်တကြားဖြင့် သိလိုက်ရသည်။ ကိုယ် ဘောင်တွင်း မပိတ်မိလိုပါ။ ထို့ပြင် ထိုဘောင်သည် ကိုယ့်ဦးနှောက်မှ နားမလည်သော ဘောင်ထဲတွင်ပါဝင်သလို ကိုယ့်နှလံုံးသားမှ ခွင့်မပြုသော ဘောင်တွင်ပါဝင်နေသည်။ သို့သော် ကိုယ့်ဘက်မှ သိတတ်မှုဆိုသည့် ဘောင်လေးတစ်ခုသာ အကျုံးဝင်ပေသည်…။

ကိုယ့်ကို လေးထောင့်ကျကျ ဘောင်တွင်းသို့ ဆွဲသွင်းသူမှာ အခြားမဟုတ်၊ ကိုယ်သာ ဖြစ်သည်ဟု ကိုယ်ကိုယ်တိုင်သိသည်။ ကိုယ်သာ ထိုဘောင်တွင်းသို့ မသက်ဆင်းမိခဲ့လျှင် ခုလို ပိတ်မိစရာရှိမည်မဟုတ်။ ခုတော့ ကိုယ့်ခြေကိုယ့်လက်နှင့် ကိုယ် သက်ဆင်းမိပြီ ဖြစ်၏။ ကိုယ့်အတွက်တော့ ထိုဘောင်သည် “ကတိ” ဆိုသည့် စကားလောက်မလေးနက်ပါ။ ကိုယ့်အတွက်တော့ ထိုဘောင်သည် “သံယောဇဉ်”ဆိုသည့် စကားလောက် မလေးနက်ပါ။ ကိုယ့်အတွက်တော့ထိုဘောင်သည် “စာချုပ်” ဆိုသည့် စကားတစ်ခွန်းသာ ရှိသည်။ ဟုတ်၏။ စာချုပ်ဆိုသည့် စကားတစ်ခွန်းသာသာ ရှိပေမည်။

“ကတိ” ဆိုသည့်အရာကို ဘောင်ဟု ကိုယ် မသတ်မှတ်လိုပါ။ ကိုယ်တို့နေ့စဉ် ရှင်သန်လှုပ်ရှားနေသည့် ဘဝကြီးဝယ် ကတိကြိုက်လျှက် ကတိဖျက်သူနှင့် ကတိကြိုက်လျှက် ကတိပျက်သူ၊ ကတိမကြိုက်သူ ဟု အစားစား ရှိပေလိမ့်မည်။ ကိုယ်ကတော့ ကတိကို ကြိုက်၍ ထိုကတိကိုလည်း တည်အောင်ကြိုးစားသူဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်သည်။ ထိုကိုယ့်စကားကိုပင် တာဝန်ပြန်ယူနိုင်ပါသေးသည်။ ကိုယ့်ဘက်က ပေးလိုက်သည့် ကတိတစ်ခုသည် ထိုလူ နှင့်ကိုယ်သည် အကြောင်းအရာတစ်ခုကြောင့် ပဋိပက္ခဆိုသည့် ခေါင်းစဉ်အောက်ရောက်သွားစေကာမူ အကျုံးဝင်ပါသည်။ ကိုယ်ပေးလိုက်သည့် ကတိကို ကိုယ်ကိုယ်တိုင် တန်ဖိုးတစ်ခုအနေဖြင့် သတ်မှတ်ထားပါသည်။ တချို့ရှိကြသည်။ “ငါ ကူညီမယ်၊ လုပ်ပေးမယ်” ထိုစကားတစ်ခွန်းကိုဆိုလျှက် ကတိထားသူနှင့် ကတိပေးသူနှစ်ဦးအကြား ပဋိပက္ခပေါ်သောအခါ ထိုကတိသည် အလိုလို ပျက်လျှက်သား ဖြစ်ကြသည်။ ကိုယ် ထိုသို့သော လူစား မဖြစ်ချင်ပါ။ ထိုလူစားမျိုးကိုမည်သို့သော လူစားဟုလည်း ကိုယ်တံဆိပ်မကပ်ချင်ပါ။ အရေးကြီးသည်က အချိန်တိုင်းကိုယ်သည် ထိုသို့သော လူစားမဖြစ်ရန် ထိန်းသိမ်းဖို့သာ လိုပါသည်။ ကိုယ့်အတွက်တော့ ကတိသည် ပေးသည်ဖြစ်စေ၊ ယူသည်ဖြစ်စေ တူညီသည့် တန်ဖိုးရှိသည်။ ဟုတ်သည်။ ကတိအခါခါပေးလျှက် ဖျက်နေသူ၊ အကြောင်းကြောင်းကြောင့် ပျက်သွားသူကို မလိုချင်သလို ကတိမပါသော သဘောတူညီမှုကိုလည်း မလိုချင်ပါ။ ကတိပေးနည်းသည်ဖြစ်စေများသည်ဖြစ်စေ ထိုကတိကို ထိန်းသိမ်းသူနှင့်သာ ရင်ဖွင့်ပေါင်းလိုပါသည်။ ထိုအရာသည်ပင် ကိုယ့်ဦးနှာက်နှင့် နှလုံးသားမှ တူညီစွာ ကန့်သတ်ထားသော ဘောင်ဟု ဆိုချင်သည်။

“သံယောဇဉ်” ဆိုသည့်အရာသည် “နားလည်ပေးမှု” ဆိုသည် ခေါင်းစဉ်အောက်သို့ရောက်သွားသည်ထင်ပါသည်။ သံယောဇဉ်ရှိသူအချင်းချင်း ကူညီပေးမယ်၊ လုပ်ပေးမယ်၊ ကတိပေးတယ် ငါလာခဲ့မယ် စသဖြင့် ကတိစကားများစွာ ရှိပေလိမ့်မည်။ ထိုကတိစကားများသည်ပင် သံယောဇဉ်ကြောင့် ဖြစ်တည်ခဲ့ခြင်းဖြစ်သည်မို့ မလုပ်ပေးနိုင်တော့သည့်အခါမျိုးတွင်လည်း ထူးထွေ ရှက်ရွံ့နေစရာမလိုပါ။ “ငါမကူညီပေးနိုင်တော့ဘူး သူငယ်ချင်းရာ၊ ငါမလာနိုငတာ့ဘူးကွာ”စသဖြင့် ပွင့်လင်းစွာ ဖွင့်ပြောလိုက်ရုံနှင့် နားလည်ပေးနိုင်ကြသည်။ အချိန်ဆိုသည် ခေါင်းစဉ်ထက် စိတ်နှလုံးသားချင်းနားလည်သည့် သံယောဇဉ်ရှိသူတို့အကြား ပို၍ နားလည်မှုရှိကြသည်ဟု ကိုယ်ထင်သည်။ ထို့ကြောင့် ကိုယ်သည် သံယောဇဉ်ဖြင့် ဖြစ်တည်လာသော ဘောင်ကိုတော့ ဘောင်မဲ့ဘောင် ဟုသာ သတ်မှတ်ချင်တော့၏။ အကန့်အသတ်မရှိပေဘူး မဟုတ်ပါလား။

“စာချုပ်” ဆိုသည့်အရာကတော့ အိမ်ရှင်အိမ်ငှား စာချုပ်သာသာ သာ ရှိသည်။ ကိုယ်နှင့် သူ့အကြား မည်သည့် သံယောဇဉ်မှ အရင်းမခံသလို ကိုယ်က ကိုယ့်လိုအပ်ချက်အရ သူနှင့် စာချုပ်ချုပ်ရခြင်းဖြစ်၍ သူကလည်း သူ့လိုအပ်ချက်အရ ကိုယ်နှင့် စာချုပ် ချုပ်ရခြင်းဖြစ်သည်။ ကိုယ်နှင့်သူ့ကြားအခြားထူးထွေသော ခင်မင်ရင်းနှီးမှု၊ လေးစားမှု၊ စိတ်ဆန္ဒတို့ မပါဝင်ခဲ့။ ကဲ ခုတော့ ကိုယ် စာချုပ်ကဲ့သို့ နှလုံးသားမပါသည့် ဘောင်တစ်ခုအတွင်းသို့ ကျရောက်လုကျရောက်ခင် ဖြစ်နေပြီ ဖြစ်၏။ ရုန်းထွက်ဖို့သာ ကိုယ် အလိုရှိပါသည်။

ထိုဘောင်ဖြစ်တည်ပုံသည် မဆန်းကြယ်ခဲ့ပါ။ ကိုယ်တို့၏ နေ့စဉ်လူနေမှုဘဝများစွာထဲမှာ အစဉ်အမြဲလိုလို ကြုံနေမှာဖြစ်သည်။ ဆိုကြပါစို့။ ယခု အိမ်ရှင်သည် အိမ်ငှားဖြစ်သည့် ကိုယ်၏ ဘဝနေထိုင်ပုံကို ဝင်ရောက်စွက်ဖက်ခဲ့ပြီဆိုပါစို့။ တစ်လတစ်ခါ အမှိုက်ရှင်းရေးလမ်းစဉ်လုပ်ထားသည့် ကိုယ့်လူနေမှုဘဝအား တစ်ပတ်တစ်ခါရှင်းဖို့ ဖိအားပေးလာပြီဆိုပါစို့။ မှန်သည်။ အိမ်ရှင်မှန်နေသည်။ သူ့အိမ်တွင် ငှားနေ၍ သူကလိုအပ်ချက်ကို ပြောသည်မှာ သူမမှားပါ။ မှားသည့်အချက်က စာချုပ်ချုပ်ဆိုရာတွင် မပြောခဲ့ခြင်းဖြစ်သည်။ စာချုပ်ချုပ်ဆိုရာတွင်အိမ်ကို သန့်ရှင်းအောင် နေထိုင်ပေးပါ ဟူသည့်အချက်ပင် ဖြစ်သည်။ ယခုတော့ သစ်ရွက်ကြွေတို့အကြား လမ်းလျှောက်ရသည်ကို နှစ်သက်သည့်ကိုယ့်အား မဖြစ်စလောက်ကြွေသည့် သစ်ရွက်လေးများအား တစ်ပတ်တစ်ခါ ရှင်းထုတ်ပစ်ရန် ခိုင်းစေလေပြီ။ ဟုတ်သည်။ ကိုယ်သည် အလုပ်သမားမဟုတ်ဘဲ အခိုင်းစေခံလိုက်ရခြင်းဟု ယူဆမိသည်။ ကိုယ့်စိတ်လွတ်လပ်မှုအား အဓမ္မကျင့်ရန် ချောင်းမြောင်းခံလိုက်ရသလို ခံစားနေရသည်။ ကိုယ် မည်ကဲ့သို့ ရုန်းထွက်ရမည်လဲ။

တစ်ခုသာ ရှိပါသည်။ ကိုယ့်စိတ်လွတ်လပ်မှုအတိုင်း စာမချုပ်နိုင်လျှင် ကိုယ်က တခြားနေရာသို့ သွားငှားရန်သာ ရှိသည်။ သို့သော် ကိုယ့်ဦးနှောက်ကြီးက ကျန်ရှိသော သက်တမ်းတို့အတွက် ခွင့်မပြု။နှလုံးသားနှင့် သံယောဇဉ်ကဲ့သို့သော စိတ္တဇနာမ်များက အားပါးတရ ခွင့်ပြုနေကြသော်လည်း ဦးနှောက်ကြီးက ခွင့်မပြု။ သိတတ်သော၊ လိမ္မာသော သားတစ်ယောက်ဘဝသို့ အလိုမတူဘဲသွတ်သွင်းရန် ကိုယ့်ဦးနှောက်ကြီးကပါ ကြိုးစားနေပြီဖြစ်၏။

ထိုကဲ့သို့သော အကျင့်ကိုတော့ စကတည်းက မမွေးမြူချင်ပါ။ ကိုယ်သည် ဘာသာသာသနာ ညှိုးနွမ်းအောင် တစ်စုံတစ်ခု လုပ်ဆောင်ခြင်းမဟုတ်သလို ကိုယ့်မိသားစု ဘဝပျက်အောင်လည်း လုပ်ဆောင်ခြင်းမဟုတ်ပါ။ ထို့အတွက် ဦးနှောက်ကြီးက ခွင့်မပြုတောင် နေရာ ရှာဖို့ ကြိုးစားမိပါလိမ့်မည်။ အမှန်တကယ်လည်း ကြိုးစားနေပါသည်။ ကိုယ်သည် ဒီအိမ်တွင် ငှားနေရမှ ညတွင် အိပ်စရာနေရာတစ်ခုရှိမည့်အခြေအနေမဟုတ်ပါ။ နေ့တွင် လှဲစရာအခြေအနေတစ်ခုရှိမည်မဟုတ်ပါ။ ဒီအိမမ်ငှားခနှင့်တူညီသည့် ပိုက်ဆံကို သုံးခြင်းအားဖြင့် ကိုယ့်အတွက် စိတ်လွတ်လပ်မှုရှိသည့်နေရာကို ရှာတွေ့နိုင်ပါသည်။

တစ်ခါတစ်ရံ၌ ဦးနှောက်သည် လူကို နိုင်မည်မထင်ပါ။ လူကို စိတ်ကလည်း အမြဲနိုင်မည်မထင်။ လူ့လောကတွင် ကြုံတွေ့ရသည့် အခြေအနေတို့သည် စိတ်နှင့်ဦးနှောက်ကို တစ်လှည့်စီအနိုင်ပေးနေသကဲ့သို့ရှိ၏။ ကိုယ်ကတော့ စိတ်နှင့် ဦးနှောက်ကို အမြဲလိုလို တန်းတူထားခဲ့ပါသည်။ သို့သော် ယခုကဲ့သို့ ဦးနှောက်မနိုင်နိုင်သော အခါမျိုး နည်းပါးပါသည်။

တစ်ခါတစ်ရံ လောကကြီးက ရယ်ရသည်။ လူတစ်ယောက်၏ ဖြစ်တည်နိုင်စွမ်းကို အဆုံးအစမရှိတွက်ချက်ပြီး သူကိုယ်တိုင်ပဲ ကန့်သတ်နေသည်။ ကိုယ်ကတော့ အကန့်သတ်ခံလူတန်းစား မဖြစ်ချင်ပါ။ ထို့အတွက် ကိုယ့်စိတ်နှင့်ကိုယ့်ဦးနှောက်အား တခြားသူဝေဖန်ပိုင်းမရနိုင်သော နယ်ပယ်တွင် ထားရှိလိုပါသည်။ ကိုယ်သည် ဘောင်အောက်မဝင်သော်လည်း ယုတ်မာညစ်ညမ်းသော လူတစ်ယောက်မဟုတ် ဟူသည့် အတွေးအမြင်မျိုးရှိလျှင်တော်ပြီဖြစ်သည်။ ဟုတ်သည်။

ကိုယ် အိမ်ရှင်ကဲ့သို့ လိုအပ်ချက်ကို စာချုပ်ချုပ်ပြီးမှ အပိုင်ကိုင်ပြောတတ်သော သူ မဖြစ်ချင်ပါ။ ကိုယ်သည် ဘောင်မဲ့သူတစ်ဦးဖြစ်သည်။ ကိုယ့်စိတ်အနေအထားအရကိုယ် မိုးပျံပူဖေါင်းကဲ့သို့ လေမှာလွင့်နေသည်မို့ အချိန်မရွေးသူတစ်ပါး၏ ချောင်းမြောင်းလုပ်ကြံခြင်းကို ခံရနိုင်ပါသည်။ ကိုယ်မကြောက်သလို ကြိုတင်ကာကွယ်မထားပါ။ ကိုယ်သည် ကိုယ့်လိပ်ပြာ၏အလှကိုသာ ကိုယ့်ကို ကာကွယ်တားဆီးထားသည့် ဘောင်အဖြစ် ယုံကြည်သတ်မှတ်ထားသည်။ ထိုဘောင်သည်ပင် အကန့်အသတ်မရှိ ကျယ်ပြန့်နေသည်မို့ ကိုယ့်အတွက် ဘောင်မဲ့တံတိုင်းဖြစ်နေသည်မဟုတ်ပါလား။


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...