ငါ့လို ဘေးစောင်းလွယ်အိတ်လေးတစ်လုံး တွေ့တယ် ။
သူ့မျက်နှာမှာ ငါ့လိုပဲ အကြည်ရောင် ကျည်ကာလေးဝတ်ဆင်ထားတဲ့ လွယ်အိတ်လေးကို တွေ့တယ်။
သိလား။ ငါတို့နှစ်ဦးကြားက နားလည်မှုအရ။ ကျည်ကာ ကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ အနာတရတွေရှိတယ်။ ကျည်ကာကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ အမှန်တရားတွေရှိတယ်။ ကျည်ကာကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ ထေ့ငေါ့မှုလေးတွေရှိတယ်။
“ခင်ဗျားက သိပ်မာန်တက်တာပဲ”
သူ့ပြောစကားမှာ ငါ့မျက်ဝန်းတွေ ရယ်ဟဟပြောင်းသွား။ ဟင့်အင်း။ စိတ်မဆိုးခဲ့ပါဘူး ကလေးရယ်။ မာတင်းနေဟန်ဆောင်ရတဲ့ ငါ့စိတ်ကြီးကို မင်းနားမလည်တာပဲ ရယ်ချင်တာ။ သိလား။ ငါ့အမှန်တရားကို ထုတ်ပြဖို့ တစ်ခါမှ မရဲဝံ့ဖူးဘူး ကလေးရဲ့။ ငါရဲဝံ့ခဲ့ဖူးတာ မင်းတစ်ယောက်တည်းအတွက်ပဲ။ အတွေးထဲမှာ စကားတွေ ဆိုနေခဲ့ပေမဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြင်ပမှာနေထိုင်တယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်အောင် ငေးကြည့်နေကြရအောင်။ ငါ့မျက်ဝန်းနဲ့ မင်းမျက်ဝန်း အကြည့်ချင်း သော့ခတ်ထားကြေး။ ကဲ ဘယ်လိုလဲ။
သိပ်ထူးတဲ့ ဆူးလေး။ လောကကြီးကို မကျေနပ်သလိုလိုနဲ့ ကျေနပ်ပြုံးလေးပြုံးတတ်သူ။ ဘဝကို ကျေနပ်နေသလိုလိုနဲ့ အမြင့်ထပ်လှမ်းချင်တဲ့သူ။ မင်း သိပ်လောဘကြီးတယ် ဆိုတဲ့ ငါ့တိတ်တဆိတ်မှတ်ချက်ကို သူ့ဆီရောက်အောင် သိပ်ပို့ချင်တာပဲ။
ငါတို့ ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ကြည့်မလား။ ကိုယ့်စည်းမျဉ်းနဲ့ ကိုယ်နေကြေးလေ။ ငါသိပါတယ်။ သူနေချင်တဲ့ ပတ်ဝန်းကျင်လေးကို ကိုယ်တိုင်ဖန်တီးပေးချင်မိတဲ့ ငါ့အတ္တ ဘယ်လိုနည်းနဲ့မှ သိမ်းမထားလိုက်နိုငဘူး။ လွှတ်ခနဲ ထွက်သွား။
“မင်း သိပ်ပြောချင်တဲ့ အတ္တတွေ ပြောပြပါ ငါ နားထောင်ခွင့်ရ ချင်တယ်”
ဟင့်အင်းကွယ်။ တစ်ယောက်နဲ့ တစ်ယောက ်ဘာဆိုဘာမှမသက်ဆိုင်ပါပဲ မျက်ဝန်းချင်း တံဆိပ်ခတ်လိုက်မိ။ ဒါ ငါ့မျက်ဝန်းနဲ့ ထပ်တူကျ မိုက်မဲသူလွယ်အိတ်လေးတစ်လုံး။ ဘယ်တုန်းကဝင်လာလိုက်တဲ့အတွေးလဲ။ သိပ်အားနာတယ်ကွယ်။ ငါ့လို ယောင်တိယောင်ချာ လွယ်အိတ်တစ်လုံးဖြစ်စေဖို့ ဆန္ဒမရှိခဲ့။
“ခင်ဗျားနဲ့ ကျွန်တော့်ကြားက ကွာခြားမှုတွေ အရင်ချုံ့ကြည့်ရအောင် ဒါမှ ဆက်ဆွေးနွေးရမယ့်အပိုင်းတွေ တွေ့လာမယ်”
ဘာလဲကွယ်။ ကနဦးဆုံး အသက်။ နောက် အတွေးအခေါ်။ ဟင့်အင်း။ ခံစားချက်ဆိုတာ ချုံ့ချင်တိုင်းချုံ့ပြီးမှ လွှင့်ပစ်လို့ရတဲ့တစ်ရှှုးစမဟုတ်ဘူး။ လွတ်လွတ်လပ်လပ်ဝန်ခံံလိုက်ချင်တယ်။ “ချစ်တယ်” လို့။
ဒီနေ့လိုပေါ့။ တိမ်သားဖြူဖြူကြီးတွေ ထုနဲ့ထည်နဲ့ ဟိုဟိုဒီဒီလမ်းလျှောက်နေခဲ့တဲ့နေ့ပဲ။ ကောင်းကင်ပြာပြာကြီးအောက် မထင်မှတ်ဘဲ တွေ့ဆုံခဲ့ကြတာ။ “အိုး ဆောရီး” ဆိုတဲ့ သူ့စကားမှာ ငါ့စိတ်ကြီးက တိုသွားသေးတယ်။ မြန်မာပီပီမြန်မာစကားမပြောတတ်တဲ့ ကလေးတစ်ယောက်ပါ့လားလို့။
အနီးဆုံးပါပဲ၊ သို့ပေမယ့်ဝေးခဲ့ကြ။ ကိုယ့်ကို ပုစ္ဆာတစ်ပုဒ်လို့ သူ အမြဲအဖြေရှာတတ်တယ်။ ကိုယ့်အတွက်တော့ ကိုယ်ကိုယ်တိုင်ကိုက အဖြေမဲ့နေခဲ့။ စိတ်ကျွန်ခေါ်ခေါ် စိတ်သခင်ခေါ်ခေါ်၊ စိတ်နှင်ရာ လွင့်ရတဲ့ဘဝကို သာယာနေမိတဲ့အခါ၊ ကိုယ့်အဖြေမဲ့မှုမှာ ကိုယ်ကိုယ်တိုင် မျောပါနေမိခဲ့။ ဟင့်အင်း။ ဘယ်တော့မှ လှည့်မကြည့်ကြေးပေါ့။ တို့တွေက ကွာခြားမှုများတယ် ကလေးရယ်။
မတော်တဆထိခတ်မှုတွေမှာ ငါ သိပ်မသိလိုက်ဘးူ။ သူ့နာမည်၊ သူ့အကြောင်း မှတ်ဖို့မေ့သွားတယ်။ ငါမသိတဲ့ ကားကြီး စီးတတ်တဲ့ သူ့အကြောင်း ငါမသိဘူး။ ငါသွားရာမှာ တိတ်တိတ်ဆိတ်ဆိတ်ရှိတတ်တဲ့ သူ့အကြောင်း ငါမသိဘူး။ ငါ့ ရဲ့ အကြည်ရောင် ကျည်ကာမျက်မှန်လေး ပြုတ်ကျတဲ့နေ့မှာမှ သတိထားမိခဲ့ရ။ ငါ သိပ်ရိုင်းသွားလားဟင်။
“ခင်ဗျား အတ္တတွေ နည်းနည်းတော့ လျှော့သင့်ပြီဗျာ ၂၈ နှစ်အရွယ်မိန်းမတစ်ယောက်ဟာ ဒီလောက်ထိတော့ လူမှုရေး မညံ့သင့်ဘူးထင်တယ်”
သေစမ်းဟဲ့ နန္ဒိယ။ ဒါ ဘယ်သူ့အပြစ်လဲ ကွယ်။ ကိုယ့်စိတ်ကိုယ်ဆောင် လောကကြီး။ ကိုယ်လှမ်းသမျှ ခြေလှမ်းတိုင်း ပန်းပွင့်တဲ့ ကမ္ဘာမှာ ရှင်သန်သူ။ တော်ရုံတန်ရုံနဲ့ အောက်ကျို့နှိမ့်ချမှုကို ရွံရှာသူ။ ကဲ ငါ့ စိတ်ကြီးက မခက်လား။
“သိပ် အားနာတယ်“
ကွက်ခနဲ ပျက်ယွင်းသွားတဲ့ သူ့မျက်နှာမှာ ငါ ဆိုစရာ စကားမရှိဘူး။ ရိုးရိုးသားသား ညာခွင့်ပြုပါကလေးရဲ့။ သိပ်တော့ မသက်ဆိုင်ဘူး။ ဂလိုဘယ်တော့ ဂလိုဘယ်။ ဒါပေမယ့် လူမျိုးခြားတစ်ယောက်ကို လက်ထပ်ဖို့ ကိုယ် ဘယ်လိုနည်းနဲ့မှ အားအင်မွေးလို့မရဘးူး။
သိလား။ ငါတို့နေထိုင်ရာ ကမ္ဘာဟာ ဘယ်လောက်ပဲ ရူးမိုက်တယ်ဆိုဆို အစဉ်အလာနဲ့ သမိုင်းကနေ ခွဲထွက်လို့ မရတာတော့ အသေအချာ။ ဒါ တို့တိုင်း တို့ပြည် တို့ ဗမာပြည်လို့ လည်း မအော်ခဲ့ပါဘူး။ ဒါပေမယ့် ဗမာ ဆိုတဲ့မျိုးဆက်လေးကိုတော့ ရှင်းရှင်းသန့်သန့် မွေးထုတ်ချင်မိတယ်။ ဒါ အတ္တလားဟင်။
“ခင်ဗျား သံယောဇဉ်မရှိတဲ့ သူတွေအတွက်နဲ့၊ ခင်ဗျားကို သံယောဇဉ်မရှိတဲ့ သူတွေအတွက်နဲ့ ခင်ဗျားစိတ်ဆင်းရဲနေမယ့်စား ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပါ ဘာကိုမှ လိုက်လိုက်ကြည့်မနေပါနဲ့ ခင်ဗျားကို ချစ်တဲ့သူ၊ ခင်ဗျားက ချစ်တဲ့သူတွေ စိတ်ဆင်းရဲမှာကိုကော ထည့်စဉ်းစားရဲ့လားဟင်”
ငါ့ ဝန်ခံချက်စကားကို မပြောပေမယ့် သူသိနေတဲ့အကြောင်း သိရတဲ့နေ့က ငါ ကျေကျေနပ်နပ်ငိုခဲ့လိုက်ရတယ်။
“ငါတို့ ဘယ်နေရာများ မှားခဲ့ကြသလဲ ကလေးရယ် ”
ငါ့အမေးစကားကို တိတ်တိတ်ဆိတ်ဆိတ်ပဲ သူ လမ်းခွဲဖို့ကြိုးစားတယ်။ ငယ်ကတည်းက လက်ခံလာတဲ့ မျိုးစောင့်တရား။ ဟင့်အင်း ဘယ်သူကမှ ရိုက်မသွင်းခဲ့ပါဘူး ကလေးရဲ့။ ကိုယ့်အသိတရားမှာ ကိုယ်ရှိနေခဲ့တာ။ နိုင်ငံခြားက တယ်ရီယာခွေးလေးတွေနဲ့ မြန်မာခွေးစစ်စစ် ခွေးသမင်လေးတွေမှာ မြန်မာခွေးစစ်စစ် ခွေးသမင်လေးကိုမှ ချစ်ခဲ့မိတာ။ ခွေးကပြားလေးတွေကြည့်ရင်း သွေးအပျက်မခံချင်ဘူး လို့ တွေးမိခဲ့တာ ဒါတွေဟာ ကိုယ်ပိုင်အတွေးတွေ။
သိလား။ ခုနေမှာ အညာဘက်သွားလို့ အညာသူတစ်ယောက်ကို ရွှေစင်ဆယ်တင်းနဲ့ တင်တောင်းကြည့်လိုက်တောင် မြန်မာတိုင်းရင်းသားမဟုတ်ရင် လက်မခံဘူး ။ ဒို့အညာသူတွေက အဲသလောက်ထိ အတွေးရိုးတယ်။ ခွေးသမင်လေးကိုမှ မြတ်နိုးတတ်ကြသူတွေ။
ဟော ဘေးစောင်းလွယ်အိတ်ကလေး အနာတရနဲ့ ပြုံးတယ်။ မပြုံးပါနဲ့ကွယ်။ ငါက သိပ်အတွေး တွေးတတ်သူ။ မင်းအပြုံးမှာ မာယာ ဘယ်နှစ်ပုလင်းပါကြောင်း ငါသိတယ် ကလေးရဲ့။
“ခင်ဗျားကိုယ်တိုင် တားမြစ်ထားတဲ့ စည်းကို ခင်ဗျားကိုယ်တိုင် မဖေါက်သရွေ့ ကျွန်တော့်မှာ လမ်းစမှမရှိဘဲ။ တစ်ခုတော့ပြောခဲ့ချင်တယ် မိဘ၊ လူမျိုး၊ နိုင်ငံ ဆိုတာကို ဘယ်သူမှ ရွေးချယ်ခွင့်မရပါဘူး”
သေချာတာပေါ့။ ရွေးချယ်မှုမရတဲ့ အကြောင်းတွေမှာ ငါက ငါရထားတဲ့ ဂုဏ်ရည်တွေကိုကြိုက်တယ်။ ဒီနေ့လိုပဲလေ။ တိမ်သားဖြူဖြူကြီးတွေ ထုနဲ့ထည်နဲ့ လမ်းလျှောက်တဲ့နေ့မှာ သူနဲ့ တွေ့ဖူးတာ အမှတ်ရတယ်။ ကျောင်းဆရာမ တစ်ယောက်လည်း မျက်ရည်ကျတတ်ကြောင်းသိတော့ ငါ့အတန်းက ကလေးတွေ ပျော်သွားတာများ။ ကလေးရေ တချို့တချို့သော တာဝန်နဲ့ သိတတ်မှုဆိုတာ အရိုးစွဲလာခဲ့ပြီးသား။ ဘယ်သူမှ ဖေါက်ဖျက်မရတဲ့စည်း၊ ကိုယ်ကိုယ်တိုင်တားထားတဲ့ စည်း။ ထမင်းရည်ပူစည်းမှာမှ မင်းနဲ့ ငါ နဲ့ တွေ့ခဲ့ကြရ။
“လွမ်းတယ်”..။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment