ပန်ကာဒလက်တွေ၏ တဝီဝီမြည်သံသည် မိုက်ကယ်လမ်း(Michael Learn)၏ တိတ်မီတူယူဟာ့ထ်(Take me to your heart) သီချင်းနှင့် လားလားမျှ မသက်ဆိုင်သည်ကတော့အမှန်ပင်ဖြစ်သည်။ သို့သော် ပန်ကာလည်သံနှင့်အတူ ထိုသီချင်းသံစဉ်ပါ နားထဲ ရောက်လာသည်ကတော့မတတ်နိုင်။ အိမ်ရှေ့မှ ဖြတ်ပြေးသွားတတ်သော ကားကြီးတွေကို ကျွန်တော် မုန်းသည်။ တိတ်ဆိတ်ခြင်းငြိမ်သက်ခြင်း ကျင့်စဉ်ကို ထိုးခွဲဖျက်ဆီးတတ်သောကြောင့်ဖြစ်သည်။ ယခုချိန်ထိ တူမလေးက အိပ်ယာမှ တစ်ရေးနိုးထကာ ဂျီမတိုက်သေး။
ကျွန်တော့်အရှေ့တွင် စာအုပ်ပုံတစ်ပုံရှိသည်။ ၂၀၀၇ အက်ဆေးပေါင်းချုပ်ရှိသည်။ မမအလင်္ကာကဗျာစာအုပ်ရှိသည်။ မနော်ဟရီ၏ စစ်တုရင်ခုံပေါ်မှ သက္ကရာဇ်များ စာအုပ်ရှိသည်။ သို့သော် ဘယ်အရာကိုမှ ကောက်မကိုင်မိသေး။ စာဖတ်ခြင်းသည် အငမ်းမရဖတ်လျှင် ရောဂါရတတ်သည်ဟု ဆိုခြင်းကို အပိုမထင်ပါနှင့်။
မန်ယူပွဲစောင့်ရင်း စကိုင်းနက်မှလာသော ဇာတ်လမ်းတချို့ကို ငဲ့စောင်းကြည့်မိသည်။
ကိုရီးယားတွင် ယောင်္ကျားလေးရှားသည်ထင်ရ၏။ ထို့ပြင် ယောင်္ကျားလေးက အရှက်အကြောက်ကြီးရှာသည်။ မိန်းကလေးဇာတ်ဆောင်တို့သည် ဆင်းရဲ၍ သာမန်လူတစ်ဦး၏ အိပ်ချိန်ကိုပင် မရလောက်အောင်ထိအလုပ်ကြိုးစားကြရှာသည်။ နေ့မအားညမအားကြိုးစားသော်လည်း သူတို့လက်ထဲတွင်ရှိသော ငွေမှာမင်းသားဇာတ်ဆောင်၏အိင်္ကျ ီတစ်ထည်ဖိုးပင်မရှိလှ။
မြန်မာဇာတ်ကားများကျပြန်တော့ အသံကျယ်လွန်းလှသည်။ ထို့ပြင်ဇာတ်လမ်းစပြီဆိုသည်နှင့်အဆုံးကို သိသော(တွေးထင်နိုင်သော) ဇာတ်လမ်းဖြစ်နေပြန်သည်။ ဟာသကျတော့လည်း ခြေမကို ကလိထိုးတာထက်ပင်ဆိုးသေးသည်။ လူရွှင်တော်များအောက်ပိုင်းပြတ်လုံးပြတ်ကျတော့ ရိုင်းသည်ဟု ပြောကြသည်။ မင်းသားဇာတ်ဆောင်၊ မင်းသမီးဇာတ်ဆောင်တို့ အောက်ပိုင်းပြတ်လုံးပြတ်ကြတော့အပြုံးမပျက်နားဆင်နိုင်ကြသည်။ ပြတ်လုံးသည် ပြတ်လုံးသာဖြစ်၍ ပြောသူပြောင်းသွားသည့်ခါ တန်ဖိုးတက်တတ်သည်ကို မှတ်သားရပြန်၏။
ယနေ့ညသည် ပန်ကာနှင့် ရုပ်သံဇာတ်လမ်းမှ အသံတို့သာ ရှိ၍ ပြင်ပမှ အသံများ ကင်းနေကာ အနည်းငယ် တိတ်ဆိတ်နေသော ညတစ်ည ဖြစ်နေသည်။ မလာသေးသော ဘောလုံးပွဲကို စောင့်ချင်စိတ်နှင့်မျက်လုံးကို အလုပ်ပေးနေသည်မှာကော မှန်ကန်သော စောင့်မျှော်ခြင်း ဟုတ်ပါရဲ့လား။
ကိုယ့်ကျန်းမာရေးကိုယ် လျှစ်လျှူရှုကာစောင့်မျှော်နေမိသော ဘောလုံးပွဲတစ်ပွဲသည် ကျွန်တော့်အား တစ်စုံတစ်ခုများ အကျိုးပြုလေမလား။
(၁)
စောင့်မျှော်ခြင်းသည် လူတိုင်းကြုံဖူးသော အရာဖြစ်၍ လူတိုင်းပြုလုပ်ဖူးသော အလုပ်ဖြစ်ပေလိမ့်မည်။
ကျောင်းသားများအတွက် ကျောင်းတက်ချိန်သည်မစောင့်သော်လည်း ရောက်ကို ရောက်လာမည့်အချိန်ဖြစ်၍ ကျောင်းဆင်းချိန်မှာမူ စောင့်မျှော်နေရသော အချိန်ဖြစ်သည်။ အလုပ်အင်တာဗျူးပြီးသည်နှင် ကျွန်တော်တို့သည် ကိုယ့်ကို အလုပ်ခန့်၊ မခန့် စောင့်မျှော်ရတော့သည်။ လူငယ်တို့သည်လည်း ကိုယ့်နှစ်သက်သူကို ဖွင့်ပြောပြီးသည်နှင့် ကိုယ့်ကို သူလက်ခံမည့်အချိန် သို့မဟုတ် ခေါင်းခါမည့်အချိန်ကို စောင့်မျှော်ကြရသည်။ တချို့ကတော့ အဖြေကို ကြိုသိကြသည်ပြော၏။ ကျွန်တော်ကတော့ထိုကဲ့သို့ ကျွမ်းကျင်အဆင့်ကို မရောက်ရှိသေး။
စောင့်မျှော်ခြင်းကို အလိုမရှိသောသူတို့က တတ်နိုင်သလောက် အချိန်ကို ညှိထားကြသည်။ အစီအစဉ်ဆွဲထားကြသည်။ သို့သော် စောင့်မျှော်ခြင်းနှင့် အသားကျနေတတ်ကြသော၊ ကိုယ့်အတွက်ကိုယ်သာ အလေးထားကြသော လူတချို့ကြောင့် လူတိုင်းသည်ပင် စောင့်မျှော်ခြင်းနှင့် မကင်းနိုင်ကြ။ ကင်း၍လည်း မရကြ။
လုပ်ငန်းခွင်သည် စောင့်မျှော်ခြင်းကို ငယ်သူငယ်ချင်းကဲ့သို့ လည်ပင်းဖက်ပေါင်းရသည်။ လက်အောက်ငယ်သားတို့ အလုပ်နောက်ကျသည့်အခါ စောင့်မျှော်လိုက်ရခြင်းကို စိတ်မရှည်ကြသော်လည်း အထက်လူကြီးကို စောင့်မျှော်ရလျှင်မူစိတ်တို့ရှည်နေတတ်ကြသည်။
စကားမစပ် မေးချင်ပါသေးသည်။ ခင်ဗျား မြန်မာပြည်မှာ နေသလား။ သို့မဟုတ် မြန်မာနိုင်ငံမှာနေပါသလား။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံတွင်နေထိုင်သည်ဟု ယုံကြည်သည်။ သို့သော် ခုတလောမြန်မာပြည်တွင် နေ နေမိသလားဟု သံသယဖြစ်မိသည်။
တချို့က မြန်မာကို မြန်မာဟု ခေါ်ဆိုရန် မျှော်လင့်ကြ၍ တချို့က မြန်မာကို ဘားမားဟု ခေါ်ဆိုရန် လိုလားကြသည်။ ဘယ်အရာသည် ကျွန်တော်တို့နိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်မည်လဲ။
ဒီမိုကရေစီကို စောင့်မျှော်နေကြသည့် ကျွန်တော်တို့ ပြည်သူပြည်သားများသည် ဒီမိုကရေစီနှင့် အံဝင်ခွင်ကျရှိပါရဲ့လား။ ဒီမိုကရေစီသည် တပါးသူကို မထိခိုက်စေသော ကိုယ်ပိုင်လွတ်လပ်ခွင့်ဟု အဓိပ္ပါယ်ဖွင့်ဆိုလျှင် ကျွန်တော်မှားလေမည်လား။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီအကြောင်းကို ကျွန်တော်မသိပါ။
ကျွန်တော် သိသည်က ကျွန်တော် စောင့်မျှော်နေသည်။ မကြာခင်လာတော့မည့် မန်ယူနှင့် ရီးရဲ ဘောလုံးပွဲကို စောင့်မျှော်နေသည်။ ကျွန်တော့်မြန်မာနိုင်ငံကို မြန်မာနိုင်ငံဟု မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပြည်သူများက တစုတစည်းတည်း ခေါ်ဆိုလာကြမည့်နေ့ကို စောင့်မျှော်နေသည်။ အလှမ်းကျယ်သည့် ဒီမိုကရေစီကို ကျွန်တော် မမျှော်လင့်ပါ။ သို့သော် တပါးသူကို မထိခိုက်စေပဲ ကျွန်တော်၏ ကိုယ်ပိုင်လွတ်လပ်စွာ နေထိုင်ခွင့်ကို ရရှိချင်ပါသည်။
(၂)
စောင့်မျှော်ရသူအတွက် အချိန်သည် ကြာမြင့်သလောက် အချိန်တန်လျှင်ရောက်လာမည်ဟု တွေးဆထားသူအတွက် အချိန်သည် သူ့ဟာသူ လည်ပတ်နေသည်။
ကျွန်တော် စောင့်မျှော်နေပါသည်။ ထို့အတွက် အချိန်တို့ ကြာမြင့်နေသည်။ ကျွန်တော်တို့ ပြည်သူများက စောင့်မျှော်နေ၍များ ဒီမိုကရေစီသည် ကြာမြင့်နေလေသလား။
ဆယ်တန်းတွေ အောင်စာရင်းထွက်တုန်းက ဖြစ်သည်။ ကိုယ့်ကိုယ်ကို အောင်ရုံသာ မှန်းထားသော ကျွန်တော်သည် အောင်မည်ဟုလည်း ယုံကြည်နေသည်။ အောင်ရုံလောက်ပဲ ဖြေခဲ့သည်ဟုလည်း သေချာနေသေးသည်။ ထို့ကြောင့် ဆယ်တန်းအောင်စာရင်းကို စောင့်မျှော်မနေခဲ့ပါ။ ထို့အတွက် အောင်စာရင်းသည် ထွက်ချိန်တန်သည့်အခါထွက်လာ၍ ကျွန်တော်သည်လည်း စောင့်မျှော်ရခြင်းဒုက္ခမှ ကင်းဝေးခဲ့သည်။
ယခုတော့ ကျွန်တော်တို့ ပြည်သူများသည် စောင့်မျှော်ရခြင်းဒုက္ခဖြင့် နေသားတကျဖြစ်နေပြီဟုများ ဆိုရလေမလားမသိ။ လူတိုင်းသည် တစ်ချိန်တော့ ရောက်လာမှာပါ၊ တစ်ယောက်ယောက်ကတော့ ကြည့်မနေပါဘူး၊ တစ်ယောက်ယောက်ကတော့ ကူညီနိုင်မှာပါ စသဖြင့် တစ်စုံတစ်ရာ၊ တစ်စုံတစ်ယောက်ကို စောင့်မျှော်ရခြင်း၊ မျှော်လင့်ရခြင်း၌ နေသားတကျ ရှိနေကြလေသည်။ ကျွန်တော်ကိုယ်တိုင်သည်လည်း စောင့်မျှော်ရခြင်းကို မနှစ်သက်လှ။ သို့သော် စောင့်မျှော်ခြင်းသည်ပင် ကျွန်တော်၏ တစ်နေ့တာ၌ ဇာတ်ကောင်ဖြစ်နေသည်။
မနက်ခင်းထမင်းစားခြင်းသည် မထူးဆန်းသော်လည်း ထမင်းကျက်ဖို့ အချိန်ကိုတော့ စောင့်ရသည်သာဖြစ်သည်။ အလုပ်သို့သွားသည့်အချိန်တွင်လည်း ကိုယ်စီးရမည့် ဘက်စ်ကားကို စောင့်မျှော်ရပြန်သေးသည်။ အလုပ်မှ ပြန်သည့် အခါတွင်လည်း ထိုနည်း၎င်း။
သည်တော့ ကျွန်တော်တို့တွေသည် စောင့်မျှော်ခြင်းနှင့် အကျွမ်းတဝင်ဖြစ်နေသူများ ဟု ဆိုနိုင်သည်။
(၃)
ဟိုတစ်လောက လားရှိုးသို့ အလုပ်ကိစ္စဖြင့် သွားခဲ့သည်။ ဟော်တယ်ဝယ် ပစ္စည်းများထားအပြီးဝယ် ဟော်တယ်နှင့် ခပ်လှမ်းလှမ်းရှိ အသုပ်ဆိုင်လေးသို့သွားကာ အသုပ်စားမိသည်။ ကိုယ့်ရှေ့မှ လူတော်တော်များသဖြင့် ကိုယ့်အလှည့်ရောက်ဖို့ အတော်ပင် စောင့်လိုက်ရသည်။ ထိုစောင့်နေရသည့် အချိန်အတွင်း အသုပ်ရောင်းသူနှင့် ကျွန်တော့်ရှေ့က ဝယ်သူတို့ ပြောစကားတို့ကို နားထောင်လိုက်မိသည်။
ကျွန်တော် တော်တော်နင်သွားသည်။ ဟုတ်၏။ နင်သွားပါသည်။ ပြည်မကြီးနှင့် လားရှိုးသည်ဘာမျှ မဆိုင်ဟု ဆိုနေသော အသုပ်သည်၊ ပြည်မကြီးသည် ကျန်မြန်မာနိုင်ငံနယ်နမိတ်ကို ပြောခြင်းဖြစ်၍ ဤလားရှိုးမြို့သည် ထိုပြည်မကြီးနှင့် လားလားမျှမဆိုင်လေသည့် ဟန်ပြောနေသည်။ ထားပါ။ သူပြောသလိုပင် ပြည်မကြီး၊ မြန်မာပြည်ဟုပင်ထားပါ။ ထိုမြန်မာနိုင်ငံတွင်ပင် ဤရှမ်းပြည်နယ်သည် မပါသလော။ ပြောနေသည့်သူက သူ့အဆိုအရ ပြည်မကြီး အထက်အညာဒေသမှ အသုပ်လာရောင်းသူ၊ အညာသူမ။
တဖြည်းဖြည်းနှင့် ကျွန်တော်စောင့်မျှော်လိုက်သော အချိန်ရောက်လာသည်။ စားထားသော အသုပ်ဖိုးငွေကို အတိအကျပေးလိုက်ရင်း ထိုသူမအား စေ့စေ့ကြည့်ကာ ဤသို့ ပြောလိုက်ချင်မိသည်။
“ခင်ဗျားကိုယ် ခင်ဗျား အညာသူလို့ ဘယ်တော့မှမပြောပါနဲ့ ရှက်လွန်းလို့ပါ ဟော့ဒီရှမ်းပြည်နယ်ဆိုတာ မြန်မာနိုင်ငံနဲ့ တစိတ်တစ်ဝမ်းတည်းဆိုတာကို လက်မခံနိုင်မချင်း ခင်ဗျား တရုတ်ဖြူယောင်ဆောင်နေပါ” ဟုပင်။ ထိုစကားကို ကြားသည့် အချိန်တွင် ထိုသူမ မည်သို့များ ဖြစ်လေမလဲ။ သို့သော် ကျွန်တော် မပြောဖြစ်ခဲ့ပါ။
ပြောရမည့်အစား ကျွန်တော့်စိတ်တို့သည် အချိန်တစ်ခုကိုသာ တောင့်တနေခဲ့မိတော့သည်။
တိုင်းနှင့်ပြည်နယ် ၁၄ခုပေါင်းထားသော ဤမြန်မာနိုင်ငံသည် ကျွန်တော်၊ ကျွန်မတို့၏ နိုင်ငံဖြစ်သည်ဟု တညီတညွတ်တည်း ဂုဏ်ယူဝင့်ကြွားစွာ ဆိုလာမည့် အချိန်ကိုပင်ဖြစ်သည်။
(၅)
မဖြစ်မနေလာတော့မည့် ဘောလုံးပွဲကတော့ လာတော့မည်။ စောင့်မျှော်နေမိသည့် ကျွန်တော့်စိတ်တို့ကတော့ ကြာမြင့်လွန်းလှသည်ထင်မိ၏။
ကျွန်တော့်လိုပင် ယနေ့ညတွင် စောင့်မျှော်နေသူများ ရှိနေပါလိမ့်ဦးမည်။ ညအချိန်မတော်ထိအောင် အိမ်ပြန်မလာသော အိမ်သားတို့ကို စောင့်မျှော်နေသူ ရှိနိုင်သည်။ ဝေးကွာနေသော ချစ်သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောရန် စောင့်မျှော်နေနိုင်သည်။ သို့မဟုတ်ဂလိုဘယ်ခေတ်ကြီးထဲတွင် အင်တာနက်သုံးကာ နိုင်ငံရပ်ခြားနှင့် ဆက်သွယ်ရန်စောင့်မျှော်နေသူများ ရှိနိုင်ကြသေးသည်။
ထိုအထဲတွင်ပင် သတင်းစာကို စဉ်ဆက်မပြတ်ကြည့်ကာ၊ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ကာ ဘယ်သူကတော့ ဘယ်လိုကူညီပါလိမ့်မည်ဟု မျှော်လင့်စောင့်စားနေသော သူတွေသည်လည်း ရှိနေပါလိမ့်မည်။ သူများမကူညီခင် ကိုယ်ကိုယ်တိုင် ဘာတွေလုပ်နိုင်သလဲ ဆိုသည်ကို ဆန်းစစ်ဖို့ဖြင့် ထိုသူတို့ မေ့နေနိုင်ပါသေးသည်။
ပြောပြောဆိုဆိုနှင့်ပင် ကျွန်တော် မျှော်လင့်နေသော မဟာဘောလုံးပွဲရောက်ရှိလာပါသည်။ စိတ်တို့နှစ်ကာ ချစ်ရပါသော မန်ယူကို အားပါးတရ အားပေးမည်ဟု အားခဲလိုက်စဉ်တွင်ပင် ဖြတ်ခနဲ မီးပြတ်သွားတော့သည်။
သိပ်မကြာခင် မီးလာမည် ဟု ထင်ပါသည်။ သေချာတော့ မပြောတတ်သေးပါ။ သို့သော် ကျွန်တော် စောင့်မျှော်လက်စနှင့် စောင့်မျှော်လိုက်ပါဦးမည်။
…..
ရည်ဝေ(လင်းရောင်ခြည်)
.jpg)
No comments:
Post a Comment