Saturday, February 8, 2025

စည်းအပြင်က လူ

ချစ်သည်။ အလှဆင်ကာ ချိတ်ဆွဲထားသည့် မီးပုံးလေးများကို ချစ်သည်။ အလှဆင်ချိတ်ဆွဲထားသည့် အပြုံးများကို ချစ်သည်။ အလှဆင်တွဲဆက်ထားသည့် လက်ကလေးများကို ချစ်သည်။ သို့သော် ကျွန်တော်က ဆူးတစ်ချောင်း ဖြစ်လို့နေခဲ့သည်။

ကိုယ်ချစ်ခင်ရသော အရာဝတ္ထုများ၊ လူများ နာကျင်သောအခါ ကျွန်တော် သေလုမတက်ခံစားရပါသည်။ ထို့အပြင် ထိုသို့နာကျင်အောင်လုပ်သူသည် ကျွန်တော်ကိုယ်တိုင်ဖြစ်နေသောအခါ ပိုလို့ပင် နာကျင်ခံစားရ၏။

“လူတောမတိုး၊ လူရာမဝင်” ဆိုသည့် စကားကို ကြားဖူးပါသလား။ ကျွန်တော်က လူတောမတိုးသည့် ဆူးတစ်ချောင်းဖြစ်ပါသည်။ လူရာမဝင်သည့် ဆူးတစ်ချောင်းဖြစ်ပါသည်။ စိတ်ကြီးက မည်မျှပင်သံယောဇဉ်ရှိသည်ဟုဆိုဆို၊ ကိုယ်သံယောဇဉ်ရှိသူမှန်သမျှကို အနာတရသာ ပေးတတ်သူမှာ မည်ကဲ့သို့ပျော်ရမည်နည်း။


ကိုယ်ပေးလိုက်တုန်းက ပန်းတစ်ပွင့်သည် တစ်ခြားတစ်ဖက်သို့ ရောက်ရှိချိန်တွင် ဆူးအပြိုင်းပြိုင်းနှင့် ရိုးတံသာ ဖြစ်နေတတ်သည်ကို ကြုံရဖန်များသောအခါ ကျွန်တော့်ရင်တစ်ခုလုံး နာကျင်ရ၏။ ကျွန်တော်က လူရာဝင်စေရန်၊ လူတောတိုးစေရန် မွမ်းမံသင်တန်း တက်ဖို့လိုအပ်နေသေးသူသာဖြစ်သည်။

ချစ်သည်။ တွဲလက်များကို ချစ်သည်။ သို့ဖြင့် အကြိမ်ကြိမ်တွဲခဲ့ဖူးလေ၏။ သို့သော် ကျွန်တော့် တွဲလက်သည် ဆူးတံအပြိုင်းပြိုင်းတို့ ထွက်ရှိလေသောအခါ ကျွန်တော့်လက်ကို လာရောက်ဆွဲယူသူတို့သာ နာကျင်ရ၏။ ကျွန်တော့်မှာမူ ပြင်ပအသွင်သဏ္ဍန်က မည်သို့မျှမဖြစ်ခဲ့၊ အတွင်းစိတ်သဏ္ဍာန်၌သာ ရှောင်ကြဉ်စရာဟု အကြိမ်ကြိမ်နှလုံးသွင်းရင်း နာကျင်ရတော့၏။

ကျွန်တော်က ထူးဆန်းသော ဆူးတစ်ချောင်းဟု ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ထားပါ။ သို့သော် ကျွန်တော်သည် ထူးဆန်းသော ဆူးတစ်ချောင်းဟု အများအမြင်ခံရသည်ကို သိနေရပါသည်။ သိမ်ငယ်စိတ်သည် မည်ကဲ့သို့ဝင်လာသနည်း။ မသိ။ ကျွန်တော် မသိပါ။ ကိုယ့်ကိုယ်ကိုယ် သိနေသည်က ကျွန်တော်သည် လူမှုဆက်ဆံရေးဘာသာတွင် ညံ့ဖျင်းခဲ့သူတစ်ဦးဖြစ်သည်။ ကိုယ်က အကောင်းတစ်ခု ပြောချင်လျှက် ကိုယ့်နှုတ်ခမ်းက ထွက်သားတတ်သည်က မာထန်ထန်စကားသံများသာ ဖြစ်နေသည်ကိုလည်း သိနေခဲ့သည်။ သို့သော် ကိုယ့်စိတ်၏စေတနာသန့်စင်မှုကိုအရဲကိုးရင်း အဝေးကသာ ငေးကြည့်ခဲ့ဖူးသော စည်းဝိုင်းအတွင်းသို့ဝင်ဖို့ကြိုးစားမိခဲ့သည်။ ထိုစည်းဝိုင်းကလေးသည် နားလည်မှု၊ နွေးထွေးမှု၊ သံယောဇဉ်တို့ ရင်းနှီးထားသော စည်းဝိုင်းကလေးသာဖြစ်သည်။

သိသည်။ ကျွန်တော် မြင်ဖူးသည့် အပူရောင်မျက်လုံးများ မရှိသည်ကို ကျွန်တော်သိသည်။ ကျွန်တော်မြင်ဖူးသည့် အပူရောင်စိတ်ဆန္ဒများ မရှိသည်ကို ကျွန်တော်သိသည်။ ကျွန်တော် မြင်ဖူးသည့် အပူရောင် အတွေးများမရှိသည်ကို ကျွန်တော် သိသည်။သို့သော် ကျွန်တော်က ထုံးစံအတိုင်း စာမေးပွဲ ကျပါသည်။ ထိုစည်းဝိုင်းလေးအတွင်း ပျော်လျှက် ကျွန်တော်စာမေးပွဲ ကျပါသည်။

ကျွန်တော်ပေးလိုက်သမျှ ပန်းတိုင်းသည် စည်းဝိုင်းအတွင်းတွင် အဆူးများ ပြိုင်းပြိုင်းရိုင်းရိုင်းပွင့်နေသည့် နှင်းဆီခက်တို့ ဖြစ်နေခဲ့သည်။ရနံ့တို့ မည်မျှပင်မွှေးစေကာမူဆူးစူးကြသည့်အခါ..။ နှင်းဆီမည်မျှလှစေကာမူ ဆူးစူးကြသည့်အခါ…။

ကျွန်တော် စာမေးပွဲ ကျပါသည်။ သို့သော် ကျွန်တော့်ကို အအောင်ပေးချင်စိတ်ဖြင့် ထိုစည်းဝိုင်းကလေး ကြိုးစားနေသည်။ ထိုသို့ကြိုးစားနေခြင်းကို တွေ့လေတိုင်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ်မေးခဲ့မိသည်က ကျွန်တော်ကိုယ်တိုင် လွတ်မြောက်နိုင်ပါရဲ့လား ဟုပင်ဖြစ်သည်။

--++--

ကျွန်တော်လက်ခံံသည့်အရာများတွင် ပန်းများ၊ ချောကလက်များ၊ မွှေးရနံ့များစွာ ပါခဲ့သော်လည်း ကျွန်တော် ပြန်ပေးနိုင်ခဲ့သော အရာမှာ နာကျင်ခြင်းမျှသာဖြစ်သည်။ ကျွန်တော် ပေးလိုက်သည့် နှလုံးသားသည် တစ်ဖက်သားအတွက်မူ ဆူးစကြာ ဖြစ်နေသောအခါ..။

ကိုယ့်ကံကြမ္မာကိုယ် ဆွဲယူလိုက်ချင်ပါသည်။ ကိုယ့်အတွက် ထပ်မံနာကျင်မည့် စည်းဝိုင်းလေးအား မမြင်လိုတော့။ ကိုယ်သည် စည်းဝိုင်းအပြင်ဘက် ရှင်သန်ရမည့်သူသာ ဖြစ်သည်။ ကျွန်တော်သည်ကား သာမန်ဆူးတစ်ချောင်းသာ ဖြစ်ပါသည်။ ကျွန်တော့်အတွက်နှင့် နာကျင်စေရန် မည်သူ့ကိုမျှ ခိုင်းစေခွင့်မရှိပါ။ ကျွန်တော် အပြစ်ရှိပါ၏။

ကိုယ်သည်ကား သာမန်ဆူးတစ်ချောင်းသာ ဖြစ်ပါသည်။ ကိုယ် အပြစ်ရှိပါ၏။ ကိုယ့်ကံကြမ္မာကိုယ် ဆွဲငယ်နေထိုင်ဖို့ ကိုယ့်အား လွှတ်ပစ်လက်လျှော့စေရန် စည်းဝိုင်းလေးအား တောင်းပန်လိုသည်။

ကိုယ်စိတ်က လွတ်မြောက်တယ် ဟု မသတ်မှတ်မချင်းကျွန်တော်မလွတ်ေြမြာက်သေးပါ။ထို့အတူကျွန်တော့် နှလုံးသားတို့ ရင်းနှီးထားသည့်စည်းဝိုင်းကလေး မသိရှိသေးသည့်အရာတို့ ကျန်ရှိနေပါသေးသည်။

--++---

အမျှော်လင့်ကြီးမျှော်လင့်ထားခဲ့ရသော သံယောဇဉ်တစ်ခု ပြိုကျပျက်စီးသွားသည့်နောက်ပိုင်းမှစ၍ ကျွန်တော့်စိတ်တို့ ကြမ်းရှခဲ့သည်ဟု ပြောလျှင် ယုံလေမည်လား။ သို့မဟုတ် ထို့နောက်ပိုင်းမှစ၍ တဖြည်းဖြည်းပြောင်းလဲလာသော ကိုယ့်အသွင်အပြင်ကို မထိန်းချုပ်တတ်သောစရိုက်ဟု ပြောလျှင် ယုံလေမည်လား။

မည်သို့ပင်ဖြစ်စေ ဖြေရှင်းဖို့ခက်ခဲသော၊ ပြောဖို့ရာ ခက်ခဲသော အပိုင်းများစွာကျန်ရှိနေသေးသည်။ သေချာသည်ကတော့ ကျွန်တော်ဆူးတစ်ချောင်း ဖြစ်လို့နေခဲ့သည်။

ဆိုကြပါစို့။ လူတိုင်းတွင် သီးသန့်သက်ဆိုင်သည့် ကံကြမ္မာရှိသည်ဟု ဆိုကြပါစို့။ ကျွန်တော့်တွင် ရှိသော ကံကြမ္မာသည်အထီးကျန်ဆန်ဆန်နေထိုင်ဖို့သာ ဖြစ်သည်ဟု သတ်မှတ်၍ ရနိုင်ပါသည်။ စိတ်ကိုဖွင့်၍ မပေါင်းတတ်သူတစ်ဦးဟု သတ်မှတ်နိုင်ပါသည်။ သို့သော် ဖွင့်နိုင်သမျှ အဆုံးစွန်ထိ ဖွင့်ပြီးခဲ့ကြောင်းလည်းသိစေချင်လှသည်။ ထို့ထက်ပို၍ သတ်မှတ်နိုင်သည်က ကျွန်တော့်အနားတိုးကပ်လာသူအပေါင်းအား နာကျင်စေသော အစွမ်းသတ္တိရှိသည့် ဆူးတစ်ချောင်းဟုပင်။

ကျွန်တော့်စိတ်ကို ဖွင့်ဟနိုင်သမျှ အဆုံးစွန်ထိ ဖွင့်ဟပါစေ။ ကျွန်တော် ဖွင်လိုက်သမျှသော စိတ်တို့သည် နာကျင်မှုကိုပါ တစ်ပါတည်း သယ်ဆောင်သွားတတ်ကြသည်။ ကျွန်တော်က အရွဲ့တိုက်မှုများနှင့် နေသားကျနေခဲ့သူတစ်ဦးဖြစ်သလို စိတ်အဆာမပြေမှုများနှင့်လည်း နေသားကျသူတစ်ဦးဖြစ်လို့ နေခဲ့သည်။

စိတ်သည် အချိန်ကြာမြင့်စွာပင် ထိန်းချုပ်မှု၌ နေသားကျလာသည့်အခါ လွတ်မြောက်လိုသည့် ဆန္ဒမရှိတော့လေသည်လား။ လွတ်မြောက်ခြင်းလမ်းစကို မရှာဖွေလေတော့သည်လား။ မည်သို့လုပ်လျှင်မည်သည့်အကျိုးဆက် ဆိုသည့် ပုံသေနည်းကြီးသာ ကျွန်တော့် ဦးနှောက်အတွင်း၌ ကြီးစိုးရင်း လက်ရှိကြီးရင့်နေသည့် အသက်ထိ နေထိုင်ခဲ့ဖူးသည်။ ရံဖန်ရံခါ ချိုးဖေါက်ခဲ့သည့် ပြစ်မှုတိုင်းမှာ ကျွန်တော့်စည်းဝိုင်းလေးအတွက်သာ ဖြစ်ပါသည်။

ချစ်သည်။ အသွင်တူအဆင်ကွဲ ရောင်စုံလူလေးများကို ကျွန်တော်ချစ်သည်။ ကျွန်တော့်စည်းဝိုင်းအတွင်း၌ ရှိနေကြသော ကျွန်တော့်ရောင်စုံလူလေးများကိုခ ျစ်သည်။

သို့သော် နာကျင်သူမှာ တစ်ဦးထက်မကတော့။ ကျွန်တော်က အနီးရှိအရာအားလုံးအား နာကျင်မှုနှင့်ဒုက္ခသာ ဝေမျှတတ်သူဖြစ်သည်။ ထို့ကြောင့် စည်းဝိုင်းအပြင်ဘက်သို့ ခြေလှမ်းသင့်ပြီဖြစ်၏။ ဆိုကြပါစို့။ ခါးပိုက်နှိုက်ခံရသည်ဆိုပါစို့။ တစ်ခါဖြစ်လျှင် ခိုးသူအပြစ်၊ နှစ်ခါဖြစ်လျှင် တိုက်ဆိုင်တာ၊ သုံးခါဖြစ်လျှင် အခိုးခံရသူညံ့ ခြင်း တဲ့။ယခု တတိယအကြိမ်မကတော့။ ကျွန်တော် ကံကြမ္မာကို ယိုးမယ်မဖွဲ့လိုတော့။ ကျွန်တော်ကိုယ်တိုင်ကို စည်းဝိုင်းအပြင်ဘက်မှာ နေထိုင်ရန် ဇာတာပါသူတစ်ဦး ဖြစ်ပါလိမ့်မည်။

ကျွန်တော့်သီးသန့်ဇာတာကိုက အထီးကျန်ဆန်စွာနေထိုင်ရမည့်သူတစ်ဦးဆိုလျှင် ဟုတ်ကဲ့။ကျွန်တော် လက်ခံပါမည်။ ကျွန်တော် ချစ်ခင်ရသူအပေါင်းကိုမူ နာကျင်ခြင်းမှ လွတ်ကင်းစေချင်ပါသည်။

လွတ် ကင်း စေ ချင် ပါ သည်။


ရည်ဝေ(လင်းရောင်ခြည်)


No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...