စိတ်တစ်ခုလုံးဝမ်းနည်းလှိုက်ဟာနေတာများ
အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ
တွေးရခက်ခဲ့တဲ့ညနေခင်း။
ဖြာကျလာတဲ့ အမည်းရောင်မှိုင်းတွေ၊ ဘယ်ဆီကို ဦးတည်နေတယ်ဆိုတာထက် မျက်ဝန်းထဲက မျက်ရည်တို့ ညှစ်ထုတ်စရာမလိုပဲ သူ့အလိုလိုကျစေခဲ့တာဖြစ်သည်။ သို့သော် ထိုမှိုင်းသည် မျက်စိဖြင့်မမြင်ရသလို အနံ့အသက်လည်း ရှုမရရှိုက်မရ၊ စိတ်တွင်းမှ ထွက်ပေါ်လာသည့် မှိုင်းသာ ဖြစ်ပါသည်။
ငိုချင်သည်။ ဘယ်သူ ဘယ်ဝါနှင့်မှ မသက်ဆိုင်ပါပဲ ဝမ်းနည်းခြင်းတို့ တစ်လှိုက်လှိုက် လှိုက်တက်လာခဲ့တာဖြစ်သည်။ ဘာ့ကြောင့်လဲ ဟု မဆန်းစစ်လိုက်ရသေးခင်တွင်ပင် ကျဆင်းလာသော မျက်ရည်တို့ကို မတားဆီးနိုင်ခဲ့။ ယနေ့ညနေကျွန်တော် ငိုမိသည်။ ငိုလိုက်မိပြီဖြစ်၏။
---++++-----
စိတ်တင်းကျပ်မှုတို့ကို ဖေါက်ခွဲဖို့ ကျန်ရှိနေသေးတာဖြစ်ကြောင်း အထိတ်တလန့်တွေ့ရှိလိုက်ရ။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် မည်သည့်အကြောင်းအရာနှင့် သက်ဆိုင်မှန်းမသိအောင်ပင် စိတ်ရှုပ်ထွေးခြင်းမှိုင်းတို့ ကြီးစိုးခဲ့တာ ဖြစ်သည်။ မနက်ခင်းတိုင်းတွင် ဆွံ့အတိတ်ဆိတ်စွာ နိုးထခဲ့ရပြီး ညခင်းတိုင်းဝယ် စိတ်တို့ အနားမယူနိုင်စွာ မျက်လုံးမှိတ်အိပ်ကြည့်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်၏။
စိတ်တစ်ခုလုံး စူးနစ်စွာ ယုံကြည်ခဲ့မိသမျှသော အရာတို့သည် လေတိုက်ရုံနှင့် လဲတော့မည်ဟု စိုးရိမ်နေရသည်မှာ ဘာ့ကြောင့်ပါလဲ။ ကိုယ်ကိုယ်တိုင်မသိတတ်စွာပင် အဖြေမဲ့ပုစ္ဆာတို့ကို တစ်နေ့ပြီးတစ်နေ့ တွက်စစ်နေခဲ့သည်။ တစ်ဆစ်ဆစ်ကိုက်ခဲနာကျင်လာသော စိတ်ကို ဆေးထည့်ဖို့ သတိရ၏။ သို့သော် ကျွန်တော်၏ တစ်သီးပုဂ္ဂလဆရာဝန်လေးက မအားသေး။ သို့ဖြင့်ပင် အနာတရဖြစ်နေသည့် စိတ်ထဲဝယ် ထပ်မံပြည့်သိပ်လာသော နာကျင်မှုတို့ဖြင့် ယနေ့ညနေတော့ ကျွန်တော် ငိုခဲ့မိသည်လေလား။
မသေချာမရေရာသော အနာဂတ်ကို ငေးကြည့်မိရင်း ဘယ်လိုယုံကြည်မှုနှင့်များ စွန့်စားဝံ့ခဲ့ပါသလဲဟု ကိုယ့်ကိုယ်ကိုယ် မာန်မဲချင်သည်။ မေ့ခဲ့ပြီးသော အတိတ်တို့ကိုတော့ ကျွန်တော် ပြန်လှည့်မကြည့်ပါ။ ပြန်လှည့်မကြည့်လိုပါ။ အကြောင်းတိုက်ဆိုင်၍ ပြန်လည်သတိရခြင်းမျိုးမှလည်း ကျွန်တော် ရှောင်ရှားခဲ့သည်။
ပစ္စုပ္ပန်တွင်မူ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖြစ်အောင်တည်ဆောက်နေသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ၏။ သို့ဆိုလျှင်ဖြင့်အ ဘယ်အရာကများ ကျွန်တော့်မျက်ရည်တွေကို ချူခဲ့ပါသလဲ။ ကိုယ်ကိုယ်တိုင်မသိလိုက်ပါသော မျက်ရည်ချူမှိုင်းနောက်သို့ ကျွန်တော် အဖြေလိုက်ရှာနေမိသည်။ ယခုတိုင် မတွေ့သေး။
ယခုအချိန်ထိတိုင် ရှာမတွေ့သေး။
--------++++++++++-----------
သမုဒယဆိုသည့် ကြိုးနောက်သို့ လိုက်ကြည့်မိသည်။ အယောင်ယောင်အမှားမှားဖြင့် လိမ်ရင်းညာရင်း စိတ်၏အနာကို အက်ဆစ်ဖြင့်လောင်းချမိသကဲ့သို့ ဖြစ်လေပြီလား။
အချစ်ဆိုသည့်အရောင်ကို မြင်သိသူနည်းအောင် ဖုံးအုပ်ထားခဲ့မိသည်။ ကိုယ်ကိုယ်တိုင် မေ့လျော့ဟန်ဆောင်ရင်း တတိတိလှိုက်စားလသော အနာကိုမူ မြင်လျှက်နှင့် ဆေးမထည့်ဖြစ်ခဲ့။ ကျွန်တော်သည် ၃ ဖြစ်၍ ကျွန်တော့်ချစ်ခြင်းသည် ၄ ဖြစ်သည်။ ဘယ်သောအခါမှ ဆုံနိုင်ခွင့်မရှိသည့်ကံ ဖြစ်သည်။ တစ်စုံတစ်ယောက်၏ အမှားဆိုသည်ထက် ကျွန်တော့်အတ္တ၏ သက်ရောက်မှုဟုသာ ဝန်ခံချင်လှသည်။ သူနှင့် ကျွန်တော်သည် လမ်းတစ်ခုမှာ အတူလျှောက်နေသူချင်း လက်တွဲခွင့်မရှိသော သူများဖြစ်သည်။ လက်တွဲခွင့်ရျိဖို့လည်း မလိုအပ်ခဲ့ပါ။ ကိုယ့်နှလုံးသားမှ ချစ်ရသူကို ငေးကြည့်ခွင့်ရခြင်းသည် ချစ်သူဟူသော ရာထူးထက် ပို၍ မက်မောဖို့ကောင်းသည်ဟု ဝန်ခံချင်လှသည်။ ဟုတ်သည်။ ကျွန်တော်က ချစ်သူကို ချစ်နေခွင့်ရဖို့သာ အရေးအကြီးဆုံးဟု ခံယူထားသူဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် ကတိတွေဖလှယ်၊ သံသယတွေ ဖလှယ်ရင်း လက်တွဲဖို့ထက် သူအဆင်ပြေအောင် တိတ်တိတ်လေးဖေးမချင်သူသာ ဖြစ်ခဲ့သည်။ ထို့အတူ မဆုံနိုင်မယ့်လမ်းဖြစ်သည်မို့လည်း အမြဲလို မေ့လျော့ထားဖို့ကြိုးစားခဲ့မိသည်။
မေ့လျော့ခြင်း၏ အဆိပ်တို့ ကျွန်တော့်ကို ဝင်ရောက်စီးနင်းလေပြီလား။ ယနေ့ညနေ ကျွန်တော် ငိုခဲ့မိသည်။ ယနေ့ညနေ ကျွန်တော် ငိုခဲ့မိပါ၏။
--+++++----
မျက်ရည် သည် အပူလား အအေးလား ကျွန်တော် မခံစားမိလိုက်။ သေချာသည်ကတော့ ကျွန်တော် ငိုနေခဲ့သည်။ တလိမ့်လိမ့်ဆင်းလာသော မျက်ရည်တို့ကို တားဖို့ထက် သူတို့ ထွက်သွားမှသာလျှင် ကျွန်တော့်စိတ်ပေါ့ပါးမည်ဟု ကိုယ့်ကိုယ်ကိုယ်မသိလိုက်စွာ တွေးဆထားမိ၏။ ကျွန်တော်က နာမည်တစ်ခုကို တန်ဖိုးထားသူဖြစ်သလို သံယောဇဉ်မှန်သမျှကိုလည်း ထမ်းပိုးထားခဲ့မိသူဖြစ်၏။ စိတ်အရောင်ကို မူတည်၍ သံယောဇဉ်အတိမ်အနက်ကွာခြားခဲ့သော်လည်း ကျွန်တော်၏ ခင်မင်ရသော သူငယ်ချင်းများစွာကို သံယောဇဉ်ရှိပါသည်။
လက်ရှိကြုံနေရသော ပြဿနာတစ်ခုရှိသည်။ ကျွန်တော့်နာမည်ကို ပျက်စီးစေမည်ဖြစ်သလို ကျွန်တော့်သံယောဇဉ်များကိုလည်း အရောင်ဆိုးစေတော့မည့် ပြဿနာပင်ဖြစ်၏။ မတားနိုင်။ တားမရနိုင်တော့။ ပြဿနာ၏ အဆုံးသတ်တွင် ကျွန်တော့်သံယောဇဉ်လေးများ မည်ကဲ့သို့ အရောင်ဆိုးခြင်းခံလိုက်ရမည်လဲဟု တွေးကြောက်နေခဲ့မိသည်။ ကျွန်တော့်နာမည်အတိမ်အနက်ကို မည်မျှထိ ဖျက်ဆီးလေမလဲဟု တွေးကြောက်နေခဲ့မိသည်။ အယုံအကြည်မရှိတော့ဘူး ဟူသည့် စကားတစ်ခွန်းနောက်မှ ကပ်ပါလာမည့် သံသယများ။ ဘဝတွင် တစ်ခါမျှ မကြုံဖူးခဲ့သည့် ပြဿနာ။ ရင်ဆိုင်နိုင်ပါတယ်ဟု တွေးရင်းမတ်မတ်ရပ်ထားမိခဲ့သမျှ ယနေ့ညနေမှာ အလဲလဲအပြိုပြိုဖြင့် ငိုလိုက်မိလေသည်လား။
ကျွန်တော့်မျက်ရည်ကတော့ တစ်ရှုးစများကြားဝယ ်ကပ်ငြိခြောက်သွေ့သွားပြီဖြစ်၏။ ကျွန်တော့်အတွက်ကတော့မ ျက်ရည်တို့ ကျဆင်းခြင်း၏ အဓိပ္ပါယ်ကို ရှာမတွေ့သေး။ အဖြေကို ရှာမတွေ့သေး။
ခိုကိုးရာမဲ့ခြင်း၏ သဏ္ဍာန်ကို တွေ့လိုက်မိသလိုရှိ၏။ ကိုယ့်ကိုယ်ကိုယ် အရှက်ရစေသည်ဟု ခံစားလိုက်မိသလိုရှိ၏။ ကိုယ်သည် စိတ်အားပျော့ညံ့သူဟု ကိုယ့်ကိုယ်ကိုယ် အထင်ရောက်မိသလိုရှိ၏။ ကိုယ်သည် ဓါးခုတ်ရာ လက်ဝင်လျှိုမိသူဟု ခံစားလိုက်ရသလို ရှိ၏။ ယနေ့ညနေသည် ကျွန်တော့်စိတ်တွင်းမှ ဝမ်းနည်းမှုတို့ကို တိုး၍ တိုက်ခတ်လာစေသောညနေဖြစ်ခဲ့သည်။ ငိုချင်သည်။ ယခုလည်း ကျွန်တော် ငိုနေမိသည်။ မည်သည့်အကြောင်းအရာနှင့်သက်ဆိုင်ပါသလဲဟု ကိုယ်ကိုယ်တိုင်အဖြေရှာမရသော ပုစ္ဆာဖြစ်နေသည်။ သို့မဟုတ် ဝန်မခံဘဲ ရှောင်ပုန်းချင်လေသည်လား။
အဖြေသိသိနှင့် မရှိချင်ယောင်ဆောင်နေခဲ့သော ပုစ္ဆာဖြစ်လေသည်လား။ ပူနွေးစိုစွတ်လာသည့် မျက်ဝန်းမှ အထိအတွေ့ကြောင့်မျက်ရည်သည် ပူနွေးတတ်သည်ဟု သတိထားလိုက်မိ၏။ ယနေ့ညနေ ကျွန်တော် ငိုခဲ့သည်။ ငိုဆဲဖြစ်သည်။ ဘာ့ကြောင့်ဟူသည့်အဖြေကိုတော့ ကျွန်တော့်နှလုံသားနှင့် ဦးနှောက်ကို တိုက်စစ်၍ အဖြေထုတ်ကြည့်ရပါဦးမည်။
မျက်ရည်ကျသော ယနေ့ညနေသည် အဖြေမရှိသော သို့မဟုတ် အဖြေမသိချင်သော ပုစ္ဆာတစ်ပုဒ် မွေးဖွားရာ အချိန်ဖြစ်သည်ဟု ကျွန်တော် ဆိုချင်ပါသည်။
စိတ်တစ်ခုလုံးဝမ်းနည်းလှိုက်ဟာနေတာများ
အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ
တွေးရခက်ခဲ့တဲ့ညနေခင်း ကျွန်တော့်ရင်မှာ ခုထိ လှိုက်စားတိုက်ခက်နေဆဲ…။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment