Monday, February 10, 2025

စရိုက်တဲ့လား-ရည်ဝေ(လင်းရောင်ခြည်)-ဝူးမန်းဝေါ မဂ္ဂဇင်း

“စရိုက်” တဲ့လား

“စရိုက်” တဲ့လား။ တီးတိုးရေရွတ်ရင်း မဲ့ပြုံးတစ်ချက်ပြုံးမိလိုက်သည်။ အကယ်၍များ ထိုစဉ်က အဖြစ်အပျက်ကို ပြန်ရောက်နိုင်မည်ဆိုပါစို့။ ထိုသူ၏ ဆုံးဖြတ်ချက်ကိုလည်း သိမည်ဆိုပါစို့။ သေချာပါသည်။ သူမ ထိုအပြုအမှုကိုပင် ထပ်မံ ပြုလုပ်မိဦးမည် ဖြစ်သည်။ တအူတုံဆင်း မောင်နှမရင်း ဆိုသည့် သွေးစည်းခြင်းသည် မည်သည့်အရာနှင့်မျှ ပျက်မည်မဟုတ်မှန်း၊ ဖျက်၍ရမည် မဟုတ်မှန်း ထိုသူ့ကို တစ်ခါလောက်တော့ တွေ့ဆုံကာ အသေအချာ ပြောပြချင်မိပါသေးသည်။ ထိုသူ နှင့် တွေ့ဆုံခဲ့ပုံက မဆန်းလှပါ။ သူမ က သာမန် အေးဂျင့်ကုန်စုံဆိုင်တစ်ခု၏ အရောင်းဝန်ထမ်း ဖြစ်ပြီး ထိုသူက ဆိုင်ကို အမြဲလာရောက်ဝယ်ယူသော ဈေးဝယ်သူတစ်ဦးအဖြစ်သာ။ တဖြည်းဖြည်းနှင့် အဝယ်စိတ်လာကာ ဝယ်သည့်အခါတိုင်းလည်း သူမ ဆီသာ ရွေးချယ်မေးဝယ်တတ်သည်မို့ သူမ သတိထားမိခဲ့ခြင်းပင်။ (၁) ဟော သူလာပြီ။ သူလာပြီဆိုသည်နှင့် တခြား အရောင်းဝန်ထမ်းအားလုံးသည် သူမ ကိုသာ ပြုံးစိစိကြည့်နေကြသည်မှာ မုန်းစရာပင်ကောင်းတော့သည်။ တကယ်ဆို သူကလည်း တခြား ဝန်ထမ်းတွေဆီ မေးမည်မရှိ။ သူမ ဆီသာ အမြဲတမ်းမေးနေသည်။ တကယ်ပါပဲ ဟု စိတ်ထဲမှ မကျေနပ်လေဟန်နှင့် (တကယ်တော့ ကျေကျေနပ်နပ်နှင့်) ရေရွတ်လိုက်မိသည်။ သို့သော် ခြေလှမ်းတို့ကတော့ဖြင့် သူ့ဆီသို့ ရောက်သွားမိပြီ။ “Mild Seven တစ်ဗူးပေးပါ ငယ်လေး”

သူမကပင် မမေးရသေးပဲ ပြောလိုက်သော သူ့အား တစ်ချက်ပြုံးပြလိုက်ရင်း စီးကရက်ကောင်တာသို့ သွားကာ Mild Seven တစ်ဗူးထုတ်လိုက်၏။ ငယ်လေး ဟူသည် ခေါ်ဝေါ်သံကလည်း တကယ်ဆို သူမ က ခွင့်ပြုချက် မပေးပါပဲနှင့် သူ့ဘာသူ ခေါ်နေခြင်းပင်။ ထိုခေါ်ဝေါ်မှုကို သူမ ကလည်း တကူးတက တားမြစ်မနေခဲ့မိပါ။ သူ့ထက် အသက်ငယ်၍ ခေါ်တာပဲလေ ဟုသာ တွေးလိုက်မိရင်း..။ တကယ်တော့ ငယ်လေး ဟု ခေါ်သည့် အသံလေးအား နှစ်ခြိုက်မိသည်ကလည်း ပါပါသည်။ ဆေးလိပ်ဗူး ဖိုး ပေးလာသည့် ပိုက်ဆံသည် အနည်းငယ် ထူနေသည်။ သို့နှင့် ခေါင်းငုံ့ပိုက်ဆံ ရေကြည့်လိုက်စဉ်မှာ ပင် သူထွက်သွားသည်ကို တွေ့ရ၏။ ပိုက်ဆံက ဆေးလိပ်ဗူးဖိုး အတိအကျ။ သို့သော် ပိုနေသည်က……….. စာလေးတစ်စောင်။
“မျက်လုံးရှေ့မှာ မြင်တိုင်း ကြည့်ခဲ့ဖူးတယ် မထင်ပါနဲ့….သူများအတွက် လှလွန်းသူတွေလည်း အမှတ်တမဲ့ပါပဲ အားလုံးထဲက မင်းကျတော့ ရေ့..ကိုယ်မျက်တောင် မခတ်ပဲနဲ့..တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့် နဖူးက ခြေဖျားထိအောင်ချစ်တယ်.. အသည်းထဲက စွဲညှို့သူရယ် မျက်စိအောက်က ပျောက်မသွားနဲ့ဦး တစ်နေကုန်ထိုင်ပြိးကြည့် ဒီမျက်စိက အသည်းထဲထိ စီးဝင် ဘယ်တော့ကြည့်ကြည့်ချစ်မိသူရေ ဒီလိုမျက်စိအောက်က ပျောက်မသွားနဲ့ဦး တစ်နေကုန်ထိုင်ပြီးကြည့်.. တစ်စိမ့်စိမ့်ကြည့်နေမယ်…တစ်နေကုန်ကြည့်နေဦးမယ်..တစ်စိမ့်စိမ့်ကြည့်နေမယ်……တစ်နေကုန်ထိုင်ပြီးကြည့်” အင် ဘယ့်နှယ် ဖိုးကာ သီချင်းစာသားကို ပြန်ကူးထားတာ ပါ့လားလို့ တွေးမိစဉ်မှာပဲ အောက်ခြေနားက စာကြောင်းလေးတစ်ကြောင်းဆီ မျက်လုံးက ရောက်မိသွားသည့် ခဏ ..။ သူမ ပြုံးလိုက်မိသလား မသေချာပါ..။ ဟော ဆိုင်ရှင် ဦးလေးကြီးက သူမကို လှမ်းကြည့်နေချေပြီ။ ဦးလေးကြီးတို့ မမြင်အောင် စာရွက်ကို ကပြာကယာ သိမ်းလိုက်ရင်း စီးကရက်ဗူးဖိုး သွားပေးလိုက်၏။ လုပ်ဖေါ်ကိုင်ဘက်ဝန်ထမ်းများကတော့ သူမကို အကြောင်းသိဟန်နှင့် မျက်စပစ်ပြနေသည်။ ထိုစာရွက်ကို ကြည့်ချင်လို့ တောင်းနေကြသည်မှာလည်း ခဏခဏ။ သို့သော် သူမ မပြရက်ပါ။ ကိုယ်ကိုယ်တိုင်တောင် ကြည့်လို့ မဝသေးဘူးမဟုတ်လား။ ထိုနေ့တစ်နေ့လုံး သူမ၏ စိတ်သည် အလုပ်ထဲထက် စာရွက်ပေါ်က စာကြောင်းလေးတစ်ကြောင်းဆီမှာ နစ်ဝင်ချေပြီ။ ထိုစာကြောင်းလေးက……..။ “ငယ်လေးရေ ကိုယ်လည်း အဲ့ဒီလိုပဲ ဖြစ်နေပြီ ငယ်လေးရေ ငယ်လေးကို ချစ်တယ်” တဲ့လေ။ သူ့လက်မှတ်လေးကလည်း စွဲမက်ဖွယ်ရာ အတွန့်အတွန့်လေးတွေနှင့်။ ဆိုင်းထိုးရခက်သော နာမည်ကိုမှ သူမို့ လှအောင်ဆိုင်းထိုးတတ်လွန်းသည်။ သူ့လတ်မှတ်ဆိုင်းလေးက HTAY တဲ့လေ။ (၂)

ဟူး….။ သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။ အဖေ စက်ဘီးလဲ၍ ခါးဆစ်ရိုးဝယ် စတီးချောင်းထည့်ဖို့ ဆေးရုံတက်နေရတာ တော်တော်ကြာပြီ။ အမေကလည်း အဖေ့ကို ပြုစုဖို့ဟုဆိုကာ ရုံးနှင့် ဆေးရုံသာ ရှိနေရသည်။ ဆေးရုံနှင့် အမေ့ရုံးအလုပ်က နီးသည်မဟုတ်လား။ တစ်ပတ်မှ တစ်ခါသာ ပြန်လာကာ အိမ်အတွက် အသုံးစရိတ်ကို ပေးတတ်သည်။ နောက်နှစ်ပတ်လောက်နေလျှင်တော့ ဆေးရုံမှ ဆင်း၍ ရပြီဟုပြောသည်။ ထိုနေ့ရက် မြန်မြန်ရောက်ပါစေ ဟုသာ ဆုတောင်းနေရသည်။ နို့မို့ ဒီအစ်ကို ကို ကြာလေကြာလေ စိတ်အချဉ်ပေါက်လွန်းကာ အိမ်မှ ထွက်ပြေးမိတော့မည် ထင်သည်။ ညီမအပျိုလေးတစ်ယောက်တည်း ရှိသည်ဟူသည့် အတွေးနှင့် အိမ်ကို စောစောပြန်လာဖို့ကောင်းပါသည်။ ခုတော့ နေလိုက်ရင် ညဆယ်နာရီ၊ ဆယ့်တစ်နာရီမှ ပြန်လာသည်။ အမေလာလို့ တိုင်မယ်လုပ်တော့လည်း သူက ဦးအောင်တိုင်သည်။ အမေ့သမီးက ထမင်းချက်မကျွေးဘူး ဟူ၍။ တကယ်ဆို မောင်နှမနှစ်ယောက်ရှိသည်မဟုတ်လား။ သူမ ပန်းကန်ဆေးလျှင် သူကတော့ ထမင်းချက်သင့်သည်။ သို့သော် အမေက သူ့သားလေး တိုင်တာနှင့် သူမကို ဆူတော့သည်။ ဒါ့ကြောင့်မို့ ဒီအစ်ကို ကို မျက်မုန်းကျိုးနေခြင်းပင်။ အမေနှင့် အဖေ့ ချစ်ခြင်းကိုခ ံရ၍ အိမ်၏ ဝန်ကို ကူထမ်းနေသလား ဆိုတော့လည်း မဟုတ်ပြန်။ အလုပ်မရှိအကိုင်မရှိနှင့် ဘိလိယက်ခုံမှာ ရှိရင်ရှိ၊ မရှိရင် ဖဲဝိုင်းနှင့် အရက်ဆိုင်တွင်သာ ရှိတတ်သည့် လူစားမျိုး။ အဖေ့ကိုလည်း အဲ့ဒီ မောင်ဗမာစက်ဘီးကြီးကို မစီးပါနှင့်ဟု ခဏခဏ ပြောခဲ့ဖူးသည်။ အဘယ့်ကြောင့်ဆိုသော် အဖေ့မျက်လုံးက သိပ်မကောင်းသလို တောင်ဒဂုံလမ်းတွေကလည်း ဆိုးလွန်းလှသည် မဟုတ်လား။ ခုတော့ အဖေ့ရုံးအလုပ်လည်း နားရပြီဟု မကျေမနပ် တွေးရင်းနာရီကြည့်မိတော့ ကိုးနာရီခွဲချေပြီ။ စိတ်တို့က တော်တော်ကို တိုလာချေပြီ။ အိမ်ပြင်သို့ အနည်းငယ် ချောင်းကြည့်လိုက်မိတော့..စုရုံးစုရုံးနှင့် ။ “စန်းသီ ရေ..စန်းသီ” သူမ အမည်ကို အော်ခေါ်နေသည့် သူကို လမ်းမီးတိုင်၏ အကူအညီကြောင့် မြင်လိုက်ရသည်။ သူမ၏ အစ်ကို ကိုအောင်သွားထိုင်နေကျ အရက်ဆိုင်ရှင် ဦးဝကြီး။ သူမ အိမ်ပြင်သို့ထွက်ကာ အရိပ်အယောင်ပြလိုက်တော့ ဦးဝကြီးက “နင့်အစ်ကို ငအောင်ရယ် ဟိုဘက်လမ်းထဲမှာ ရိုက်ပွဲဖြစ်နေတယ် ..သွားဆွဲချေဦး” ထိုစကားအကြား လူက ဘယ်လိုဖြစ်သည်မသိ။ အိမ်ထဲမှ တစ်ဟုန်ထိုး ထွက်လိုက်မိချေပြီ။ ထို့နောက်တော့ ဦးဝကြီး ညွှန်ပြလိုက်သော လမ်းဆီသို့..။ အိမ်နေရင်း အားကစားဘောင်းဘီတိုအပွလေးနှင့် ဆိုသည်ကိုလည်း သတိမထားမိတော့။ တီရှပ်အရောင်က ဖျော့လွန်းနေသည်ဆိုတာကိုလည်း သတိမမူမိတော့။ (၃) ဟော တွေ့ပါပြီ။ သူမ၏ အစ်ကို လူဆိုးကြီး။ လက်ထဲမှ တုတ်ဖြင့် တစ်ဘက်လူကို ရိုက်ရန်ပြင်နေသည်။ တစ်ဘက်လူများကိုကြည့်လိုက်တော့ သုံးယောက်။ သို့သော် အရက်မူးနေကြသည်။ ပြန်လှန် ခုခံရန် မတတ်စွမ်းနိုင်သည့်ဟန်။ တဟုန်ထိုးပြေးသွားရင်း ကိုအောင့်ကို ဖက်ကာ တုတ်ကို ဆွဲလုပစ်လိုက်သည်။ “စန်းသီ နင်ဖယ်စမ်းဟာ မိန်းကလေးက မိန်းကလေးနေရာသွားနေစမ်း ဒီကောင်တွေ လူပါးဝလွန်းတယ် သူတို့ကြောင့် ကွမ်းတံတွေး ပေသွားတာကို တောင်းပန်မယ် မရှိဘူး.. ” ပွစိပွစိ ပြောနေသော ကိုအောင့်အား လက်လွှတ်မပေးရဲပါချေ။ ဟော ဟိုလူများဘက်မှ ထောင်ထောင်မောင်းမောင်းလူတစ်ယောက် ထပ်မံရောက်ရှိလာပြန်သည်။ ကိုအောင့်အား တစ်ချက် ကြည့်ကာ သူ့လူများအား ဆွဲခေါ်ဖို့ လုပ်နေသည်။ ရုတ်တရက် သူမမှာ ဆောင့်တွန်းခံလိုက်ရပြီး ကိုအောင် သူမ လက်ထဲမှ လွတ်ထွက်သွား၏။ သူမလည်း ကပြာကယာထလိုက်ရင်း ရိုက်တော့မည့် ကိုအောင့် တုတ်ရှေ့ ခေါင်းခံပေးလိုက်သည်။ ရိုက်လိုကလည်း ရိုက်ပါစေတော့..သူများရိုက်လို့ ပြဿနာ ဖြစ်မှာထက် သူမ ကိုရိုက်လို့ ဆေးကုရသည်က ပိုလွယ်သည် မဟုတ်လား…။ တုတ်က နေရာလွဲသွား၏။ “နင်ဟာ..နင်” ဟု ကြိတ်မနိုင်ခဲမရဖြစ်နေသော ကိုအောင့်အား သူမလည်း ကြုံးအော်ပစ်လိုက်သည်။ “ဟ ပြဿနာ တက်မှာ နင်တစ်ယောက်တည်း မဟုတ်ဘူး အဖေက ဆေးရုံမှာ ဆိုတာလည်း သတိထားဦး” ထိုစဉ်မှာပင် သူ့လူတွေကို ထိန်းသိမ်းပြီးပြီဖြစ်သော ထောင်ထောင်မေါင်းမေါင်းလူလည်း သူမတို့အနားသို့ပြန်ရောက်လာသည်။ ထို့နောက် “ညီလေးရေ ကိုယ့်ညီတွေကိုယ်စားတောင်းပန်ပါတယ်ကွာ တကယ်တောင်းပန်ပါတယ်” ခုနက မုန်ယိုနေဟန်တူသည့် ကိုအောင်သည် ထိုတောင်းပန်စကားသံကြားလိုက်ရတော့လည်း အတိုင်းသားငြိမ်သက်သွား၏။ ထို့နောက် သူနှင့် ထိုထောင်ထောင်မေါင်းမေါင်းလူတို့ စကားပြောဆိုနေကြသည်ကို သူမ ခေတ္တရပ်စောင့်နေလိုက်သည်။ အိမ်သို့ တစ်ပါတည်း ခေါ်မှ စိတ်ချရပေမည်။ နို့မို့ ထပ်မံပြဿနာတက်နိုင်သည် မဟုတ်လား။ (၄) အို..ဒါ သူတို့ အိမ်နားလား ဟု တွေးရင်း သူမ မျက်လုံးအဝိုင်းသား ဖြစ်သွားမိသည်။ ဒါ သူမကို ချစ်ပါတယ် ဆိုထားသည့် သူ၏ အိမ်နားလား။ ဒါဆို စောနက အဖြစ်အပျက်တွေ သူမြင်သွားမှာပေါ့ ဟု တွေးမိတော့ ရှက်ရွံ့စိတ်က ရင်ထဲဝယ် လှိုက်တက်လာသည်။ စောနက သူမ ယောက်ယက်ခတ်နေပုံတွေ သူ မြင်သွားပြီ ဆိုသည့် အသိနှင့် ထိုနေရာတွင်လည်း ဆက်မနေချင်တော့။ “ကိုအောင် ငါပြန်ပြီ ..ချက်ခြင်းလိုက်လာခဲ့နော် ဒါမှမဟုတ်ရင် နက်ဖြန် အမေလာတဲ့အခါ နင့်ကို တိုင်ပစ်မယ်” ကိုအောင့်ကို ခြိမ်းခြောက်ရင်း အိမ်ဘက်သို့ ပြန်လှည့်တော့ ခြေလှမ်းတို့က လေးလံလွန်းလှသည်။ ခုမှ သူမ၏ ဘောင်းဘီသည် တိုလွန်းနေမှန်း သတိထားမိသည်။ သူမ၏ အိကျီ ၤသည် လက်သုတ်ဝတ်သာသာ ဖြစ်နေမှန်း ခုမှ… သတိထားမိတော့သည်။ မဝံ့မရဲဖြစ်စွာ လမ်းကိုသာ ခပ်မြန်မြန်လျှောက်မိနေသော်ငြား သူမအား ငေးကြည့်နေသော သူ့မျက်လုံးများကို မေ့မရ။ အိပ်မက်ထဲထိ လိုက်ပါလာမလား ဟုပင် တွေးလိုက်မိသေးသည်။ ထိုမျက်လုံးများသည် စိမ်းကားလွန်းလှသည် မဟုတ်လား။ (၅) ဈေးဝယ် တစ်ခေါက်တစ်လေမျှပင် ပေါ်မလာတော့သော သူ့ကို သူမ မျှော်မိသည်မှာလည်း အခါခါ။ ဟိုတစ်ချိန်ကဆိုလျှင် တစ်နေ့ကို ခြောက်ခေါက်ထက်မနည်း လာတတ်သည်မလား။ သူပေးထားသည့် စာလေးသုံးစောင်ကိုသာ ငေးကြည့်နေရင်း သူမအလွမ်းတွေ ဖြေဖျောက်ရသည်။ ပထမဆုံးစာက ဖိုးကာသီချင်းကို ကူးပေးထားခြင်း။ ဒုတိယစာတစ်စောင်ကတော့ အဖြေရဖို့ရာ တောင်းဆိုထားခြင်းပင်။ တတိယစာကလည်း တူတူပင်။ အဖြေရဖို့ရာ တောင်းဆိုထားခြင်းပင်။ သို့သော် ထိုအဖြေကို သူယူရန် ဆန္ဒမရှိလေတော့ပြီထင့်။ သူမ၏ မြင်ကွင်းထဲမှ သူ ပျောက်ကွယ်ဖို့ ကြိုးစားနေလေပြီထင့်။ “အင် ဘာလဲ မင်းပြောတာ ဟိုကုန်စုံဆိုင်က ငတိမလေးလား အရပ်ရှည်ရှည် ဆံပင်ရှည်ရှည် မျက်နှာဝိုင်းလေးလား” “ဟုတ်တယ် သူ့နာမည်က စန်းသီ တဲ့လေ” “အဟား ဟေ့ရောင် သွားမလုပ်နဲ့ကွ ငါသိတယ် အဲ့ကောင်မလေးကို ငါ့အစ်ကို ဆို တော်တော်ကြွေသွားတာ ဒါပေမယ့် စရိုက်တွေကွ စရိုက်ကြမ်းတယ် သူ့စရိုက်ကို သေချာလည်း မြင်ပြီးရော ငါ့အစ်ကို ခမျာ အဖြေပေးမှာစိုးလို့ တာမွေက အမျိုးဆီ သွားပုန်းနေတဲ့ အဖြစ်ကို ရောက်ပါလေရော” ကြားနေရသည့် စကားသံတို့အား သူမ သေချာနားစိုတ်စရာမလိုပါ။ ဒီကြေးအိုးဆိုင်လေး၏ တံခါးတောင့်စွန်းတွင် ထိုင်နေသော သူမအား မြင်ကြမည်မဟုတ်သော လူငယ်လေးနှစ်ယောက်ကတော့ စကားကို အထိန်းအကွပ်မရှိ ပြောနေကြသည်မှာ တစ်ဆိုင်လုံး ဟိန်းနေသည်မဟုတ်ပါလား။ ဒီကြားထဲ လူကလည်း ရှင်းနေသည်။ သူတို့ဝိုင်းနှင့် သူမ သာ ရှိသည်မို့ ထိုစကားသံတို့အား သေချာတိကျစွာ နားဆင်နေရပါသည်။ ထိုစဉ်တွင်ပင်…။ “ညီမလေး ကြေးအိုးရပြီ” ကြေးအိုးထုပ်ကို ဆွဲကာ ထွက်လာသော သူမကိုမြင်လျှင် ထိုသကောင့်သားနှစ်ယောက် မျက်လုံးပြူးကြလေမည်လား။ မဲ့ပြုံးတစ်ချက်သာပြုံးလိုက်မိရင်း ထိုဝိုင်းဘက် စိုးစဉ်းမျှပင် ငဲ့မကြည့်ပါပဲ ထွက်လာမိပါပြီ။ ကိုယ့်ကိုယ်ကိုပြန်မေးမိသည်။ ခဏတာ အမြင်နှင့် ကောက်ချက်ချသွားသည့် သူ့ကို၊ ရန်ပွဲကို မြင်တွေ့သွားပြီး နောက်ဆုတ်သွားသောသူ့ကို သူမ နှမြောတသနေပါသလား ဟုပင်။ ထိုအဖြေကို ရုတ်တရက်စဉ်းစားမရ။ သို့သော်ကြာကြာမစဉ်းစားရပါ။ ဤကဲ့သို့သော စရိုက်မြင်ကွင်းမျိုးကို သူမြင်ပြီး နောက်ဆုတ်သွားမည်ကို ကြိုသိထားလျှင်ပင် ထိုနေ့က ကိုယ့်အစ်ကိုတစ်ယောက်ကိုကန့်သတ်နယ်မြေတစ်ခုအတွင်းသို့ပို့ဆောင်ပေးနိုင်မည့် ဒေါသမျိုးကိုလစ်လျူရှုကာ နေနိုင်လိမ့်မည်မဟုတ်ပါ။ ဤကဲ့သို့ သော မောင်နှမသားချင်း သံယောဇဉ်ဖြင့် ထွက်ပေါ်လာသော ပူပင်သောကများကြောင့် ဣန္ဒြေပျက်လောက်အောင် ယောက်ယက်ခတ်မှုကို စရိုက်ကြမ်းခြင်းဟု သတ်မှတ်ကာ ရှောင်ရှားသွားသူ သူ့ကိုတွေ့လျှင်ဖြင့် စကားတစ်ခွန်းတော့ ပြောခွင့်ရချင်ပါသေးသည်။ ထိုစကားမှာ မိမိဘဝဝယ် ဒီလိုစရိုက်မျိုးရှိခဲ့သည့်အတွက် ဘယ်သောအခါမှ နောင်တရမည် မဟုတ်ကြောင်းပင် ဖြစ်ပါတော့သည်။။ …………… ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...