Saturday, February 8, 2025

“ဝက်ကလေး ပျော်ပါစေ”



ဝက်ကလေးကို ချစ်မိတာ ဘယ်က စခဲ့လဲ မသိဘူး။ ဒါပေမယ့် ချစ်မိတာကတော့ သေချာနေပါပြီ။ ဝက်ကလေးက နားရွက်ဖါးဖါးလေးရှိတယ်။ နောက် အရပ်မြင့်တယ်။ ထူးခြားတာကတော့ ကိုယ့်ခန္ဓာကိုယ်ထက် သုံးဆလောက်ဝနေတဲ့ ခန္ဓာကိုယ်ပါပဲ။ ဟုတ်တယ်။ ဝက်ကလေးဆိုတာ ကိုယ်ချစ်စနိုးခေါ်တဲ့ နာမည်လေး။ သူက ကိုယ့်လို လူသားလေးတစ်ယောက်ပေါ့။

ခရေပင်အောက်မှာ ကစားတဲ့ အရွယ်တွေ ကျော်လွန်လာခဲ့ပြီ။ အိုးပုတ်လည်းမကစားတော့ဘူး။ သူလူဆိုးလုပ်၊ ကိုယ်စစ်သားလုပ်တဲ့ အခန်းကဏ္ဍတွေလည်း ကျော်လွန်လာခဲ့ပြီ။ တစ်ယောက်လက်ကို တစ်ယောက်တွဲထားကြတာဟာ ခုမှ ဘာ့ကြောင့် ရင်ခုန်ကြည်နူးဖို့ကောင်းနေတာလဲမသိဘူး။ သေချာတာကတော့ ဝက်ကလေးနဲ့ကိုယ်ဟာ ငယ်ကတည်းက လက်တွဲပြီး ကျောင်းတက်ခဲ့တာပဲ မဟုတ်လား။ ခု ကျောင်းပြီးလို့ အလုပ်ခွင်တောင် ကိုယ်စီဝင်နေကြပြီ။ ဒီချိန်ထိ ဝက်ကလေးနဲ့ ကိုယ်ဟာ တစ်နေရာရာသွားရင် လက်တွဲတတ်တုန်း။

ကိုယ့်အတွက်တော့ ဝက်ကလေးမှာ ထူးခြားတဲ့အချက် မရှိပါဘူး။ သူများတကာတွေပြောကြတာကတော့ ဝက်ကလေးက လူတော်လေး၊ ဥာဏ်ထက်သတဲ့။ သိမ်မွေ့သတဲ့။ ကိုယ့်အတွက်ကတော့ ဝက်ကလေးဟာ ဝက်ကလေးပဲ။ ကိုယ့်ရဲ့ ဝက်ကလေး။

ဟဲ့ ဘာလုပ်နေတာလဲ”


ယောက်ျားလေးတန်မဲ့ ဟဲ့ ခေါ်တတ်တဲ့ အကျင့်ပြင်ပါဆိုရင် ဘယ်တော့မှ ပြင်မရတာ ဝက်ကလေးရဲ့ အကျင့်ပဲ။ ကျေနပ်စရာကောင်းတာက ဝက်ကလေးရဲ့ ဟဲ့ ဆိုတဲ့ ခေါ်သံဟာ ကိုယ့်တစ်ယောက်တည်းအတွက် ဖြစ်နေခဲ့တယ်။
ကန်းနေလား စာရင်းလုပ်နေတာ မတွေ့ဘူးလား”

ကဲ နှုတ်ဆက်ပုံက တစ်ယောက်နဲ့တစ်ယောက် အဲသလို သင်းတာပါဆို။ သူ့အကြောင်းတွေးနေတယ်ဆိုတာကို ပြောစရာလား။ တွေးရင်း ရေးလက်စ စာရင်းကို ဆက်ရေးနေလိုက်တယ်။ ဝက်ကလေးကတော့ အနားမှာရှိနေတုန်းပဲ။ ခါတိုင်းလို အန်တီရေ လို့ မေမေ့ကို လှမ်းမခေါ်တာ ထူးခြားနေသလိုပဲ။ ခါတိုင်းဆို အန်တီရေ လို့ လှမ်းခေါ်မယ်။ မေမေ ထွက်လာရင် ပေါက်ကရရှစ်ဆယ်ပြောပြီး မေမေ့ကို လက်ဖက်သုပ်ကျွေးခိုင်းမယ်။ ပြီးရင် ကိုယ့်သူငယ်ချင်းဖြစ်ရက် ကိုယ့်နားမှာ မနေပဲ မေမေ့အနား ထိုင်ပြီး အရည်မရအဖက်မရ တတွတ်တွတ် စကားတွေ ပြောနေတတ်တာ ဝက်ကလေးရဲ့ အကျင့်။

ငါ ပြောစရာရှိလို့ လာတာဟ”
ပြောစရာရှိလို့ ဆိုပဲ။ ဝက်ကလေးကို မော့ကြည့်လိုက်တော့သူ့မျက်လုံးတွေ တလက်လက်လင်းနေသလိုပဲ။ ဘာ့ကြောင့်များပါလိမ့်။ ရေးလက်စ စာရင်းစာအုပ်ကို ပိတ်လိုက်တယ်။ ပြီးတော့ သူ့လက်ကို ဆွဲပြီး ခုံမှာထိုင်ခိုင်းလိုက်သလို ကိုယ်ပါထိုင်လိုက်တော့

အအေးသွားသောက်ရအောင်ဟာ အေးအေးဆေးဆေးပြောချင်လို့”

ကြည့်။ အူကြောင်ကြောင်နိုင်လိုက်ပုံက။ အအေးရောင်းသူကို အအေးသွားသောက်ရအောင်တဲ့။
လက်ဖက်ရည်ဆိုင်ထိုင်မယ်ပြောစမ်းပါ ဝက်ရယ် နင်ကလည်း ငါက ဘာကိစ္စအအေးသွားသောက်ရမှာတုန်း အအေးတစ်ပုလင်းကို အမြက် ဘယ်လောက်ယူတယ်သိနေတဲ့သူက စိတ်သန့်သန့်နဲ့ သောက်နိုင်မယ် ထင်လို့လား”
တွက်တာချက်တာတွေ ခဏထားပါဦး ဘူဇွာရယ် ဒီနေ့ ငါတိုက်ပါ့မယ် တကယ်ပြောစရာရှိနေလို့ပါ”
အေးအေး ခဏစောင့် မေမေ့ကို မှာလိုက်ဦးမယ်”

အဲဒီအချိန်မှာပဲ အခန်းအပြင်ဘက် ထွက်လာတဲ့ မေမေက
မိဆုရေ အပြင်သွားဖြစ်ရင် စကြာမင်းလူးဆေးတစ်ဗူးလောက် ဝယ်ခဲ့ပေး သမီး ကုန်တော့မယ် နောက်ပြီးတော့ သန်ချဆေးတစ်လုံးလောက်လည်းဝယ်ခဲ့ ညည်းအဖေက မနေ့ကတည်းက ပြောထားတာ ခု သူရုံးကတောင်ပြန်လာတော့မယ် မေမေ မဝယ်ရသေးဘူး”

ဟုတ် မေမေ အတော်ပဲ သမီး ဆေးသွားဝယ်လိုက်မယ်လေ ဒီမှာ ဝက်နဲ့လည်း မတွေ့တာကြာတော့ စကားတွေပြောရင်း လက်ဖက်ရည်ဆိုင်မှာ သူ့ကို ညှင်းလိုက်ဦးမယ်နော် ခဏတော့ ကြာမယ်နော် မေမေ”

အေးအေး သွားသွား ”
အန်တီ့ သမီးက ကပ်စေးနှဲ သူက ဆိုင်ရှင် သားက သူများဝန်ထမ်းကို ဝန်ထမ်းဆီက ပဲ လုစားတယ်”
ဝက်ကလေးပြောတဲ့ စကားကြားတော့ မေမေက ရယ်ပြီး
အေးလေ သမီးရယ် ဝယ်ကျွေးလိုက်ပြီးရော ရေတစ်ခွက် ထမင်းတစ်စေ့လောက် ဒါမှ သူ ဝိတ်ချလို့ရမှာ”
အာ အန်တီကလည်း အလိုတူအလိုပါပဲ ဘူဇွာ့အတိုင်းပဲ”
ဝက်ကလေး စကားအဆုံး ရယ်သံတွေ စီစီညံသွားပေမယ့် ဝက်ကလေးပြောတဲ့ ပြောစရာရှိလို့ ဆိုတဲ့ စကားကို စဉ်းစားနေမိတယ်။ ဘာအကြောင်းအရာများပါလိမ့်လို့။

(၂)
ဝက်ကလေး ပြန်သွားပြီ။ ဝက်ကလေး ပြန်သွားပေမယ့် သူပြောသွားတဲ့ အကြောင်းအရာတွေက ကိုယ့်စိတ်မှာကျန်ခဲ့တယ်။ သူ ကောင်မလေးတစ်ယောက်ကို ချစ်မိနေတယ် တဲ့။ အဲဒီကောင်မလေးက အရမ်းလှပြီး ခန္ဓာကိုယ်ကလည်း ပိန်သွယ်သွယ်လေးတဲ့။ သူက ဝနေတော့ ချစ်ရေးဆိုဖို့ ခက်နေတယ် တဲ့။ ဒီထက်ပိုဆိုးတာက အဲဒီကောင်မလေးနဲ့ ခင်အောင် လုပ်ပေးပါ့လား တဲ့လေ။ သူ့ဆီမှာ ရည်းစားရှိမရှိ စုံစမ်းပေးပါ တဲ့လေ။

ကိုယ့် စိတ်တွေ မရွှင်ဘူး။ မေမေကတောင် မေးသေး။ ဝက်က နှိပ်စက်တာလား၊ ညည်းက နှိပ်စက်တာလား တဲ့လေ။ ပြန်လာကတည်းက မလန်းလို့ တဲ့။
ကောင်မလေးအကြောင်းပြောနေတဲ့ ဝက်ကလေးရဲ့ မျက်လုံးလေးတွေ ချိုလဲ့နေတာပဲ။ အချစ်ကြောင့် မနာလို ဖြစ်တယ်ဆိုတာ ဒီလိုခံစားချက်ပါ့လားလို့ အလန့်တကြား သိလိုက်ရတယ်။ သိပ်ပူလောင်တာပဲ။

ဟဲ့ ငါက ကူမယ် ပြောနေလို့လား နင်ကြိုက်တဲ့ ကောင်မလေးဆိုတော့ နင်နဲ့ ငါ သူငယ်ချင်းမို့လို့ စပ်စုချင်လို့ မေးကြည့်ရုံတင် ကူမယ် မပြောမိပါဘူး ဘယ့်နှယ် ဇွတ်အတင်း အကူအညီတွေ လာတောင်းနေရတာလဲ တောင်းတာကလဲ အထက်စီးနဲ့”

စကားတွေ ရှေ့နောက်ညီမညီ မသိဘူး။ သိတာက အဲဒီအချိန်တုန်းက မျက်ရည်တွေ အောက်ကျမလာဖို့ အလိုအပ်ဆုံးဆိုတာပဲ သိလိုက်တယ်။ ဇွတ်တရွတ်ငြင်းပစ်ပြီး လက်ဖက်ရည်ဆိုင်ကနေ ထထွက်လာလိုက်တယ်။ ဘယ်သူမှန်းတောင် မမေးခဲ့ရဘူး မဟုတ်လား။ ကိုယ် အရမ်းများ ရုပ်ပျက်သွားသလားလို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်မိနေတယ်။ ဟုတ်တယ်။ ရုပ်ပျက်သွားတယ် ဆိုတဲ့ အဖြေပဲ ရနေတာက ခက်တယ်။

သူငယ်ချင်းလို့ ပြောပေမယ့် ခိုးချစ်ရသူလေး ရှိဖူးတယ်ရင်ထဲ သိမ်းဆည်းကာရယ် ရိုးသားခဲ့သယောင်လည်း ဆောင်ဖူးတယ်…”
ဖုန်းက မြည်လာတဲ့ သီချင်းသံကြောင့် စိတ်မှာ ထိတ်ခနဲ ဖြစ်သွားတယ်။ ဒီသီချင်းသံနဲ့လာတဲ့ဖုန်းဆိုရင် သူ့ဆီကဖုန်း၊ ဝက်ကလေး ဆီကဖုန်းပေါ့။ ပစ်ထားမလို့ စိတ်ကူးနဲ့ မကိုင်ဘဲ နေဖို့ကြိုးစားလိုက်ပေမယ့်တားမရဘူး။ လက်ကသူ့အလိုလို ဖွင့်လိုက်မိတယ်။
ဟယ်လို”

ကိုယ့်အသံက မာဆတ်နေနိုင်မှန်းသိတယ်။ စိတ်ကမှ မညွတ်နူးတာ မပြင်နိုင်ဘူး။ တခြားသူလည်း မဟုတ်ဘူး။ ဝက်ကလေးဆိုတော့ ဝက်ကလေးကိုတော့ အချိန်တိုင်းမှာ စိတ်ရင်းအမှန်နဲ့ပဲ စကားပြောချင်တယ်လေ။ ကိုယ်စိတ်ညစ်နေတယ်ဆိုလည်း စိတ်ညစ်တဲ့အကြောင်း၊ ကိုယ်ပျော်ရွှင်နေတယ်ဆိုလည်း ပျော်ရွှင်နေတဲ့အကြောင်း ပေါ့။ ကိုယ့်စိတ်ကို လျှို့ဝှက်ထားစရာလိုမယ် မထင်ပါဘူး။ သူက ကိုယ့်အတွက် မိသားစုပြီးတာနဲ့ အရင်းနှီးဆုံးလူသားတစ်ယောက်မဟုတ်လား။
ဟဲ့ ညနေက ဘာလို့ လက်ဖက်ရည်ဆိုင်က ထွက်ပြေးသွားတာလည်း”
ဖြေစရာအဖြေစကားမရှိဘူး။ တိတ်ဆိတ်သွားတဲ့ အခြေအနေကို အလန့်တကြား ဖုံးကွယ်ချင်ဇောနဲ့ ဖြေလိုက်မိတယ်။

မိန်းကလေးရောဂါ ထလာလို့ဟေ့ ထပ်မမေးနဲ့ ဒီလောက်ဆို သဘောပေါက်တော့”
သူ့ဘက်က တိတ်ဆိတ်သွားတယ်။
ဘာလို့ ဖုန်းဆက်တာတုန်း ပြောစရာရှိတာ မြန်မြန်ပြောဟ ဝက်ရ ငါ့ စာရင်းတွေ လုပ်ရဦးမယ်”
ကူမှာလား မကူဘူးလား ဆိုတဲ့ အဖြေသိချင်လို့ လှမ်းဆက်တာ”

စောစောက အမေးသွက်သလောက် ခုတစ်ခါအမေးကျတော့ အားလျော့နေလိုက်တဲ့လေသံ။ ကိုယ့်စိတ်မှာ သနားစိတ်ပျပျဝင်သွားတာကို ဘယ်လိုမှ ထိန်းမရလိုက်နိုင်ဘူး။
အေးပါ အေးပါ ငါနဲ့ သိကျွမ်းနိုင်တဲ့ သိကျွမ်းထားတဲ့ မိန်းကလေးထဲကဆို ငါကူညီပါ့မယ် ဟုတ်ပလား”
နင် သိပါတယ် နင် နဲ့ တော်တော်လေးကို ရင်းနှီးပါတယ်”

ဒီငဝက် ရူးများရူးနေပြီလားမသိဘူး။ ကိုယ့်မှာက သူငယ်ချင်းဆိုလို့ ရင်းရင်းနှီးနှီးပေါင်းတာ သူတစ်ယောက်ပဲရှိတာ သိရဲ့သားနဲ့။ ကျန်တဲ့မိန်းကလေးတွေ သိတယ်ဆိုလည်း သိတဲ့အဆင့်ပဲရှိမှာ။ ရင်းနှီးတဲ့ အဆင့်တော့ ရှိမှာမဟုတ်ဘူး။ ထားပါတော့။ အချစ်ဆိပ်မွှန်နေတော့လည်းဘယ်တွေးနိုင်စွမ်း ရှိမလဲလေ။ ကိုယ်တောင် ညနေက လက်ဖက်ရည်ဆိုင်ကနေ ထထွက်ပြေးတဲ့အထိ မွှန်ခဲ့မိတာ မဟုတ်လား။
ဘယ်သူတုန်းဟ နာမည်ပြော ဘယ်မှာနေတယ်ဆိုတာသာပြော”
နင်တို့ရပ်ကွက်မှာနေတယ်”
ဝက်စုက် လာနောက်မနေနဲ့ ငါ့ရပ်ကွက်ဆိုရအောင် ငါက ရပ်ကွက်လူကြီးတောင် မျက်မှန်းတန်းမိတာမဟုတ်ဘူး ကိုယ့်ဆိုင်အလုပ်နဲ့ကိုယ် ရှုပ်နေတာ”
အေးပါ ဘူဇွာရယ် အေးပါ နင် စီးပွားရေးသောင်းကြမ်းမှန်း သိပြီးသားပါ သိပ်ကြွားမနေစမ်းပါနဲ့ နက်ဖြန် ငါ ဓါတ်ပုံတစ်ပုံလာပေးမယ် အဲဒါဆို ဘယ်သူမှန်းနင်သိမှာပဲ ဟုတ်ပြီလား”
အေးလေ ရတယ် နက်ဖြန်တော့ လာမပေးနဲ့ မေမေ့ကို ပေးလို့ရတယ်ဆိုရင် ပေးခဲ့ မေမေ့ကို ပေးလို့မရဘူးဆိုရင်တော့ ဒီတစ်ပတ်အတွင်း ငါ က အလုပ်ရှုပ်နေမှာဆိုတော့ နောက် တနင်္ဂနွေ မှ လာပေးတော့ ဟုတ်ပြီလားနင်အလုပ်အားတဲ့ရက်ပဲလေ”
သူ့ဘက်က တိတ်ဆိတ်သွားတာကို သိလိုက်ပေမယ့် ကိုယ့်နှလုံးသားရဲ့ တိတ်ဆိတ်မှုကို ပိုပြီး ဆိုးရွားတယ်လို့ ခံစားနေမိတော့ တကူးတက မေးမနေမိတော့ဘူး။

ငါ ဖုန်းချလိုက်ပြီနော် ထမင်းစားတော့မလို့”

သူ့ဆီက အဖြေကိုတောင် မစောင့်ပဲ ဖုန်းကို ချလိုက်မိတယ်။ ကိုယ့်စိတ်က ဒီဖုန်းကို ဆက်ကိုင်ထားဖို့ ခွန်အားမရှိတော့ဘူးမဟုတ်လား။
ကိုယ်ချစ်တဲ့သူမို့ ကိုယ်ပြောတာမဟုတ်ဘူး။ မြင်ဖူးသမျှ ယောက်ျားလေးတွေထဲမှာတော့ ဝက်ကလေးက အတော်ဆုံးပဲ။ ဘဝရည်မှန်းချက်ရှိတယ်။ စိတ်ဓါတ်ခိုင်မာတယ်။ စိတ်အားမလျော့တတ်ဘူး။ တစ်ခုခုကြောင့် စိတ်ဓါတ်ကျတယ်ဆိုရင်တောင် ခဏပဲ။ မှတ်မိသေးတယ်။ တစ်ခါက အလုပ်မှာ ရာထူးတိုးအင်တာဗျူးဖြေတာ။ ကျသွားလို့ သူ စိတ်ဓါတ်ကျသေးတယ်။ ဒါပေမယ့် ကိုယ်နဲ့လည်း တွေ့ရော သူ့မှာ ဘာစိတ်ဓါတ်ကျမှုမှမရှိတော့ဘူး။ နောက်တစ်ခေါက်ထပ်ကြိုးစားမယ် ဆိုတဲ့ အတွေးပဲရှိတော့တယ်။ နောက် ဝက်ကလေးမှာ ကိုယ်အကြိုက်ဆုံးအကျင့်က ကွမ်းမစားဆေးလိပ်မသောက်တဲ့ အကျင့်လေး။ အရက်တောင် အလုပ်နဲ့ပတ်သတ်လို့ပဲ သူသောက်တာ။ ဒါတောင် အာစွတ်ရုံရယ်။

တစ်ခေါက်သင်္ကြန်တွင်းကြီးပေ့ါ။ ကိုယ်ရယ်ဝက်ကလေးရယ် ဆိုင်ရှေ့မှာ ထိုင်နေတုန်း ကျောင်းကယောက်ျားလေးသူငယ်ချင်းတွေက တွေ့သွားပြီး ရေလာလောင်းကြတယ်။ ရေနဲ့အတူဘီယာတွေပါ ရောထားလို့ ဝက်ကလေးရယ်လေ စိတ်ဆိုးသွားလိုက်တာ မျက်နှာကြီးကို နီရဲလို့။ ကိုယ့်ကို ရေလာလောင်းတဲ့ သူငယ်ချင်းတစ်ယောက်ဆို ဝက်ကလေးရဲ့ လက်သီးစာမိဖို့ သီသီလေးပဲ လိုတော့တာ။ ကိုယ်က ဇွတ်အတင်း လက်ဆွဲပြီး မေမေ့ကို လှမ်းခေါ်လိုက်လို့သာပေါ့။
ခုတော့ ကိုယ်ချစ်တဲ့ ဝက်ကလေးမှာ ချစ်တဲ့ သူ ရှိနေပြီ တဲ့။ ကိုယ့်စိတ်မှာ ဟာတာတာကြီး ဖြစ်နေတာပဲ သိတယ်။ ဌာနဆိုင်ရာဝန်ထမ်းကြီးကတော့ သိပါ့မလား။ အော် အစိုးရအရာရှိကြီးကတော့ သိပါ့မလားလေ။ ဘူဇွာ တစ်ယောက်လည်း ခံစားတတ်ပါတယ် ဆိုတဲ့အကြောင်း။

(၃)
သူပေးလာတဲ့ ဓါတ်ပုံကို အိပ်ကပ်ထဲ ထည့်လိုက်တယ်။
ဟဲ့ ပုံကိုကြည့်ဦးလေ”
အိမ်ရောက်မှ ကြည့်တော့မယ်ဟာ ဒါပဲ မဟုတ်လား ငါ သွားတော့မယ်”
ပြောပြောဆိုဆိုနဲ့ မက်တပ်ရပ်လိုက်တယ်။
မိဆု”
သွားပြီ။ ခေါ်နေကျ ဘူဇွာ ဆိုတဲ့ နာမည်ကို မခေါ်ပဲ မိဆုဇံ ဆိုတဲ့ နာမည်ကို ခေါ်လိုက်ပြီဆိုတာနဲက သူ ဘယ်လောက်ထိအရေးကြီးနေမှန်း သတိထားမိလိုက်တာ ကိုယ့်အမှားပဲ။ ကိုယ် ပြန်ထိုင်လိုက်မိတယ်။ ပြီးတော့ ဝက်ကလေးရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်တယ်။ အိုး ဝက်ကလေးရဲ့ မျက်လုံးလေးတေါ အရည်လဲ့နေလိုက်တာ။ ငိုချင်နေတဲ့ မျက်လုံးတွေလား။ မငိုပါနဲ့။ ဒီဓါတ်ပုံကို ခုပဲကြည့်ပါ့မယ်။
အိပ်ကပ်ထဲက ဓါတ်ပုံကို ထုတ်ပြီး ကြည့်လိုက်တော့……။
ငါ တောင်းပန်တယ် မိဆုရယ် ငယ်ကတည်းက အရင်းနှီးဆုံးသူငယ်ချင်းဖြစ်နေလို့လည်း ဖွင့်မပြောရက်ခဲ့ဘူး၊ ငါ့ပုံစံက ဘုတ်ထိုင်းကြီး နင့်ပုံစံက ပိန်ပိန်သွယ်သွယ်လေးဆိုတော့..”

သူ့ကို ကိုယ် ဒေါသထွက်နေတဲ့ မျက်လုံးနဲ့ ငေးကြည့်ပေးလိုက်မိတော့တယ်။

နောက်ပြီး ငါက အစိုးရဝန်ထမ်းလေ ဘယ်လောက်မှ ပိုက်ဆံရှာနိုင်တာမဟုတ်ဘူး နင်ကကျ ကိုယ်ပိုင်စီးပွားရေးလည်း လုပ်နိုင်ပြီဆိုတော့…”
အဆုံးမသတ်တဲ့ သူ့စကားတွေ နားထောင်ပြီး ကိုယ်ပြုံးလိုက်မိတယ်။ ကိုယ်နဲ့ ပတ်သတ်ပြီး သူ သိမ်ငယ်စိတ်ဝင်နေခဲ့တာကိုး လို့။
ငါ ငါ နင့်ကို ချစ်တယ်”
ကဲ ကြည့် ဒီစကားလေးနားထောင်ဖို့ စိတ်ပင်ပန်းလိုက်ရတာ။ တော်တော်ဆိုးတဲ့ ဝက်ကလေးပဲ။
ဟဲ့ ငဝက်”
သူ မော့ကြည့်လာတယ်။
င့ါ ချစ်သူဖြစ်ရမယ့်သူမှာ ဘာအရည်အချင်းမှ ရှိစရာမလိုဘူး တစ်ခုပဲ လိုတယ်”
ဘာတုန်းဟင် အဲဒီတစ်ခုက”

အသံကိုက ညောင်နာနာနဲ့။ မျက်စောင်းတစ်ချက်ထိုးပြီး ပြောပေးလိုက်ပါတယ်။ တော်ကြာ စားမဝင်အိပ်မပျော်ဖြစ်သွားရင် ကိုယ့်ရဲ့ ဝက်ကလေး ပိန်သွားမှာ စိုးရတယ်မဟုတ်လား။ ကိုယ်နဲ့ ထပ်တူ ဝက်ကလေး ပျော်ပါစေလေ။

ငါ့ ချစ်သူဖြစ်ဖို့ ငါ ချစ်နိုင်တဲ့ ငါ ချစ်မိတဲ့လူဖြစ်ဖို့ပဲ လိုပါတယ် ဝက်ရယ် နင်က အဲဒီအရည်အချင်းနဲ့ ပြည့်စုံပြီးသားပါ”

သူ့အပြုံးတွေကို ကိုယ် ငေးကြည့်မနေနိုင်ပါဘူး။ ကိုယ်လည်း ခု ပြုံးနေတယ်။ အချစ်နဲ့ ပတ်သတ်တဲ့ ကြည်နူးမှု ဆိုတာ ဒါမျိုးများလား။ ရင်ထဲမှာ ရှိန်းတိန်းဖိန်းတိန်းနဲ့ နွေးနေလိုက်တာများ။

ရည်ဝေ(လင်းရောင်ခြည်) 


No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...