Saturday, February 8, 2025

“စကားကွင်း ထဲက ကျွန်တော်”

ရိုးသားသင့်သလောက် မရိုးသားမိခဲ့တဲ့အခါ စကားလုံးတွေဟာ ကျွန်တော့်အတွက် အမှောင်ကို ဖန်ဆင်းသူ ဖြစ်လာတယ်။ ဒါမှမဟုတ် အဆုံးစွန်ထိရိုးသားမိခဲ့တဲ့အခါ စကားလုံးတွေဟာ ကျွန်တော့်အတွက် ကိုင်တွယ်ရခက်လာတာ ဖြစ်မယ်။

--++

            ခု ကျွန်တော် စကားလုံးတွေကို ကြောက်နေမိတယ်။ စကားလုံးတွေကနေ အဝေးပဲ ပြေးနေမိတယ်။ စကားလုံးတွေနောက်က အတွေးအခေါ်အမြော်အမြင်တွေကို ဘာ့ကြောင့် လိုက်တွေးနေမိသလဲ လို့ ကိုယ့်ကိုယ်ကိုယ် တားမြစ်နေလည်းပဲ စကားလုံးတွေရဲ့ ညို့ငင်မှုအောက်က ရုန်းမထွက်နိုင်ဘူး။ တစ်စွန်းတစ်စပေါ်ထွက်နေတဲ့ သဲလွန်စလေးတွေနဲ့ စကားလုံးတွေနောက်က အရိပ်တွေကို လိုက်ရှာတတ်တဲ့ အကျင့်ဟာ ကျွန်တော့်အတွက် ဘိန်းစွဲသလို စွဲမက်ဖွယ်ကောင်းလို့..။

            တစ်ခါတစ်ခါဆို အမှောင်ကြီးကျတယ်။ တစ်ခါတစ်ခါဆို ကောင်းကင်ကြီးတစ်ခုလုံးဝင်းလက်နေအောင်ပဲ။ စကားလုံးလေးတွေရဲ့ အဓိပ္ပါယ်ကို ကျွန်တော် မဖွေရှာရမနေနိုင်အောင် စွဲမက်နေခဲ့မိတယ်။

ကျွန်တော်က စကားလုံးတွေ နောက် တကူးတက လိုက်နားလည်မနေပါဘူး။ စကားလုံးလေးတွေက ကျွန်တော့်စိတ်ထဲကို စူးဝင်လာတာ။ စကားလုံးတွေရဲ့ စွမ်းအင် အလွှမ်းမိုးမခံပါဘူး။ ဒါပေမယ့် စကားလုံးတွေနောက်က ဟာဿရသလေးတွေကို တကူးတက ကောက်ဖတ်ဖြစ်တယ်။ စကားလုံးလေးတွေနောက်မှာ ဘယာနကရသတွေရှိမှန်း သတိထားမိလာတယ်။ စကားလုံးလေးတွေနောက်မှာ စက်ဆုက်ဖို့ကောင်းလွန်းတဲ့ အကြောင်းအရာတွေဝှက်ထားတတ်မှန်း စဉ်းစားမိတတ်လာတယ်။

ခု ကျွန်တော် စကားလုံးလေးတွေကို ကြောက်နေမိတယ်။     

တစ်စုံတစ်ယောက်ကို ချီးကျူးဖို့ လိုလာပြီဆိုတာနဲ့ ကျွန်တော်တို့ဟာ မသိစိတ်ကနေ ရှောင်ပြေးတော့တာပဲ။

            “ဟ ဒီကောင်က ငါနဲ့ တစ်တန်းတည်းတက်ခဲ့တဲ့ကောင်ပါကွာ ငယ်ငယ်တုန်းကတော့ ငပေါကြီး ။ ခုမှ သူ့မိန်းမ ကောင်းမှုနဲ့ လူမွေးသူမွေးပြောင်ရောင်နေတာ”

            လူပြောသူပြောများတဲ့ စကားလုံးလေးပါ။ ဘယ်လိုပြောပြော သူဆိုတဲ့ နာမ်စားပိုင်ရှင်ဟာ ကိုယ့်ထက်သာနေတယ်ဆိုတာကို ဝန်မခံချင်သူတွေ တစ်ပုံကြီးထဲမှာ ကျွန်တော်လည်း တစ်ချိန်တုန်းကတော့ ပါဝင်ခဲ့ဖူးတယ်။ စကားလုံးလေးတွေနောက်က ဝှက်ဖဲသေးသေးလေးတွေကအစ မြင်တတ်ရှာတတ်အပြီးမှာတော့ ဒီလိုစကားမျိုးပြောဖို့ ကျွန်တော့် သိက္ခာက တားမြစ်နေခဲ့လေရဲ့။ ဒါပေယ့်လည်း ရံဖန်ရံခါ မှာ စိတ်ကြီးရဲ့ကြီးစိုးမှုအောက် ရောက်မိသွားချိန်တိုင်း ကျွန်တော်ဟာ ရှောင်ပြေးတတ်စမြဲ။

            တစ်စုံတစ်ယောက်အကြောင်း အပြစ်ဆိုဖို့ နောက်မကျတတ်တဲ့ ပါးစပ်ကို ကျွန်တော် ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ခါ ကြားနေရတဲ့ ပြစ်တင်းစကားဆိုသံမှာ ကျွန်တော့်စိတ်ကလွင့်လွင့်မျောမျော။ ကိုယ်သိတာ ကိုယ်ဝင်ပြောချင်တဲ့ အတ္တကြီးနဲ့ “ဒီလူ့အကြောင်း ငါလည်းသိတယ်” ဆိုတဲ့ ဂုဏ်ရည်လေးတော့ ပြသလိုက်ချင်သေးတာ။      

ရည်မှန်းချက်သေးသေးလေး ထားခဲ့ဖူးတယ်။ ကိုယ်ပြောသမျှစကားတိုင်းကို ဂရုတစိုက်နားထောင်ကြတဲ့ စကားပြောကောင်းသူ ဖြစ်ဖို့။ ဒီရည်မှန်းချက်လေးအတွက် “စကားပြောကောင်းဖို့ရာ လိုက်နာရန်” ဆိုတဲ့ စာအုပ်လေးလည်း ဝယ်ဖတ်ခဲ့ဖူးတယ်။ ခုတော့ ကျွန်တော်ပြောသမျှစကားတိုင်းမှာ ရိုးသားမှုတွေ စွန်းထင်လွန်းတဲ့အခါ တစ်ပါးသူအတွက် ဓါးတစ်ချောင်းလို။ တစ်ချိန်ချိန် ကိုယ့်ကို ပြန်စိုက်လာမယ့် ဝှက်ဓါးတစ်ချောင်းကို မွေးဖွားပေးလိုက်သလိုလို။ ဒါမှမဟုတ် ကျွန်တော် ပြောသမျှစကားတွေမှာ မရိုးသားသင့်သလောက် ရိုးသားမိခဲ့တဲ့အခါ စကားလုံးတွေက ကျွန်တော့်အတွက် အမှောင်ပဲ ခေါ်ခေါ်လာသလို။         

အသက်ကြီးငယ်မရွေး ထေ့ငေါ့တတ်တဲ့ စကားလုံးလေးတွေကြားလာတဲ့အခါ ကျွန်တော့်စိတ်ကလည်း စကားလုံးရဲ့ ခေါ်ရာနောက်ကို ပြေးပြေးလိုက်မိ။ “ဒီအကြောင်းအရာ ငါ သိတယ်” ဆိုတဲ့ မာန်လေးတော့ ပြချင်မိလေရဲ့။ တစ်ခါတစ်ခါကျတော့လည်း ထေ့ငေါ့မှုတွေမှာ ငေးကြည့်လို့ “သြော် သူ့အသက်အရွယ်လေးနဲ့.. သြော် သူ့အသက်အရွယ်ကြီးနဲ့” လို့ပဲ ဟားတိုက်မိရဲ့။

ခုတလော စိတ်ကြီးက ပြေးထွက်နေချင်တဲ့ အကြောင်းတရားလေးမှာ ဒီစကားလေးပါတယ်။ “လိင်” တဲ့။ sex နဲ့ sexual မတူမှန်းသိကြတာပဲ။ ဒါပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းမှာ အရူးတောင် သူ့sex ကို နေရာတကာ မြင်အောင်ပြမနေဘူး။ ခုတော့ တစ်ယောက်လာလည်း ဒါနဲ့တိုင်းထွာဆဲရေး၊ နောက်တစ်ယောက်လာလည်း ဒါနဲ့ပဲ တိုင်းထွာဆဲရေး။ မဟာ့မဟာမြန်မာဗွီဒီယိုကားတွေထဲက အပေါဆုံးဇာတ်ဝင်ခန်းကိုမှ တခုတ်တရ  လိုက်ပါသရုပ်ဆောင်နေကြသူတွေ များများလာတဲ့လောကထဲမှာ ပညာတတ်တွေလည်း ပညာတတ်နည်းနဲ့ ဆဲတယ်။ ပညာမဲ့တွေလည်း ပညာမဲ့နည်းနဲ့ ဆဲတယ်။ ပညာမဲ့တွေ ဆဲတဲ့အခါ ပညာမဲ့လောကရဲ့ အကျိုးတရားမှာ အနုတ်ပြစေတယ်။ ပညာတတ်တွေဆဲတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်းကြီးဟာ တရားဝင်ဆဲခွင့်ရဖို့ ဇွတ်ကြိုးစားတော့တာပဲ။

            အဲဒါပေါ့။ ကျွန်တော်ကြောက်နေမိပါတယ်ဆိုတဲ့ စကားလုံးဟာ ပညာတတ်တွေဆီက စကားလုံး။ သူတို့ဆဲခွင့်လေးရဖို့ အပြင်းအထန်ကြိုးစားနေပုံများ တော်လွန်းထက်လွန်းလှတဲ့ ရှေ့နေတောင်လိုက်မမီတော့သလို။ တစ်ခါတစ်ခါဆို ဦးပေါ်ဦးဖြစ်လိုက်၊ တစ်ခါတစ်ခါဆို လှတောသားဖြစ်လိုက်နဲ့ သူတို့စကားနဲ့ သူတို့ ချုပ်ကိုင်နေကြပုံများ နောင်ပညာတတ်လာမယ့်လူငယ်တွေရဲ့ အလင်းကို အမှောင်ဖုံးဖို့ တိုက်တွန်းနေသလိုလို..။

            ရိုင်းစိုင်းခြင်းကိုက ရိုးသားလွန်းတဲ့ စကားလုံးအဖြစ် လက်ခံသူများပြားလာတဲ့အခါ၊ ရိုင်းစိုင်းခြင်းဟာ ရိုင်းစိုင်းခြင်းဂုဏ်ရည်ကို ထပ်ထပ်မြှင့်လို့ စကားလုံးတစ်စင်းအဖြစ် သူ့ကိုယ်သူအသက်သွင်းရင်း ပညာတတ်လူတန်းစားတွေကြားထဲ ထိုးဖေါက်လှိုက်စားတယ်။

ကျွန်တော်ကပဲ ရိုးသားလွန်းတာ ဖြစ်မယ်။ ဒါမှမဟုတ် ကျွန်တော်ကပဲ မရိုးသားမှုကို ထိထိရောက်ရောက် မပြသတတ်တာ ဖြစ်မယ်။

ခိုးစားစား၊ ဝယ်စားစား ဘယ်နှစ်ပြားမှ မတန်တဲ့ အာသီသအတွက် စကားလုံးတွေနဲ့ အာသာဖြေမှုတွေ ကြီးပြင်းလာတဲ့အခါါ ဒီလောကမှာ နေထိုင်နေမိတာကိုက အပြစ်ဖြစ်တယ်။ ဒီလောကမှာ ရှိနေမိတာကိုက အပြစ်ဖြစ်တယ်။ ဒီလောကမှာ ဒီစကားလုံးမျိုးမဖတ်ဝံ့တာကိုက အပြစ်ဖြစ်တယ်။ ကိုယ်ပိုင်ဆိုင်တဲ့ မိဘပေးပစ္စည်းနဲ့ ဆဲရေးတိုင်းထွာနေရတာကိုက ပညာတတ်တွေအတွက် ပျော်စရာလား။

ကျွန်တော် က ပညာကို နည်းနည်းလေးပဲ တို့ထိခွင့်ရခဲ့သူမို့ မပျော်နိုင်ဖြစ်နေလေရဲ့။

တစ်နေ့နေ့မှာ ကျွန်တာ့်စကားလုံးတိုင်းဟာ အရည်မသောက်ရတောင် အဖတ်စားရတဲ့ ဟင်းချိုလေးတစ်ခွက် ဖြစ်ကို ဖြစ်လာမယ် ဆိုတဲ့ ရည်မှန်းချက်ကြီး ခပ်ကြီးကြီးထားခဲ့ဖူးရဲ့။

ခုတော့လည်း… ရိုးသားခြင်းကို ရိုးသားမှုပါလို့ လက်ခံံကြဖို့ ကြိုးစားနေရတာကိုက စက်ဆုက်စရာ။ နေရာတကာ မျောမျောပါနေတဲ့ ရိုင်းစိုင်းမှုနယ်ပယ်ကြီးဟာ ပညာတတ်လူတန်းစားနယ်ပယ်ဖြစ်နေတာကိုက စက်ဆုက်စရာ။

စကားတွေ မြူးနေတဲ့ ကွင်း၊ စကားကွင်းမှာ မြူးနေကြတာ ရိုင်းစိုင်းပက်စက်တဲ့ စကားတွေ။ ကစားကွင်းမှာ မြူးနေကြတာ သင်ယူတတ်စ ကလေးတွေ။ သင်ယူတတ်စကလေးတွေရဲ့ နောက်တစ်ချိန် ဆယ်နှစ်ပတ်လည်မှာ စကားကွင်းမှာ မြူးနေကြတာ ဘာများဖြစ်မလဲ။

ဒီပညာတတ်နယ်ပယ်ကြီး သိပ်ခါးတယ်။ စကားကွင်းမှာ စကားရိုင်းတွေ မမြူးဖို့ ကိုယ့်တာဝန်လို့ သတ်မှတ်မိတဲ့အခါ စကားလုံးတွေဟာ ကျွန်တော့်အတွက် တာဝန်ဖြစ်လာသလို စကားလုံးတွေဟာ ကျွန်တော့်အတွက် လေးပင်လာတယ်။ စကားလုံးတွေကို အလှဆုံးအဖြူစင်ဆုံး ကွန့်မြူးဖို့ ပညာတတ်အာသာဖြေနည်းတွေ ပျောက်ရှဖို့တော့ လိုလိမ့်မယ်။

ဒီလိုပါပဲ။

            တစ်နေ့နေ့ ကျွန်တော်ကိုယ်တိုင် ဟာဿရသမြောက်တဲ့ စကားလုံးတစ်စင်းအဖြစ် ဖြစ်မလာစေဖို့ ဆိုတဲ့ ရည်မှန်းချက်ကလွဲလို့ ကျန်တာ ဘာမှမရှိတော့..။ ကျွန်တော်ကိုယ်တိုင် စက်ဆုက်ရွံရှာဖွယ်ကောင်းတဲ့ စကားလုံးတစ်စင်းကို အသက်မသွင်းမိဖို့ ဆိုတဲ့ ရည်မှန်းချက်ကြီးကလွဲလို့ ကျန်တာ ဘာမှ.. မရှိတော့။

စကားလုံးတွေကို ကျွန်တော် သိပ်ကြောက်တယ်။ ခုတလော သူတို့ဖန်ဆင်းနေတဲ့ အမှောင်ကမ္ဘာကို ချေဖျက်ဖို့ စဉ်းစားနေရတာကိုက စက်ဆုက်စရာ။ တစ်ချက်တစ်ချက် လင်းလက်လာတဲ့ စကားစလေးတွေကို လိုက်ဖမ်းနေရတာကလည်း နိဗ္ဗာန်ဘုံလို ပျော်ရွှင်ဖို့ကောင်းရဲ့။

ကျွန်တော် လူကြီးမကျကလေးမကနဲ့ စကားကွင်းမှာ ဝင်ပြီး သင်ယူနေမိလေရဲ့။

ရိုးသားသင့်သလောက် မရိုးသားမိခဲ့တဲ့အခါ စကားလုံးတွေဟာ ကျွန်တော့်အတွက် အမှောင်ကို ဖန်ဆင်းသူ ဖြစ်လာတယ်။ ဒါမှမဟုတ် အဆုံးစွန်ထိရိုးသားမိခဲ့တဲ့အခါ စကားလုံးတွေဟာ ကျွန်တော့်အတွက် ကိုင်တွယ်ရခက်လာတာ ဖြစ်မယ်။

 ဒါပေမယ့်လည်း တာဝန် ဆိုတဲ့ စကားလံုံးလေးဟာ ဘယ်သူမှမပေးလည်း ကျွန်တော့်နှလုံးသားမှာ ချိတ်ဆွဲ ထားခဲ့မိတယ်။


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...