Saturday, February 8, 2025

“တောင်တက်ခြင်းဝါသနာဟာ လှသထက် လှ လှ လာ”

စိတ်တစ်ခုလုံး ပင်ပန်းနေတာ ဘာနဲ့ အစားထိုးဖြေသိမ့်ရမလဲ ။ အဖြေသိသိနဲ့ ကိုယ့်ဘာသာ စဉ်းစားတုန်းပဲ။ စိတ်ရဲ့ အတိမ်အနက်နောက် ခြေရာကောက်ကြည့်ဖို့ ကြိုးစားခဲ့သမျှ တစ်ခုခုဆို အပြင်းအထန်ခံစားပစ်တတ်တာ ကိုယ့်အကျင့်။ ခုတော့ သေရာပါအကျင့်ကြီးနဲ့ ကိုယ့်မှာ ဒုက္ခရောက်ရပေါ့။

ကိုယ့်လက်က ငွေဆုံးရှုံးတာတောင် မျက်နှာမပျက်ဘူး။ သိက္ခာဆုံးရှုံးမှာကိုတော့ သေမလောက်ကြောက်ခဲ့သူ။ ကြွေတစ်လှည့်ကြက်တစ်ခုန်စီးပွားရေးကို မျက်နှာလွဲခဲပစ်နိုင်ခဲ့သူ၊ သိက္ခာတရားဆိုတာကြီးကို ကိုးကွယ်လို့ မြူထပ်နေတဲ့ လမ်းကိုမှ လျှောက်ချင်ခဲ့သူ။ မြူအထပ်ထပ်ကြား ဆူးစူးတော့ မျက်ရည်ဝဲမိတာ အဆန်းသား။ ကိုယ့်ဂုဏ်ကိုယ်ဖေါ်လိုက်မိတဲ့ မသူတော်လေးကိုယ်က ကိုယ့်စိတ်အပျော့စားလေးကို ဘယ်လိုအဖုံးအုပ်ထားရမလဲ။


ပျော့တယ်။စိတ်ကြီးက သိပ်ပျော့တယ်။ ပြတ်သားမာထန်တတ်အောင်လေ့ကျင့်ပါလို့ ဘယ်သူပြောပြော နားမထောင်တတ်တဲ့ စိတ်ကြီးနဲ့ ကိုယ့်နှလုံးသား သိပ်ပြီး ပုံသွင်းလွယ်တယ်။ အရောင်စွန်းလွယ်တယ်။ ကိုယ့်ကိုယ်ကိုယ် ထောင့်မှန်ကျအောင် ဘယ်လိုပုံသွင်းထားထား နည်းနည်းလေးတွန်းတိုက်မိရုံနဲ့ ပုံပြောင်းလွယ်တယ်။ ကိုယ့်စိတ်ကိုယ့်နှလုံးသားရဲ့ အဖြူထည်ကို ဘယ်လိုဆက်ထိန်းထားထား၊ တွန်းတိုက်မှုတွေရဲက ရိုက်ခက်မှုတွေကိုတော့ ကိုယ်မတွန်းလှန်နိုင်တဲ့အခါ စိတ်ကြီးက ကြောင်ချေးလိုပဲ။ ပျော့ပျော့လေးနဲ့ ရိုင်းချင်လာတယ်။

ကိုယ်ဆိုတာ ကိုယ့်အမှန်တရားနဲ့ ကိုယ့်ကမ္ဘာကိုယ် တည်ဆောက်ထားတတ်သူ။ ဒါကိုယ့်အကြောင်းအက်ဆေး။ ကိုယ့်အတွေးကိုယ့်အရေးနဲ့ ကိုယ့်ကမ္ဘာကို ချပြလိုက်တယ်။မြူတွေ အထပ်ထပ်နဲ့ လမ်းဟာ ဘယ်လောက်ပဲ ဆူးများစေဦး။ ဆက်လျှောက်မယ်။ ဒါ ဆုံးဖြတ်ချက်။

ဟော ဟိုးမှာ။ ဟိုးတောင်ထိပ်မှာ အလှတရားတွေ စုစုပုံပုံ။ ကိုယ်နေချင်တာ တောင်ထိပ်မှာမဟုတ်ဘူး။ တောင်ထိပ်ကို တက်ရောက်နေတယ်ဆိုတဲ့လမ်းမှာ ရှိချင်တာ။ တတ်စွမ်းသရွေ့၊ခွန်ပြည့်အားပြည့် ကြိုးစားချင်တာ။ ကိုယ်ဟာ တောင်တက်ဝါသနာကို ခုမှစဝါသနာပါခဲ့သလို ကိုယ့်ရည်ရွယ်ချက်ဟာလည်း တောင်ပေါ်တက်နေဖို့ပဲ။ လဲတယ်။ ချော်တယ်။ ကိုယ်ကိုယ်တိုင် ခြေချော်သလို ခြေထိုးခံတဲ့သူအများအပြားနဲ့ ဘဝကြီးဟာ လက်တွေ့နဲ့ ကွာကွာလာ။ စိတ်ဟာ အနာတရတွေအပြည့်ရခဲ့ပေါ့။ ထူတယ် မတ်တယ်။ လက်တွဲခေါ်သူအများအပြားနဲ့ ကိုယ့်ခြေတွေ မတ်မတ်ရပ်တယ်။ စိတ်မှာ အားအင်တွေ ပြည့်ခဲ့ပေါ့။

“ကမ္ဘာဆိုတာ တစ်ခုတည်းရှိတာမဟုတ်ဘူး။ ”

ဒီစကားလုံးကို နားလည်အောင် ဘယ်လိုဝါကျမျိုးသုံးရမလဲ ကိုယ်တကယ်မသိဘူး။ ကိုယ့်မှာ ကမ္ဘာတွေအများအပြားရှိတယ်။ ကိုယ့်ရဲ့ မြူထပ်လမ်းက မိတ်ဆွေတွေနဲ့ ကမ္ဘာ၊ကိုယ့်ရဲ့ ပြင်ပ ကမ္ဘာ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်မိသားစုကမ္ဘာ။ ကိုယ်က နေရာစုံရောက်တတ်တဲ့ပုရွက်ဆိတ်လေးပေါ့။ ဘယ်ကိုသွားသွား ကိုယ်စကားအများဆုံးနေရာဟာမြုူထပ်လမ်းက ကိုယ့်မိတ်ဆွေတွေနဲ့အတူရှိတဲ့ နေရာပဲ။ တစ်ယောက်ကို တစ်ယောက်လက်ဆင့်ကမ်းလို့ ဆန်စေ့လေးတွေ သယ်နေရတာကိုပဲ ပျော်နေတာ။

တွေ့လား။ ဟောဒီမှာ ကိုယ်ရပ်နေတယ်။ ကိုယ်ရပ်နေတဲ့ကမ္ဘာဟာ မြူထပ်လမ်းက မိတ်ဆွေရှိတဲ့ နေရာပဲ။ ကိုယ်ပျော်တဲ့ ကမ္ဘာဟာ မြူထပ်လမ်းက မိတ်ဆွေတွေရှိတဲ့နေရာပဲ။ ကိုယ့်ခြေတွေ ဆူးစူးတာ အခါခါ၊ မိတ်ဆွေတွေက ကိုယ့်လက်ကို တွဲခေါ်လို့ ဆူးစူးတဲ့ အနာတွေကို ဆေးထည့်ပေးခဲ့ရတာလည်း အခါခါ။ ကိုယ်က ယုန်လေးတစ်ကောင်လို့ ယူဆနိုင်သေးတာပဲ။ ခုန်ဆွခုန်ဆွနဲ့ တောင်ပေါ်တက်နေရတာကိုပဲ ပျော်နေတာ။

“တောင်တက်ရတာ ပျော်စရာလား။ ”

ဒီစကားတစ်ခွန်းမေးသူကို ကိုယ် မရယ်ချင်ဘူး။ ပြုံးပြုံးလေးပဲ ဖြေပြမယ်။ ဟုတ်တယ်။ ပျော်တယ်။ ကိုယ်ပျော်လည်း တောင်တက်တယ်။ ကိုယ်ဝမ်းနည်းလည်း တောင်တက်တယ်။ ကိုယ်စိတ်ညစ်လည်း တောင်တက်တယ်။ ကိုယ် ချမ်းသာလည်း တောင်တက်တယ်။ ကိုယ်ဆင်းရဲလည်း တောင်တက်တယ်။ ကိုယ်အချိန်ပိုလည်း တောင်တက်တယ်။ ကိုယ်အချိန်မရှိလည်း တောင်တက်တယ်။ တောင်တက်ခြင်းဝါသနာဟာ တဖြည်းဖြည်းနဲ့ ကိုယ့်ကို ညှို့ယူထားတာကြာပြီပဲ။ ကြာလာတော့လည်း ဘာလေးပဲဖြစ်ဖြစ် တောင်တက်လိုက်ရမှ နေပျော်တဲ့ကမ္ဘာလို ဖြစ်လာပြီ။

တွေ့လား တွေ့လား။ ကိုယ်လေ ခုန်ဆွခုန်ဆွနဲ့တောင်ပေါ်တက်နေတုန်းပဲ။ ခြေက ဆူးစူးတဲ့ အနာတွေ ကို ခုနောက်ပိုင်း သိပ်ပြီး နုရွပြမနေတော့ဘူး။ ကြာလာလေ ဆူးစူးတာ အကျင့်ရလေပေါ့။ ဆူးစူးတတ်တဲ့ လမ်းကြောင့်ပဲ တောင်တက်ခြင်းဝါသနာဟာ လှ လှ လာတယ် ထင်မိရဲ့။ ဟုတ်တယ်။ ဆူးစူးတတ်တဲ့ ရာသီ၊ ဆူးစူးတတ်တဲ့ လမ်းကြောင့်မို့သာ တောင်တက်ခြင်းဝါသနာဟာ တောင်ထိပ်နဲ့နီးလေ တန်ဖိုးကြီးလေ။

ဟော ပြောရင်းဆိုရင်းနဲ့ပဲ အဖြေကြားမှာ ကိုယ်ပိတ်မိသွားပါပေါ့လား။ ပင်ပန်းနေတဲ့ စိတ်တစ်ခုလုံးဟာ ဒီစာကြောင်းတွေ အပြီးမှာ ပြေလျော့သွားမှာ ကိုယ်သိတယ်။ ကိုယ်ကိုယ်တိုင်မသိလိုက်ပါပဲ တောင်တက်ခရီးစဉ်စလိုက်လို့ အဆုံးတောင်ရောက်ခဲ့ပေါ့။ အပြင်းထန်ဆုံးခံစားတဲ့ သေရာပါအကျင့်ကြီးနဲ့ပဲ ကိုယ် ဒီစာကြောင်းကို ဆက်ရေးလိုက်တယ်။


“ဘာပြောပြော တောင်တက်ခြင်းကိုဝါသနာပါလာတာဟာ ကိုယ့်ဘဝရဲ့ အမွန်မြတ်ဆုံးဆုလာဘ်ပဲ” လို့။


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...