တစ်စုံတစ်ခုကို ဝှက်ပြီးရေးတာမျိုးကို သင်္ကေတရေးနည်းလို့ ခေါ်တယ် တဲ့။ နိမိတ်ပုံအသုံးအစွဲတွေနဲ့ စာကို တန်ဆာဆင်ထားသတဲ့။
စဉ်းစားမိတာ တစ်ခုတည်း။ ငှက်ကလေးကိုဘယ်သူမှ မသိအောင် ဝှက်ရေးရင်းနဲ့ အကျင့်ပါသွားတာများလား။ ဒါဆိုရင်တော့ ကျွန်တော်ရေးတာ သင်္ကေတရေးနည်းမဟုတ်ဘူး။ ငှက်ကလေးဝှက်နည်းပဲ။
ရည်ရွယ်ချက်ရှိရှိနဲ့ဝှက်ခဲ့တာ ခင်ဗျားတစ်ယောက်တည်း ရှိခဲ့တယ် ငှက်ကလေး။ ဘယ်သူမှ ပုံဖေါ်လို့မရအောင် ခင်ဗျားအကြောင်းကို ဝှက်ရင်းဝှက်ရင်းနဲ့ ခင်ဗျားက ကျွန်တော့်ကို စာရေးနည်းအသစ် သင်ပေးခဲ့တယ်ဆိုရင် မမှားဘူးလို့ပဲ ပြောချင်ရဲ့။ ကျေးဇူးပြုလို့ ခင်ဗျားဂုဏ်ယူပါ။
ငှက်ကလေးရေ ။ အနားမှာ နေခွင့်မရပေမဲ့ငှက်ကလေးဆိုတာ ကျွန်တော့်အတွက် နာမည်ကြားရုံနဲ့ အားတက်စေတဲ့သူ။ မြင်တွေ့ခွင့်မရပေမဲ့ ခင်ဗျားရဲ့ အတောင်ပံခတ်သံအကြားမှာ ကျွန်တော့်စိတ်တစ်ခုလုံး ဝေဟင်မှာ လွင့်နေရသလိုပေါ့။ ကျွန်တော်လေ ခင်ဗျားကို ဝှက်ရင်းဝှက်ရင်း ခု ပြန်ရှာမရတော့ဘူး။
ဟုတ်တယ်။ ကျွန်တော့်ငှက်ကလေးက ဖြူဖြူစင်စင်လို့ ပုံဖေါ်ထားသမျှ လက်တွေ့ကမ္ဘာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ခင်ဗျားရဲ့ အချစ်ဦးဆိုသူကို မနာလိုဖြစ်တယ်။ ကျွန်တော့်ငှက်ကလေးက သူရဲကောင်းလို့ ပုံဖေါ်ထားသမျှ နှုတ်ဆိတ်နေတတ်တဲ့ တချို့နေရာတွေအတွက် ခင်ဗျားကို မချင့်မရဲ ဖြစ်တယ်။ ကျွန်တော့်ငှက်ကလေးက အသဲကွဲနေတယ်ဆိုတဲ့ စာကို ဖန်တီးရတာ ကျွန်တော့်အတွက် ရင်အနာဆုံး။ ကိုယ့်ကြောင့်မဟုတ်ပဲ ကိုယ်ချစ်ရသူ အသဲကွဲတာကို ရေးတဲ့စာ၊ အဲဒီစာတွေမှာ နှလုံးသွေးတွေပါတယ်။
ဟင့်အင်း။ အချစ်က မဆုံးရှုံးပါဘူး။ ကျွန်တော် ဆက်ချစ်နေခဲ့တယ်။ ကျွန်တော်က ငှက်ကလေးရဲ့ လက်သည်းကိုမှ အရောင်မဆိုးပေးချင်ခဲတ့ာ။ ငှက်ကလေးရဲ့ အရှိတရားကို မြတ်နိုးခြင်းမှာ ကျွန်တော် ပျော်ဝင်ခဲ့ပါတယ်။
ကျွန်တော်လေ ငှက်ကလေးကို ငေးကြည့်နေရင်းနဲ့ပဲ ငှက်ကလေးတစ်ကောင်လို လွင့်ပျံချင်လာတယ်။ ဟင့်အင်း။ မလာပါဘူး။ ကျွန်တော် ခင်ဗျားအနားကို မလာဘူး။ ခင်ဗျားလို ကောင်းကင်ကို မပျံဘူး။ ကောင်းကင်ကြိုးတန်းကို ခင်ဗျားရှောင်နိုင်ပေမယ့် ကျွန်တော် မရှောင်တတ်ဘူး ငှက်ကလေးရဲ့။ တဆိတ်ရှိ ငှက်ကလေးကိုပဲ ဒုက္ခပေးနေမိမယ့် သစ်ပင်တစ်ကောင် မဖြစ်ချင်ဘူုးကွယ်။
ငှက်ကလေး ရေ....... ဘဝဆိုတာ ဘာလဲ ကျွန်တော် ပြန်စဉ်းစားမိနေတုန်းပဲ။ ဘဝဆိုတာ ဘာနဲ့မှ ပြည့်စုံသလဲ။ အချစ်နဲ့ ဓနကုံလုံရင် ပြီးရောလား။ ကျွန်တော့်ဘဝကြီးရဲ့ ဟာတာတာဖြစ်နေတဲ့နေရာတွေကို ကွက်လပ်လို့ မသုံးနိုင်သေးဘူး။ ပြန်ဖြည့်နိုင်မယ် ယုံကြည်ရင်း ပြန်ဖြည့်ဖို့ကြိုးစားကြည့်နေတယ်။
ကျွန်တော် တစ်နေ့က ခင်ဗျားဆီကို စာတစ်စောင်ပို့လိုက်သေးရဲ့။ ကျွန်တော့်ရွက်ဝါတစ်ရွက်ကို တွေ့ရင် အသေအချာကြည့်ပေးပါ။ ဘဝနဲ့ခံစားချက်တွေ ရောမွှေထားတဲ့ အဲဒီစာကို ကျေးဇူးပြုလို့ ခင်ဗျားဖတ်ပေးပါ။ အကြံဉာဏ်။ ဟင့်အင်း မလိုပါဘူး။ ငှက်ကလေးဆီက အကြံဉာဏ်လိုချင်တာမဟုတ်ဘူး။ ခင်ဗျားကို အစီရင်ခံစာတင်ပြချင်တာပါ။ ကျွန်တော့်ဘဝအပိုင်းအခြားကို အကန့်လိုက် တင်ပြချင်နေခဲ့တာ။ ခင်ဗျားလက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ခင်ဗျားက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော အထက်အရာရှိ။ တစ်ယောက်တည်းသော သူဌေး။ ကျွန်တော့်ကို ခိုင်းခွင့်ရှိတဲ့ တစ်ဦးတည်းသောသူ။
စကားမစပ် ခင်ဗျားအတောင်ပံခတ်သံတွေ သိပ်အားမပါဘူး။ နေကောကောင်းရဲ့လား ငှက်ကလေးရေ။
ခင်ဗျား မသိသေးတဲ့ ကျွန်တော့်အကြောင်း၊ ခင်ဗျားအတွက် နေ့တိုင်း အစီရင်ခံထားလေရဲ့။ ဖြစ်နိုင်ရင် ပစ္စက္ခတွေကို ကြည့်ပေးပါ။ ကျွန်တော့်အလွမ်းတွေ တောင်ပုံယာပုံ။ ဆောင်းတောင်အရှုံးပေးရလောက်အောင်
အေးစိမ့်နေပုံများ။ ခင်ဗျားဖတ်မိရင် သိမယ်ထင်ရဲ့။
အ လာပ သ လာပတွေ မပြောဖြစ်တော့တဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာ၊ ဒီနောက်ပိုင်း တိတ်ဆိတ်အေးစက်နေတာပဲ။ ကျွန်တော် လွမ်းတယ်။ ဆူညံမနေပဲ သိမ်မွေ့မှုတွေတပုံတပင်နဲ့ နောက်တတ်တဲ့ ခင်ဗျားအသံလေးကို လွမ်းတယ်။ ယဉ်ကျေးမှုကို မြတ်နိုးတတ်တဲ့ ခင်ဗျားရဲ့ စိတ်လေးကို လွမ်းတယ်။
ဟိတ် ငှက်ကလေး လွမ်းတယ်ဆိုတဲ့စကားကို ဘယ်မြစ်ထဲမျှောချရင် ခင်ဗျားဆီရောက်မလဲ။ ကျေးဇူးပြုပြီး စာပြန်ပါ။ ဒီအဖြေကို လတ်တလော သိချင်နေမိရဲ့။
ငှက်ကလေးရေ အိပ်မက်ဆိုတာ နှစ်ဦးနှစ်ဖက်စွဲလမ်းလွန်းမှ မက်သတဲ့။ ခင်ဗျား ကျွန်တော့်အိပ်မက်ကို ကျူးကျော်လာတာ သုံးခါရှိပြီ။ ဒီသတင်းစကားကို ခင်ဗျားကိုပြောရင် ခင်ဗျား ဝန်ခံမယ်မထင်ဘူး။
ဟော ပြောရင်းဆိုရင်း ခင်ဗျားနဲ့ ကျွန်တော့်ကြား တိတ်ဆိတ်မှုတွေကြီးစိုးသွားပြန်ရဲ့။ လွမ်းတယ်ဗျာ။ဘယ်သူဘာပြောပြော ဒီစကားတစ်ခွန်းကိုလေဟာနယ်ထဲ မျှောပစ်လိုက်မယ်။ ကံတရားဖေးမရင် ခင်ဗျားကြားမှာပေါ့ လို့ပဲ တွေးမိလိုက်ရဲ့။
ဟော ခင်ဗျားအကြောင်းကို ခင်ဗျားမသိအောင် ဝှက်စာရေးမိပြန်ပေါ့။ ဒါသင်္ကေတရေးနည်းမဟုတ်ဘူး။ ကျွန်တော့်အတွက်တော့ ငှက်ကလေးဝှက်နည်းပဲ။ ဟုတ်တယ်။ ငှက်ကလေးဝှက်နည်း။ အဝေးက ခင်ဗျားက မနောနဲ့ သင်ပေးတဲ့ ပညာ၊ ကျွန်တော်ကိုယ်တိုင် တမြတ်တနိုးနဲ့ တံဆိပ်ကပ်ပစ်လိုက်မယ်။ ဟောဒီလို။
“ငှက်ကလေးဝှက်နည်း” လို့။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment