Saturday, February 8, 2025

ဥယျာဉ်မှူး


အလင်း အလင်းလား။ ကိုယ်ရှိနေတဲ့နေရာမှာ အလင်းတွေကြီးစိုးနေတာလား။ ဆစ်ခနဲ စူးလာတဲ့ အမှောင်။ အိုး နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ထွက်လို့။ ဒါ ဘယ်သူတီးခတ်လိုက်တဲ့ အမှောင်တေးသွားလဲ။ နှလုံးသားတစ်ခုလုံး သွေးလွန်လုလု။

---+++++++----------

စိမ်းညို့နေတဲ့ မျက်ဝန်းတွေ ပြေး။ မနားတမ်းပြေးနေတာလား။ ဟေး ခဏရပ်ပါ။ ငါ မင်းနောက်ကို လိုက်တာဖမ်းချင်လို့မဟုတ်ပါဘူး။ ခဏလေး။ ဘဝရဲ့ ပြည့်စုံမှုကို ရှာချင်လို့။ ဘဝရဲ့ ပြည့်စုံမှုကို ရှာချင်လို့ပါ။

ခြောက်ကပ်နေတဲ့ နှုတ်ခမ်းသားများသည် ထိုစကားတို့ကို ထွက်ဖို့ရာ မနည်းအားစိုက်နေရသည်။ မှိုင်းညှိုစိမ်းသက်နေသော မျက်ဝန်းများကတော့ မျက်တောင်ကော့များကို တဖျတ်ဖျတ်ခတ်၍ ပြေးနေဆဲ။ ရုတ်ခနဲ လေတစ်ချက်ဝေ့အတိုက် သစ်ရွက်ခြောက်တချို့ လေမှာပျံဝဲသွားသည်။ အစိမ်းရောင်သည် တဖြည်းဖြည်းမှိန်ဖျော့…။ ဝါကျင်ကျင်အရောင်သည်သာ တိုး၍တိုး၍ကြီးစိုး ချိန် ဖျတ်ခနဲသူမြင်လိုက်ရသည်က မျက်တောင်ကော့တွင် သီးနေသော မျက်ရည်ဥကြီးများ။

“မလိုက်နဲ့ မလိုက်နဲ့တော့ ရှင်မမီတော့ဘူး ရှင်လုံးဝမမီတော့ဘူး ရှင် တဖြည်းဖြည်းခြောက်သွေ့အက်ကွဲသွားတဲ့ ရာသီဥတုမှာ ကျန်နေပါ ကျွန်မနောက် လုံးဝ မလိုက်..ပါ နဲ့..တော့”

တားမြစ်သူမှာလည်း မျက်ရည်စတွေနှင့်။ လိုက်သူမှာလည်း မျက်ရည်စတွေနှင့်။ နှစ်ဖက်သော ရင်ခုန်သံတို့သည် ဖားဖိုကဲ့သို့ နိမ့်လိုက်မြင့်လိုက်။ ရင်ကွဲမတက်မောဟိုက်မှုသည် အဆုံးစွန်ထိ။ တွေ့ထိခွင့်မရပါဘဲ မျက်ဝန်းစိမ်းရှိလိုရှိညား သူ့လက်တို့ကို ရွက်ဝါကြွေတို့အကြား တွန်းပို့နေမိသည်။ ရုတ်တရက် အေးအေးစက်စက်..

“ရှင့်ထိုက်နဲ့ရှင့်ကံ ရှင်ကိုယ်တိုင် ပြုမှုခဲ့တဲ့ အပြုအမှုတွေပဲ နောက်ဆို ဘယ်တော့မှ ကျွန်မကို တွေ့စရာအကြောင်းမရှိတော့ဘူး”

အား.. စူးရှလိုက်သည့် စကားသံ။ ထိုစကားသံနောက်ကွယ်က ဝှက်ဖဲသည် ဘယ်အရာများလဲ။ သူကိုယ်တိုင်သည်ပင ်ဥယျာဉ်မှူးဖြစ်၍ သူကိုယ်တိုင်သည်ပင် ထွက်ပြေးသည့် သစ်တစ်ပင်နောက်သို့ လိုက်လံဖမ်းဆုပ်နေခြင်းသည် ယုံနိုင်စရာကောင်းပါရဲ့လား။ သူကိုယ်တိုင်သည်ပင် ပန်းများထက် အစိမ်းရောင်ကို ချစ်မြတ်နိုးခဲ့ခြင်းက အမှားလား။

ယခု အရာအားလုံးသည် ခြောက်သွေ့အက်ကွဲနေသလိုရှိ၏။ ရွက်ဝါတို့ ဘယ်ဆီကတည်းက ပြန်သွားသည်လဲ။ ယခု သူ့ရှေ့တွင် အစိမ်းပျောက်နေသော တောင်ကြီးတစ်လုံးသာ ရှိပါသည်။ ထိုတောင်၏ ပတ်ပတ်လည်တွင်လည်း အစိမ်းရောင်မဲ့သောတောင်ကတုံးများသာ ဝန်းရံလျှက်။

--+++----

“အပင်မရှိတဲ့တော ကြက်ဆူပင် မင်းမူ တဲ့ကွ ခု ငါလာပြီဆိုတော့ မင်း ကြက်ဆူပင်အဆင့်ကို ပြန်သွားလိုက်ပါကွာ”

ဘယ်သူသိမှာလဲ။ သွေးရင်းသားချင်းလို့ တွေးခေါ်မြုပ်နှံထားမိသူတစ်ယောက်ရဲ့ နောက်ကျောက ဓါးထောက်တဲ့အပြုအမှု။ မည်သို့မျှ ရှောင်လွဲခွင့်မရှိ။ ရှေ့တိုးမရ နောက်ဆုတ်မရ။ ကိုယ်ပိုင်သည့်မြေမှ ဥယျာဉ်လေးကို ဖဲ့ထုတ်ပေးလိုက်ရ၏။ အားမတန်မာန်လျှော့ဆိုသော်ငြား ထိုမာန်ကို တင်းလိုက်ပြီဆိုသည်နှင့် နစ်နာမည်မှာ သူ၏ သစ်ပင်ငယ်လေးများမဟုတ်ပါလား။

သူ့တောသူ့ဥယျာဉ်ကနေ ထွက်လာရပြီဆိုကတည်းက သူ့တွင် သစ်ပင်လေးတစ်ပင်သာ ပါခဲ့ပါသည်။ ထိုသစ်ပင်လေးတွင် ကော့ရွှန်းသော မျက်ဝန်းရှိသည်။ ထိုမျက်ဝန်းများဖြင့် သူ့နေ့နှင့်ညတို့ ရှင်သန်ဖို့ရာ အားအင်ရရှိခဲ့သည်မဟုတ်လား။

“ဟိုးအရင်တုန်းကတော့ မင်းလို အစိမ်းရောင်လေးတွေကို ငါ့လက်နဲ့ကိုယ်တိုင် ထုဆစ်ခဲ့တာပဲ ခုတော့ ငါ့မှာ မင်းတစ်ယောက်ပဲကျန်တော့တယ်”

“ကျွန်မလို အစိမ်းရောင်လေးတွေ ဟုတ်လား အိုး ကြည့်ချင်လိုက်တာ ကျွန်မကြည့်ချင်တယ် ရှင် ကျွန်မကို ကြည့်ခွင့်ပေးမယ်မဟုတ်လားဟင်”

မြတ်နိုးလွန်းစရာ သစ်ပင်လေးရဲ့ စကားသံကနေ သူ ရုန်းဖယ်ခွင့်မရပါဘဲ ဥယျာဉ်ဟောင်းလေးအားပြသလိုက်မိသည်။ ထို့အတူ သူကိုယ်တိုင်ပါေ ငးကြည့်မိတော့ ..။ အိုး ရက်ရက်စက်စက် ခြောက်သယောင်းနေတဲ့ မြေပြင်ထက်ကက အညိုရောင်အလောင်းကောင်များ။ အသေ သစ်ပင်သေတွေ။

“ဘယ်မှာလဲ အစိမ်းရောင် ဘာအစိမ်းမှမရှိဘူး ဒီနေရာမှာ အစိမ်းရောင်ဆိုလို့ ကျွန်မပဲရှိတယ် ကျွန်မရဲ့ တစ်ချိန်မှာ ဖြစ်လာမယ့် အလောင်းကောင်တွေပဲရှိတယ် ကျွန်မ ဘယ်လိုသေရမယ်ဆိုတာကို လာပြတာလား အရူး ရှင် အရူးမှ အရူးစစ်စစ် ရှင်ကတော့ သေချင်မှသေဦးမယ် အနည်းဆုံးတော့ ကျွန်မသေပြီးမှသေမှာပဲ မနက်ဆို ရှင် ကျွန်မ လက်ဖျံကို မနားတမ်းနမ်းတယ် ကျွန်မလက်ဖျံက နှင်းရည်လေးတွေကို မရမက ယူပြီးသောက်သုံးတယ် ပြီးတော့ ရှင်အသက်ရှင်တယ် ဒါပေမယ့် ရှင် ကျွန်မတို့မျိုးနွယ်ကို မကာကွယ်မစောင့်ရှောက်ဘူး ဒီမှာ ရှင်ဟာ တစ်ကိုယ်ကောင်းသမားကြီးပဲ မြန်မြန်သေစမ်းပါရှင်”

မာဆတ်တွန့်ခါနေတဲ့ စကားသံတွေ။ သူ ပြောပြခဲ့ဖူးတဲ့ အတိတ်ပုံပြင်တွေကို သစ်ပင်လေးက မှတ်ထားသတဲ့လား။ မတားမြစ်လိုက်နိုင်ခင်မှာဘဲ ရုတ်တရက်အစိမ်းရောင်မျက်ဝန်းကြီးတွေ က ချက်ချင်းနောက်လှည့်ပြေး။

“ရှင်ကိုယ်တိုင် အုပ်ချုပ်ခဲ့တဲ့ ဥယျာဉ်ပဲ ရှင့်အသက်ကို စိုးရိမ်သလို ကျွန်မတို့ ရဲ့ အသက်ကိုလည်း ကာကွယ်သင့်တယ် ခုတော့ ရှင့်ကြောင့် ကျွန်မပါ ကိုယ့်အသက်ကြောင့်ရှင်သန်နေတဲ့ တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သွားပြီ သွား နောက်ထပ်မလာနဲ့ ရှင့်ရှင်သန်မှုအတွက်ပဲ ကျျွန်မကို လိုအပ်ခဲ့တာမဟုတ်လား သွား”

“အလကားလူ ရှင်ဟာ ဥယျာဉ်မှူးမပီသတဲ့သူ ဥယျာဉ်မှူးလို့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မသတ်မှတ်နဲ့ ရှင်ကလေ ရှင်က ရှင့်အသက်ကိုပဲ ဦးစားပေးအလေးထားခဲ့တဲသူ ဘယ်လောက်တောင် အလေးထားလိုက်သလဲဆို ကျွန်မတို့ရှိမှ ရှင် ရှင်သန်နိုင်မှာပါ့လား ဆိုတဲ့အသိကိုတောင် မေ့သွားတဲ့ထိ အတ္တကြီးသူ သိလား ရှင့်မိုက်မဲမှုကြောင့် သိပ်မကြာခင် ရှင်ကိုယ်တိုင် ကျွန်မတို့လို ပျောက်ပျက်တော့မှာပါ ”

“ဟင့်အင်း မခြောက်ခြားနဲ့ တစ်ခုပဲ စဉ်းစား သစ်ပင်လေးတွေရှိမှ ဥယျာဉ်ဟာ သာယာပြီး ဥယျာဉ်မှူးလည်း နာမည်ကောင်းရတယ် ဘဝပျော်ရွှင်မယ်ဆိုတဲ့အသိကိုပဲ စဉ်းစားထား အဲဒါမှ နောက်ဘဝကျ ဒီအသိကို မှတ်မိနေအောင်”

ပျံ့လွင့်လာတဲ့ အသံတွေနောက် လိုက်လာရင်း သူ့ခြေအစုံသည် အစိမ်းရောင်မရှိသောကမ္ဘာ၏ နှိပ်စက်မှုကို ခံစားရပြန်သည်။ ဘယ်မှာလဲ။ မင်းကယ်မှ ငါအသက်ရှင်မှာပါ လို့ တိတ်တိတ်ဆိတ်ပြောရင်း ခြေကုန်လက်ပမ်းကျလာမှုကို မနည်းထိန်းနေရသည်။

--+++---

သူ ရုတ်တရက် အထိတ်ထိတ်အလန့်လန့် အော်ဟစ်မိမတက်။

“ဟင့်အင်း။ ဟင့်အင်း။ အဲလိုမလုပ်ပါနဲ့လား။ လာ တို့ တူတူရှင်သန်လို့မဖြစ်ဘူးလားဟင်။ မင်းရှိမှ ငါရှင်သန်မှဖြစ်သလို မင်းအတွက်လည်း ငါရှိမှ ရှင်သန်မှာပါ”

“ကျွန်မ ကိုယ့်လိပ်ပြာ ကိုယ်လုံချင်တယ် တစ်ယောက်တည်း ရှင်သန်ရမယ့် သစ်ပင်ထက် အများနဲ့အတူ ပျောက်ဆုံးရတဲ့ သစ်ပင်ပေါ့ တစ်ခုတော့ ပြောခဲ့ချင်ပါသေးတယ် ဘယ်လိုပဲ ရှင့်လိုအပ်ချက်ကြောင့်လို့ပြောပြော ရှင့်ရဲ့ မြတ်နိုးယုယမှုတွေကို ကျေးဇူးတင်ခဲ့ပါတယ် ပြီးတော့ ကျွန်မ ကိုယ်တိုင်လည်း .. ရှင့်ကို……”

အလျှံတညီးညီးတောက်လောက်နေသည့် မီးတောက်များကို ကြည့်ရင်း ထိုပင်လယ်ထဲပဲခုန်ချရမလား၊ သို့မဟုတ် သစ်တစ်ပင်ကို ဘယ်လိုပြန်ပျိုးရမလဲ တွေးနေမိခဲ့သည်။ သို့သော် အပူရှိန်သည် ခံနိုင်ရည်ကို တွန်းထိုးနေသည့်အလား နေရာမှာပင် ငြိမ်သက်စွာလှဲလျှောင်းနေမိရင်း..။

---+++---

အလင်း အလင်းလား။ ကိုယ်ရှိနေတဲ့နေရာမှာ အလင်းတွေကြီးစိုးနေတာလား။ ဆစ်ခနဲ စူးလာတဲ့ အမှောင်။ အိုး နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ထွက်လို့။ ဒါ ဘယ်သူတီးခတ်လိုက်တဲ့ အမှောင်တေးသွားလဲ။ နှလုံးသားတစ်ခုလုံး သွေးလွန်လုမတက် နာကျင် ကိုက်ခဲနေတယ်။ ကိုယ်အော်လိုက်ရင် တစ်စုံတစ်ယောက် ကြားမလား။ ဒါမှမဟုတ် ကိုယ့်ကို ကယ်တင်မယ့် သစ်ပင်လေးတစ်ကောင် ရောက်လာမလားဟင်။

တစ်ခုတော့ ဝန်ခံခွင့်ရရင် ဝန်ခံလိုက်ချင်ပါတယ်။ ဟုတ်တယ်။ ဥယျာဉ်မှူးဆိုတာ သစ်ပင်လေးတွေကို အသေခံဖို့ မွေးဖွားလာတာမဟုတ်ဘူး။ ရှင်သန်အောင် ပျိုးထောင်ပေးဖို့ မွေးဖွားလာတာ။ လို့။ ဒါပေမယ့်လည်း ကိုယ် မှားခဲ့မိတယ်။




ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...