မဟာဗန္ဓုလပန်းခြံကြီးသည် သိပ်မကျယ်ဝန်းပါ။ သို့သော် လေကောင်းလေသန့်ကောင်းစွာရသည့်အပြင် မြက်ခင်းပြင်ထက်၌ ထိုင်ရသည့်အရသာကြောင့်ပဲလား။ သို့မဟုတ် ဖြတ်လမ်းအနေဖြင့်အသုံးပြုလေသည်လား၊ ခေတ္တခဏနားခိုစရာ ဖြစ်နေ၍လားမသိ။ လူဝင်လူထွက်များပြားလှသည်။ ဝင်ကြေးမပေးရသည့်အပြင် သိပ်မကြီးမားသော ကလေးကစားကွင်းလည်း ရှိသည်မို့ မိသားစုလိုက် လာကြသူများလည်း ရှိသည်။ လူကြီးလူငယ်အဖုံဖုံလည်း အုပ်စုဖွဲ့ထိုင်နေကြပြန်သေးသည်။ မြက်ခင်းတွင်ထိုင်နေရာမှ ဟိုဟိုဒီဒီအကြည့်တို့ကစားကြည့်လိုက်မိသည်။
ကြည်နူးစရာမြင်ကွင်းအဖုံဖုံတို့က ဟိုတစ်ဝိုက်ဒီတစ်ဝိုက်ဖြင့် ပြန့်ကြဲနေလေသည်။ လွတ်လပ်ရေးကျောက်တိုင်ကြီးနားတွင်ထိုင်ကာ အနားယူအပန်းဖြေနေသူများကလည်း ဒုနှင့်ဒေး။ ကလေးကစားကွင်းသည်လည်း သေးငယ်သလောက်ကလေးတို့စကားသံများဖြင့် ဆူညံရယ်မောလို့ နေသည်။ မြက်ခင်းပြင်တွင်ထိုင်ရင်း ထမင်းဗူးဖွင့်ကာ ကလေးထမင်းခွံသည့် မြင်ကွင်းများ၊ တစ်ယောက်ပုခုံးကို တစ်ယောက် မှီနွဲ့ကာ ကြည်နူးနေသည့် ချစ်သူစုံတွဲများဖြင့် ပန်းခြံလေး၏ မနက်ခင်းသည် သာယာကြည်နူးဖို့ ကောင်းလွန်းလှ၏။ ဖော်ရိန်နာစုံတွဲ၊ မိသားစု တို့သည်လည်း တစ်တွဲတစ်စုံစ ရှိနေကြလေသည်။ မနက်ခင်းသည် တဖြည်းဖြည်း ရွှေဝါရောင်သမ်းလာသော နေမင်းကို အံမတုနိုင်ဟန်နှင့် ပန်းခြံတွင်းသို့ အလင်းများဖြန့်ကျက်လေတော့သည်။ မြက်ခင်းပြင်တွင် ဟိုကျဲကျဲ ဒီကျဲကျဲထိုင်နေကြသူအပေါင်းသည်လည်း အရိပ်ရသည့်နေရာများသို့ ရှာဖွေနေရာယူကြပြန်သည်။
ထူးခြားသည်ဟုမဆိုသာသော မြို့ပြ၏ ပြယုဂ်တစ်ခုအဖြစ် လူတော်တော်များများသည် ဖုန်းလေးကိုယ်စီထုတ်ကာ ဟိုပွတ်ဒီပွတ်နှင့် အင်တာနက်သုံးနေကြပြန်သေးသည်။ တစ်မိနစ်လေးကျပ်နှုန်းနှင့်လား၊ တစ်မိနစ်နှစ်ကျပ်နှုန်းပေပဲလား ဆိုသည်ကိုတော့ သုံးစွဲသူမှ သိပေလိမ့်မည်။ သူများတကာတွေ ဖုန်းစခရင်မ်ကို ပွတ်နေ၍ထင့်။ ကျွန်တော့်ရှေ့မှ ကိုရွှေဖော်ရိန်နာသည်လည်း သူ့အိုင်ပတ်ကို ထုတ်ကာ ပွတ်သည်။ သုံးမိနစ်ခန့်ကြာသောအခါတွင်မူ ထိုအိုင်ပတ်ကို သူ့ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်သည်ကို တွေ့၏။ ကျွန်တော်တို့ မြို့ပြနေပြည်သူလူထုနှင့်အသားကျနေသော ကော်နက်ရှင်ဆက်သွယ်မှုနှေးခြင်းကြောင့်များလားဟု တွေးမိရင်းဘာမဆိုင်ညာမဆိုင် အားနာမိရသေးသည်။
ကလေးအပေါင်းတို့ကတော့ ဆက်လက်ဆော့ကစားမြဲကစားကြဆဲဖြစ်သည်။ အရှေ့မှာ မြင်နေရသည့် AGDဘဏ်သည်လည်းကောင်း၊ အနောက်မှာရှိသည့် တရားလွှတ်တော်ရုံးသည်လည်းကောင်း ထီးထီးကြီးရပ်ကာ သစ်လွင်တောက်ပနေကြသည်။ ဆူးလေစေတီတော်ကတော့ ပန်းခြံတွင်းရှိနေသူအပေါင်းကို ငြိမ်းအေးစေလိုသည့်သဏ္ဍာန်ဖြင့် တိတ်ဆိတ်စွာ သပ္ပါယ်နေ၏။
မှတ်မိသေးသည်။ ဆူးလေစေတီတော်ကို ကျွန်တော့်အမေက ကပ်ကျော်စေတီတော် ဟုသာ ခေါ်သည်။ အဘယ့်ကြောင့်ဆိုသော် ကားဖြင့်အသွားအပြန် အခေါက်ရေ မည်မျှဖူးရပါစေ၊ စေတီတော်တွင်းသို့ တကူးတကသွားရောက်မဖူးမြော်နိုင်သည့်အတွက်ကြောင့် ဖြစ်သည်။ မနက်ခင်းရုံးအသွားတွင် ဆူးလေစေတီတော်ကို ဖူးမြင်ရချိန်တွင်လည်းဘက်စ်ကားပေါ်မှနေ၍ လက်အုပ်လေးချီကာ ရှိခိုးမိရုံမျှသာ။ညနေရုံးအပြန်ကျတော့လည်း ဘက်စ်ကားပေါ်မှ ဖူးမြော်ခဲ့ရံရုံသာ။ ကျန်စနေတနင်္ဂနွေ ရက်အပိုင်းအခြားတွင်မူ မြို့ထဲသို့မထွက်ဖြစ်။ သို့ဖြင့်ပင် အမေသည် ရွှေတိဂုံစေတီတော်သို့ တစ်နှစ်လျှင် ခြောက်ခေါက်မျှ ရောက်ဖြစ်သော်လည်း ဆူးလေစေတီတော်သို့မူ တစ်ခေါက်နှစ်ခေါက်သာ ဖူးမြော်ခဲ့ဖူးသည် တဲ့။
ရန်ကုန်သည် မြို့ကြီးပြကြီးဆန်စွာ အထက်တန်းကျကျနေထိုင်မှုများ ပေါများသလောက် မြို့ကြီးပြကြီးဆန်စွာပင် ပျက်စီးယိုယွင်းမှုများက စက္ကန့်မလပ်ဖြစ်ပေါ်နေသည်ဟု ကျွန်တော်ထင်သည်။ ယဉ်ကျေးမှုပျက်ယွင်းမှုများ၊ ဟီရိသြတပ္ပတရား နည်းပါးလာမှုများသည် မြို့ပြ၏သဏ္ဍာန်ဟု ဆိုချင်သည်။ အထူးသဖြင့် မြို့ပြစကားသံများနှင့် မြို့ပြယဉ်ကျေးမှုသည် နောင် ဆယ်နှစ်တွင်ဖြစ်ပေါ်လာမည့် ရန်ကုန်၏ လူနေမှုစရိုက်ကို အနိမ့်ဆုံးအဆင့်သို့ မီးမောင်းထိုးပြနေ၏။
ယနေ့ရန်ကုနု်သည် ကားများ တစ်နေ့တခြားများလာသလို မြို့ပြနေပြည်သူအပေါင်းတို့၏ အချိန်သည်လည်း ကားပေါ်မှာသာ ကုန်ဆုံးရတော့သည်။ ကျွန်တော်နေထိုင်ရာ ဒဂုံမြို့သစ်တောင်ပိုင်းမှ ယခုမဟာဗန္ဓုလပန်းခြံတည်ရှိရာ ဆူးလေတစ်ဝိုက်သို့အချိန်တစ်နာရီခွဲခန့် ဘက်စ်ကားစီးရသည်။ ရံဖန်ရံခါ နှစ်နာရီပင် စွန်းတတ်၏။ အငှားကားစီးလျှင်တော့ လေးဆယ့်ငါးမိနစ်ကြာသည်။ ရံဖန်ရံခါ အငှားကားကိုပင် တစ်နာရီခန့်ကြာတတ်သေးသည်။
ယခုလောက်ကားများမဖောင်းပွစဉ် ယခင်နှစ်များကတော့ လိုင်းကားစီးလျှင်ပင် လေးဆယ့်ငါးမိနစ်ခန့်သာကြာတတ်သည်ကို မှတ်မိနေမိသည်။ ယခုတော့ တံတားများ များလာသလောက် လမ်းများကျပ်လာလွန်းပြီဖြစ်သည်။ တစ်နေ့ကပင် ရယ်စရာတစ်ခုကြုံမိသေးသည်။ ၁၃ နှစ်သားအရွယ်ကတည်းက မြို့ပြရန်ကုန်မှာ နေထိုင်ခဲ့သော ကျွန်တော့်အတွက် လမ်းမကူးရဲသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းပင်။ ယဉ်ထိန်းရဲမရှိသည့်နေရာ၊ မီးပွိဲင့်မရှိသည့်နေရာ ။ သို့သော်လည်း လူကူးမျဉ်းကြားရှိသည်။ ထိုမျဥ်းကြားလေးမှ ကူးဖို့ကိုပင် စည်းကမ်းမဲ့မောင်းနှင်နေသော ယာဉ်များကိုကြည့်ရင်း ကြောက်ရွံ့နေခဲ့သည်မို့ လမ်းတစ်ဖက်ခြမ်းစီသို့ နာရီဝက်လွန်မှ ရောက်တော့သည်။ ယာဉ်းစည်းကမ်းလမ်းစည်းကမ်းဆိုသည်မှာ ရုပ်မြင်သံကြားမှ ခဏခဏပြနေရုံနှင့်မပြီး၊ လူတိုင်းတကယ်နားလည်လိုက်နာမှုရှိအောင် ထိုစည်းကမ်းချက်စာအုပ်များကို အိမ်တိုင်းတွင်မဖြစ်မနေထားရမည်ဟူသည့် စည်းကမ်းချက်လေးများ ထားလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲဆိုသည့် အတွေးဝင်သည်ထိ ကြောက်ရွံ့ခဲ့ခြင်းပင်ဖြစ်သည်။ နာရီဝက်ကြာသည်ကိုပင် ကားကြောကမပြတ်သေး၊ တစ်ဖက်လမ်းမှာ စောင့်နေသည့် သူငယ်ချင်းကို အားနာစွာနှင့် မဖြစ်မနေဖြတ်ကူးခဲ့ရသည်။
ကျွန်တော်တို့တောင်ဒဂုံတွင် ပန်းခြံံတစ်ခုရှိသည်။ ထိုပန်းခြံတွင် ကစားစရာများများစားစားမရှိသော်လည်း ကျွန်တော်လူငယ်ဘဝကတည်းက စီးစရာ၊ လွှဲစရာဒါန်း တစ်ခုနှင့်ပင် ကျေနပ်ခဲ့တာဖြစ်သည်။ ထိုပန်းခြံတွင် ကာရာအိုအေဆိုလို့ရ၏။ တိုက်ကားမောင်းစရာရှိ၏။ ရိုလာကိုစတာ အသေးစားလေးရှိ၏။ ထို့ပြင် လျှပ်စစ်နှင့်လည်ရသော လေယာဉ်ပျံဝိုင်း၊ ကလေးသီးသန့်ကားသေးလေးများ စသဖြင့် ရှိသည်။ သို့သော် ကျွန်တော်ကတော့ ဒါန်းတစ်ခုကိုသာ ကစားဖြစ်သည်။ ပိုက်ဆံပေး၍ ခေါင်းမူးခံရသော ကစားစရာများကို မနှစ်သက်။ ထိုပန်းခြံတွင် သစ်ရိပ်ဝါးရိပ်နည်းပါး၏။ သို့သော်လည်း ခပ်ကျဲကျဲစိုက်ထားသော သစ်ပင်တို့ဖြင့် ဟိုတစ်ကွက်ဒီတစ်ကွက်အရိပ်ရသည်မို့ ပျော်ပွဲစားထွက်တတ်သောမိသားစုတို့ကတော့ ရှိသည်သာ။
ယခုမဟာဗန္ဓုလပန်းခြံလေးသည်လည်း ထိုနည်း၎င်းပင်။ ပျော်ပွဲစားထွက်ကြသူအများအပြားကို တွေ့ရသည်။ သို့သော် ထို့ထက်ဆိုးသည်က ရန်ကုန်၏ မြို့ပြပီပီ ယဉ်ကျေးမှုနည်းပါးလာသော၊ အရှက်တရားနည်းပါးလာသော ချစ်သူစုံတွဲများ အဆမတန်များပြားနေခြင်းပင်ဖြစ်သည်။
တစ်ယောက်လက်ကို တစ်ယောက်ကိုင်ထားသည့် ချစ်သူစုံတွဲများ၊ တစ်ယောက်ပုခုံးကို တစ်ယောက်မှီနွဲ့နေကြသည့် ချစ်သူစုံတွဲများကို မြင်ရသည်မှာ ကြည်နူးဖို့ကောင်းသလောက် အနေအထိုင်လွန်ကျူးစွာ တစ်ယောက်နှုတ်ခမ်းကိုတစ်ယောက် ထပ်နေကြသည်ကို မြင်ရသည်ကတော့ ရွံရှာဖို့ကောင်းလွန်းလှသည်။ တစ်ယောက်နှင့်တစ်ယောက် နှုတ်ခမ်းချင်းထပ်နေကြသော လူအပေါင်းကို ချစ်သူစုံတွဲများဟု ကျွန်တော်မသတ်မှတ်ချင်။ ဟိုတယ်ငှားခမတတ်နိုင်၍ ပန်းခြံတွင်းလာရောက်အာသာဖြေနေကြသူများ ဟုသာ သတ်မှတ်ချင်သည်။ ထို့ပြင်ယောကျ်ားလေး၏ပေါင်ပေါ်တက်ထိုင်နေသူမိန်းကလေးများသည်လည်း ဒုနှင့်ဒေး။ ကြည့်ရင်းကြည့်ရင်းပင် ကိုယ်သည်ပဲ အသက်အကြီးလွန်သွားလေသလားဟု ပြန်လည်ဆန်းစစ်ရသည်မှာ ခဏခဏ။ အဘယ့်ကြောင့်ဆိုသော် ထိုစုံတွဲများကိုကြည့်ရင်း ကျွန်တော့်စိတ်မှာထင်လာသည်က ကောသလမင်းအိပ်မက် တယ်ဆယ့်ခြောက်ချက်ထဲက ဒန့်ကျွဲပင်ပုခတ်ဆင် ဆိုသည့် ဇာတ်။ ဆယ်ကျော်သက်ကလေးငယ်တို့၏ ကစားစရာသည် ဖိုမဆက်ဆံံရေးများဖြစ်နေလေပြီလားမသိ။
ကလေးကစားကွင်းသည်ပင် နေရောင်တို့ စူးရှစွာကျရောက်မှုကြောင့် တိတ်ဆိတ်ခြောက်ကပ်သွားလေပြီဖြစ်၏။ ကျွန်တော့်ရှေ့ နေစူးသော မြက်ခင်းပြင်တွင်မူ နိုင်ငံခြားသားစုံတွဲတစ်တွဲကတော့ ကောင်းကင်ကို မျက်နှာမူကာ မြက်ခင်းကမ္ဗလာတွင် ကျောခင်းနေကြလေသည်။ နေရောင်ကို တမြတ်တနိုးပင် လက်ခံရယူနေသောစုံတွဲဟု သတ်မှတ်လိုက်ရင်း ကျွန်တော့်နောက်နားဆီမှ မြင်ကွင်းကြောင့် ကျွန်တော် အရှက်ရသွားမိသည်။
အုတ်ဘောင်ဆောက်ဖို့ရည်မှန်းထား၍ပဲလားမသိ။ ဆောက်လုပ်ရေးပစ္စည်းအချို့ကျန်ရှိရာနေရာရှိ သဲပုံတွင် ကလေးတစ်ယောက်ကို အလေး စွန့်ခိုင်းနေသည်ကို တွေ့ရခြင်းကြောင့်ဖြစ်သည်။ ပန်းခြံတွင်းတွင် အပေါ့အလေးစွန့်ရာနေရာရှိပါလျှက် တကူးတကမသွားဘဲ ဖြစ်သလိုစွန့်ရလားဟု စိတ်ဆိုးမိရင်းက ပန်းခြံတွင်းရှိ နိုင်ငံခြားသားတစ်ဦးတစ်လေများအာရုံစိုက်မိသွားသလားဟု တွေးကာ အရှက်ရမိခြင်းပင်။
ထူပူလာသော မျက်နှာပြင်ကြောင့် ထိုင်နေရာမှ ထရပ်လိုက်သည်။ ထို့နောက် လွတ်လပ်ရေးကျောက်တိုင်အနီးသို့ လျှောက်လိုက်သည်။ လှည့်ပတ်ပစ်ခတ်နေသော ရေပန်းသည် ကျွန်တော်ထိုင်နေရာသိုှု ရောက်လာတော့မည်ဖြစ်သောကြောင့် ကြိုရှောင်လိုက်ခြင်းလည်းဖြစ်သည်။ သို့သော် မထခဲ့ရအကောင်းသားဟု တွေးလိုက်မိသည်ထိ စိတ်မှာဟာခနဲဟင်ခနဲ။ ကျောက်တိုင်အကျော် သစ်ပင်အုံ့ဆိုင်းဆိုင်းအောက်က မြက်ခင်းပြင်တွင် လူမြင်ကွင်းရယ်ဆိုသည့်အတွေး မတွေးကြတော့လေပြီလား။ ရှက်ရွံ့မှုသည် ဘယ်ဆီက မြစ်ဖျားခံသည်ရယ်မသိ။ အနောက်ဆီသို့သာ ပြန်လှည့်လိုက်ရင်း ထွက်ပေါက်ဆီသို့ သွားရန်ကြိုးစားလိုက်မိတော့သည်။
ရန်ကုန်သည် အချိန်ကြာလာလေလေ မြို့ပြယဉ်ကျေးမှုတို့ တိုးတက်လေလေလား။ မြို့ပြ၏ရနံ့သစ်ပေလားမသိ။ ရှုရှိုက်မိသော လေထုသည်ပင် ညှော်နေသည်။ မိသားစုနှင့်လာသော ကလေးငယ်များအတွင်းမှ ထိုသမီးရည်းစားများ၏ အပြုအမှုကို မြင်တွေ့ခဲ့မည်ဆိုပါလျှင်…။ ကလေးငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည်မို့ ထိုအပြုအမှုများကိုသာ ထပ်တလဲလဲ ကြုံဖန်များလာသော ကလေးငယ်များလက်တွင်းသို့နိုင်ငံသာ ကျရောက်ခဲ့မည် ဆိုပါက…။
မဆုံးသော အတွေးများဖြင့် ခြေလှမ်းများက လေးလံလွန်းလှသည်။ ထို့အတူ နိုင်ငံကြီးသားဆိုသည့် စကားလံုံးကို ပုံဖေါ်သွားသော နိုင်ငံခြားသားစုံတွဲနှစ်ယောက်ကို ငေးကြည့်နေမိသည်။ သူတို့ ပတ်လည်တွင် သူတို့ရှုပ်ထားသော အမှိုက်ကိုယ်စီအား အမှိုက်ပုံးထဲသွားပစ်ပေးသည့် နိုင်ငံခြားသားစုံတွဲ၏ ယဉ်ကျေးမှုကိုတော့ ယူဖို့ရာမကြိုးစား။ နိုင်ငံခြားရုပ်ရှင်ကားများမှ မြင်တွေ့ရသည့် နှုတ်ခမ်းစုပ်ခြင်းဓလေ့ကို သေသေချာချောလေ့လာပေါင်းကူးနေသည့် မြန်မာနိုင်ငံသား စုံတွဲများစွာကတော့ သူတို့အလုပ်နှင့်အာရုံကို ဆက်လက်အလုပ်ပေးလျှက်ရှိနေဆဲ။ ကျွန်တော့်ရင်မှာတော့ ဘယ်အရာကို ရှက်မှန်းမသိ ရှက်လို့နေခဲ့သည်။
မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရသည်..တဲ့။ ယခုတော့ မြန်မာတွေ အရှက်နှင့်သိက္ခာတရားကို နားမလည်၍ မြန်မာ့ယဉ်ကျေးမှု၏အလှတရားတို့ ပျောက်ပျက်တော့လေမည်လား…။ သို့မဟုတ် နောက်သုံးလေးနှစ်များကြာလျှင် ဗိုလ်ချုပ်ပြောသည့် နိုင်ငံများဖြစ်လာလေမလား ဟု တွေးမိရင်း ကျွန်တော့်စိတ်တို့ တိုး၍တိုး၍ မောဟိုက်လာသည်မို့ သက်ပြင်းရှိုက်လိုက်မိတော့ မြို့ပြ၏ရနံ့သစ်က နှာခေါင်းထဲသို့အလုံးအရင်းဖြင့်တိုးဝင်လာသည်။
စိတ်တစ်ခုလုံးညှော်သွားသည့်ခံစားချက်ဖြင့် ခြေလှမ်းတို့သည် ခါးခါးသက်သက်နိုင်လွန်းလှ၏။
---++++++++++++++--------
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment