Saturday, February 8, 2025

တစ်နေ့ပေါ့


“ဘာတွေဖြစ်နေတာလဲ”

ကိုယ့်မေးခွန်းမှာလှည့်ကြည့်မလာတဲ့ သူ့သဏ္ဍန်ဟာ တစ်စုံတစ်ခုကို အတွေးလွန်နေသလိုပါပဲ။ ဒါမှမဟုတ် ကိုယ့်စကားသံကို ကြားနိုင်စွမ်းမရှိတာ ဖြစ်ချင်ဖြစ်မယ်။ ကိုယ် သိပ်ညံ့ခဲ့တာပဲ။ နှလုံးသားတစ်ခုလုံးရင်းပြီး ချစ်ခြင်းမေတ္တာကို ပုံအောထားခဲ့မယ်ဆိုရင် ကိုယ်ပြောသမျှစကားတွေ သူကြားမယ်ထင်ခဲ့တာ။ ခု ဒီမေးခွန်းဟာ ဆယ်ခါမြောက်မေးခြင်းပဲ။ သူ မကြားခဲ့ဘူးဆိုတာ သေချာပါတယ်။

ဟော ကိုယ့်ဘက်လှည့်လာပြန်ပြီ။ အိုး သူ့အတောင်ပံလေးတွေမှာ သွေးစသွေးနလေးတွေနဲ့ပါ့လား။ ဘာတွေဘယ်လိုကြုံခဲ့ရလဲ လို့ မေးချင်လိုက်တာ။ ဒါပေမယ့် ကိုယ်သိတယ်။ သူ ဘယ်တော့မှကြားမှာမဟုတ်ဘူး။ သူ့နှလုံးသားက ကိုယ့်အပေါ်ကို ပုံအောထားတာမှမဟုတ်ခဲ့ပဲလေ။

“ငါ ဘာတွေဖြစ်ချင်လဲ စဉ်းစားလို့မရဘူးငါ လျှောက်တယ် ငါ့လမ်းငါ လျှေြက်တယ် ငါ့အတောင်ပံငါခတ်တယ်ငါ့လမ်းကြောင်းကိုပဲ ငါ ပျံသန်းတယ် ဒါပေမယ့် လမ်းတွေ ချော်ထွက်ကုန်တယ် ဘယ်လိုချော်ထွက်ထွက် ချော်ထွက်တဲ့ လမ်းရဲ့ ငါရောက်နိုင်မယ့်အကောင်းဆုံးနေရာထိရောက်ဖို့ ငါ ကြိုးစားခဲ့တယ် ဒါပေမယ့် ငါ လမ်းပျောက်နေသလို ခံစားနေရတယ် ဟုတ်တယ် ငါ ဖြစ်ချင်တာတွေကို ပြန်စဉ်းစားကြည့်တဲ့အခါတစ်ခုမှပေါ်မလာခဲ့ဘး ငါ့ကိုယ်ငါ ရှင်သန်နေတယ်ဆိုတဲ့အသိပဲ ရှိတယ် ငါ ရှင်သန်မှုရဲ့ အသီးအပွင့်ကို ဘယ်လိုနည်းနဲ့မှ ခံံစားလို့မရဘူး ငါ ဘာတွေဖြစ်နေတာလဲ ငါဘာတွေဖြစ်နေတာလဲ”

အိုး ငိုတယ်။ သူ ငိုနေတယ။် သူ သူ့မျက်နှာကို အတောင်ပံနှစ်ဖက်နဲ့ အုပ်ပြီး ငိုတယ်။ သူ့မျက်ဝန်းလေးတွေ နီရဲနေတယ်။ သူ့မျက်တောင်ဖျားတွေစိုစွတ်နေတယ်။ သူ့လက်ချောင်းတွေကြားကမြင်ရတဲ့ မျက်ဝန်းတွေမှာ ကိုယ့်ရင်ဟာ ကတုန်ကရင် ခံစားမိလိုက်ရ ငါဘာတွေ ကူညီနိုင်မလဲ လို့ အပြေးအလွှားစဉ်းစားမိတဲ့အခါ ကိုယ့်ခန္ဓာကိုယ်ဟာ ဆက်ခနဲတုန်။ ငါ ဘာတွေအဆင့်ကျော်စဉ်းစားနေတာလဲ လို့လည်း ကိုယ့်ကိုယ်ကိုယ် မချိတင်ကဲ စဉ်းစားလိုက်မိသေးရဲ့။

ချစ်သူကို ငေးကြည့်မြတ်နိုးရုံထက် ပိုမတတ်နိုင်တဲ့ သစ်ပင်။ ကိုယ်က သစ်ပင်လေ။ကိုယ့်အကိုင်းအခတ်တွေကို ချစ်သူ လိုအပ်လာရင် အသိုက်ဖွဲ့ပေးဖို့ စဉ်းစားထားပြီးသာ။ ကိုယ့်ရွက်ဝါတွေကို တဖြောဖြောချွေပြီး သစ်ရွက်ကြွေအက ကို ကပြဖို့ လေ့ကျင့်ပြီးသား။ ကိုယ်က ဒီလောက်ပဲ တတ်နိုင်တဲ့ ကောင်ပါ။

ငှက်ကလေးအတွက်ဆို ပေးဆပ်ချင်တဲ့အရာတွေများသလောက် ပေးဆပ်နိုင်စွမ်းက နည်လွန်းလှတယ်။

ဒါအမှန်တရားပဲ။ ဒီအမှန်တရားကနေ ကိုယ်ဘယ်လို ရုန်းထွက်နိုင်မှာလဲ။ တဖြည်းဖြည်းရုန်းကြွလာတဲ့ ဝမ်းနည်းမှုတွေကို ကိုယ်ဘယ်လိုမှ ထိန်းချုပ်လို့မရဘူး။

“ငှက်ကလေး မင်း ဘာတွေဖြစ်နေလဲ”

ဟော သူမကြားပြန်ဘူး။ မျက်ရည်တွေသုတ်လို့ ရုတ်ခနဲ ပျံပြေးသွားခဲ့တယ်။

---+++---

ချစ်သူ အတွက်ဆို ကိုယ်က ပန်းတစ်ပွင့်တောင်မပွင့်ပေးနိုင်မှန်းသိသိနဲ့ပဲ ဆူးခင်းထားတဲ့ ကိုယ့်လက်ဖျံပေါ် လာနားဦးမလားလို့ စိတ်ကူးယဉ်ခဲ့မိလေရဲ့။

ကိုယ်က ကန္တာရပင်။ အပူပိုင်းဒေသမှာမှ ပေါက်တဲ့ ဆူးအပြိုင်းပြိင်ုးနဲ့အပင်။ အနားရှိသူကို နာကျင်စေပြီး ချစ်သူကို အဝေးကပဲ မျှော်ကြည့်ရတဲ့သစ်ပင်။ ကိုယ့်လက်ဖျံတိုင်းမှာ ဆူးတွေက အပြိုင်းအရိုင်းထိုးထိုးထောင်ထောင်။ ကိုယ့်မျက်ဝန်းက ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့ရ။

တစ်မနက်ပြီးတစ်မနက် အလင်းတွေကိုကြိုဆိုမှုနဲ့အတူ ကိုယ့်ကြိုဆိုမှုမှာ ငှက်ကလေးတစ်ကောင်ကို မျှော်လင့်ခဲ့ကြောင်းသူ သိမှသိပါလေစ။ တစ်နေ့ပြီးတစ်နေ့ ရှတတိုးသက်လာတဲ့ သူ့အသံတွေမှာကိုယ့်စိတ်တွေ ဘယ်လောက်ထိ စိုးရိမ်ပူပန်ခဲ့ကြောင်း သူ သိမှသိပါလေစ။

သူ့အတောင်ပံခတ်သံလေးတွေမာထန်နေတုန်းပဲ။ ဒါပေမယ့် အားအင်ပျော့စပြုလာပြီ။ သူ့မျက်ဝန်းလေးတွေ ပြုံးနေတုန်းပဲ။ ဒါပေမယ့် ရီဝေဝေနိုင်လွန်းလှ။ သူနှုတ်ခမ်းလေးမှာမဲ့ပြုံးလေးပြုံးထားတုန်းပဲ။ ဒါပေမယ့် မျက်ရည်တွေရဲ့ ရနံ့ကို ပေးစပြုနေပြီ။ သူ့ကိုယ်သူတောင် သိပါ့မလား လိုက ကိုယ်တွေးမိတဲ့ခဏ ကိုယ့်စိတ်ကြီး သိပ်ခါးတာပဲ။

ချစ်သူကို အားပေးဖို့ “အားမလျှော့နဲ့” ဆိုတဲ့ စကားလေးတစ်ခွန်းတောင် ထွက်ခွင့်မရှိတဲ့ သစ်ပင်။ အမှောင်မှာပဲ ဆက်တိတ်ဆိတ်နေမိတော့တယ်။

မတွ့တာကြာပြီနော် ဆိုတဲ့ နုတ်ဆက်စကားလေး ကိုယ်လည်းပြောခွင့်ရချင်တာပေါ့ကွယ်။ တဖြည်းဖြည်းကိုယ့်ရပ်ဝန်းဆီ ပျံံသန်းဖို့ မေ့လျော့လာတဲ့ ငှက်ကလေးကို လွမ်းမိကြေင်းကိုယ်လည်းအရဲစွန့် ပြောချင်တာပေါ့။ဒါပေမယ့်လည်း ပြောပြဖို့တောင် ငှက်ကလေးကို တွေ့ခွင့်မရှိတဲ့အခါ ကိုယ့်မြေမှာ ကိုယ်ရပ်တည်နေရတာတောင် ခါးလာတယ်။

တွေ့ချင်တယ်၊ သိပ်သတိရတယ်၊ လွမ်းတယ် ဆိုတဲ့စကားကို ကိုယ်ဘယ်လိုပြောရမလဲ။ နှလုံးသားကြီးကို အက်ကွဲခံပြီးအော်ဟစ်လိုက်တဲ့အခါ ပေါ်ထွက်လာမှား။ ဒါ သစ်ပင်တစ်ပင်ရဲ့ ရင်အက်သံ ဖြစလေမလား။ ငှက်ကလေးကို တွေ့တဲ့အခါ ကိုယ်ပထမဆုံးစကားဆိုမိလိမ့်မယ်။ သိပ်ချစ်တယ် လို့။

သေချာတယ်။ တဖြည်းဖြည်းနဲ့ သေချာလာတယ်။ ငှက်ကလေးရဲ့ စက်ကွင်းဆီကနေ ကိုယ်က ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားလို့မရတော့။ မေ့ထားတာပဲ။ ငှက်ကလေးဆိုတာ ကိုယ်နဲ့ မသက်ဆိုင်တဲ့ သတ္တဗေဒသမားတွေအတွက်ပါလို့။ ဒါပေမယ့်လည်း တဖြည်းဖြည်းသေချာလာခဲ့တယ်။ ခဏတာကြားခွင့်ရလိုက်တဲ့ သူ့အတောင်ပံခတ်သံလေးမှာ အရင်လိုပဲ ကိုယ်အ ငိုက်မိတုန်း။

---++---

ရှေးရှေးတုန်းကပေါ့…။ ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ဖးူသတဲ့လား။ ဟင့်အင်း ခုထိ ဆက်ရေးနေမိတဲ့ ပုံပြင်လေးပါ။

စမ်းချောင်းတစ်ခုသာ အဖေါ်ပြုနေထိုင်နေသောသစ်တစ်ပင်အနားသို့ ငှက်ကလေးတစ်ကောင် ရောက်လာကာ

“မိတ်ဆွေဖွဲ့ခဲ့ဖူးသည်” တဲ့။ “ထိုငှက်ကလေးကို သစ်တစ်ပင်က စွဲလမ်းသွားခဲ့ဖူးသည်” တဲ့။ ရှေးရှေးတုန်းကပေါ့။ ပုံပြင်လေးတစ်ပုဒ် ဆက်ရှိနေခဲ့တယ်။

မဆုံနိုင်တဲ့လမ်းမှန်းသိသိနဲ့ ရူးမိုက်နေခဲ့တဲ့ ရက်တေါကို ထိန်းသိမ်းဖို့ ကိုယ် ခုထိကြိုးစားမရသေးဘူး။ တစ်နေ့ပေါ့။ တစ်နေ့နေ့ပေါ့…။ ကိုယ်ကြိုးစားလို့ရမယ်ထင်ပါရဲ့။ သူ့ညာဘက်မျက်တောင်ပေါ် ကိုယ့်လက်ကလေးတွေ ထိခတ်ဆော့ကစားချင်တဲ့အခါ ကိုယ်တွေးနေမိတာက တစ်နေ့နေ့ပေါ့.

ကိုယ်တို့ ဝေးကွာသွားလိမ့်မယ်။ အဆုံးသတ်….။

အဆုံးသတ်တစ်နေ့..။

ငှက်ကလေးက ငှက်ကလေးနေရာမှာနေ၊  သစ်ပင်က သစ်ပင်နေရာမှာနေလို့ ငှက်ကလေးရဲ့ဘဝအပျော်တွေကို ငေးကြည့်နေခွင့်တော့ရှိတယ်မဟုတ်လာားလေ။


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...