Saturday, February 8, 2025

“သူ ကုန်းမြေတစ်ခုသာ ဖြစ်ပါသည်”

 

    သူက ကုန်းမြေတစ်ခုဖြစ်သည်။ သူ့ကို ပိုင်ဆိုင်သူမှာ သူကိုယ်တိုင်မဖြစ်ခဲ့သည်ကလွဲ၍ သူ ပျော်ရွှင်ခဲ့ပါသည်။

+--

          သူ အနည်းငယ်တော့ စိတ်ညစ်ပါသည်။ သူ့ကျောပြင်တွင် ရှင်သန်နေကြသော ထနောင်းတော နှင့် ကန္တာရတော တို့သည် တစ်ဖက်နှင့်တစ်ဖက် ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်မှာ သူ့အတွက် တဲ့။ တကယ်ဆိုသူ့ကို ပိုင်ဆိုင်သူဟု သူကိုယ်တိုင် သတ်မှတ်ထားခဲ့သည်ကိုက ထနောင်းတောသာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထနောင်းတောကသာလျှင် သူ့ကို အမည်နာမ ပေးခဲ့သည်မဟုတ်ပါလား။

            သူဟု ဖြစ်တည်လာပြီးကတည်းက သူ့ကျောပြင်ထက်တွင် ထနောင်းပင် နှင့် ကန္တာရပင် တို့အပြင် ကြက်ဆူပင်များလည်း ပေါက်ရောက်ရှင်သန်နေပါသေးသည်။ ထို့ပြင် တခြားစိန်ပန်းနီ၊ ပိတောက်၊ တမာ စသော အပင်များလည်း ရှင်သန်နေထိုင်နေပါသေးသည်။ ရှေးရှေးယခင်များကလည်း ထနောင်းတောနှင့် ကန္တာရတောက လွဲ၍ တခြားအပင်များသည် ခိုက်ရန်မဖြစ်ဖူးခဲ့။ သူတို့ လိုအပ်သည်က ရှင်သန်နေထိုင်ခွင့်တစ်ခုတည်းဟု သူ ခံစားမိသည်။ သို့သော် သူ့ကျောပြင်ကို တစ်စစီပိုင်းခြားနေချင်ခဲ့သူကတော့ ရှိနေခဲ့သည်။ ထိုအရာမှာ အစုအဖွဲ့အဖြစ် အင်နှင့်အားနှင့် တည်ရှိနေသော ထနောင်းပင်တောနှင့် ကန္တာရပင်အုပ်စုတို့ပင် ဖြစ်သည်။

       

    ရှိပါသည်။ တချို့သော နေရာများတွင် ထနောင်းတစ်ပင်တည်း၊ ကန္တာရတစ်ပင်တည်း စသဖြင့် နေရာစုံ အနှံ့အပြားမှာ တွေ့ရှိရသည်။ တချို့သော ထနောင်းပင်တို့က အတွင်းကြိတ် မကောင်းကြံတတ်၍ တချို့သော ကန္တာရပင်များသည်လည်း ထိုနည်း၎င်းပင်။ တချို့သော ထနောင်းပင်နှင့် တချို့သော ကန္တာရပင်တို့အတွက်ကမူ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်လေး အေးငြိမ်းြ့ပီဆိုလျှင် ကျေနပ်ပြီ ဆိုသည့် အတွေးသာ ရှိကြသည်။

            သူ့ကို အမည်နာမပေးထားသည့် သူ့ပိုင်ရှင်ဟု သတ်မှတ်ထားမိ၍လားမသိ။ ထနောင်းတောသည် ကြမ်းတမ်းခက်ထန်မှု ကို မုန်းတီးသည်ဟု သူခံစားရသည်။ ထနောင်းတောသည် တိုက်ခိုက်ယှဉ်ပြိုင်ရခြင်းကို မုန်းသလို လုယက်ရခြင်းကိုလည်း မုန်းကြောင်း သူသိ၏။ ထို့အတူ ထနောင်းတော၏ သတ္တိနှင့်ရဲရင့်မှုကိုလည်း သူ သတိထားမိ၏။ ထနောင်းတော၏ ကြီးပြင်းမှုသည် သူနှင့် ထပ်တူကျသော်ငြား ကန္တာရတော၏ ကြီးပြင်းမှုမှာမူကား အနည်းငယ်နောက်ကျသည်။ ယခင်က သူ့တွင် ကန္တာရပင်ဆို၍ တစ်ပင်နှစ်ပင်မျှသာ ရှိလေသည်။ ယခုတော့ တောအဖြစ်ဟီးထနေလေပြီ။ ကန္တာရပင်သည် နာမည်နှင့်လိုက်အောင် အရိုင်းဆန်လှ၏။ ထနောင်းတော၏ ကြီးပြင်းမှုသည် တဖြည်းဖြည်းနှင့် ရင့်ကျက်တည်ငြိမ်လာသလို ကန္တာရတော၏ ကြီးပြင်းမှုသည်လည်း တဖြည်းဖြည်းနှင့် ရင့်ကျက်တည်ငြိမ်လာကြသည်။ ထနောင်းတောက သူ့ပိုင်ဆိုင်မှုကို တတ်နိုင်သလောက် ရေလောင်းပေါင်းသင်ပြုသလို ကန္တာရတောကလည်း ထိုပိုင်ဆိုင်မှုကို သူပိုင်ဖြစ်အောင် ကြိုးပမ်းလာကြသည်။

            ထိုထိုသောအရာများမှ သူ မြင်နေရသည်ကတော့ မြေစာပင်ငယ်လေးများ။

            တောတို့ထိပ်ခေါင် ကို ကေသရာဇာခြင်္သေ့ ဟု ဆိုကြသည်။ ယခင့်ယခင်များကတော့ ဟုတ်နိုင်သည်။ ယခုတော့ ကေသရာဇာခြသေ့ၤက အသားမစား။ ထိုအခါ အသားမစားသည့်အတွက် တောကောင်ငယ်တို့ကပင် မလေးစား။ သောက်ခြသေ့ၤကြီး ဟု ခိုင်းနှိုင်းပြောဆိုကြသည်။ ထိုခြင်္သေ့မင်းသည်လည်း ထနောင်းတောနှင့် ကန္တာရတောနှစ်ဖက်၏ တင်းမာမှုကို သိပါလျှက် မည်သည့်အမိန့်မှ မချမှတ်မတားမြစ်နိုင်။ ရံဖန်ရံခါတော့ လွှတ်တော်ခေါ်ကာ စည်းဝေးဆုံးဖြတ်ကြသည်ကို တွေ့ရ၏။ သို့သော်လည်း ခြသေ့ၤမင်းအဆိုပြုသမျှတို့သည် ဝန်ကြီးများဖြစ်ကြသော မြေခွေး၊ ဝံပလွေ တို့၏ လက်တွင် အချည်းနှီးပျက်ပြယ်ရတော့၏။ တစ်ခါတစ်ခါတော့ ရယ်ချင်သည်။ ကိုယ့်ကျောပေါ်တည်ရှိနေတော့လည်း မမြင်ချင်လျက်သား မြင်နေရသည်။ မတွေ့ချင်လျက်သား တွေ့နေရသည်။

            တစ်နေ့ကပင် ကန္တာရပင်တစ်ပင်ထံတွင် အက်ဆစ်ကဲ့သို့ အဆိပ်ရည်များ တွေ့ရှိသည် ဆိုသည့် သတင်းကြောင့် ကန္တာရတောအပြင် ထနောင်းတောပါ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ ထိုနေ့က သူ့ကျောပေါ်တွင် အပင်များစုဝေးသည့် အသံတို့ကို မကြားချင်အဆုံးပင်။

            တစ်လောကတော့ အိမ်နီးနားချင်းများထံမှ အသံသဲ့သဲ့ ကြားရသည်။ “ရေတစ်ခွက်နှင့် အက်ဆစ်တစ်ကန် ပေးရမည်” တဲ့။ တချို့သော အသံတို့ကျတော့ အနည်းငယ် ထူးဆန်းသည်။ “သူ တို့ မအေးငြိမ်းရင် ကျွနုပ်တို့ ဝင်ရောက်ရလိမ့်မည်” တဲ့။ တစ်နေ့တခြားကျယ်လောင်လာသော အသံများကို သူ့ကျောပေါ်တွင်နေထိုင်သူတို့ ကြားကြစေချင်သည်။ သို့မဟုတ် ကြားသိပါလျက် ဖြေရခက်နေကြလေသည်လား။

            ထနောင်းတောနှင့် ကန္တာရတောတို့ တစ်တောနှင့်တစ်တော ငြူစူနေကြခြင်းသည် ခြင်္သေ့မင်း၏ အုပ်ထိန်းပုံ ညံ့ခြင်းကြောင့်ဟုသာ သူ အပြစ်တင်ချင်သည်။ ယခုတော့ နေရာအနှံ့အပြားတွင် ခြသေ့ၤမင်း၏ ဂုဏ်အသရေလည်း ညှိုးနွမ်းနေသလို ကျီးလန့်စာစား အသက်ရှင်နေကြရသည့် မြေစာပင်ငယ်များသည်လည်း မနည်းမနော။ အေးငြိမ်းစွာရှင်သန်လိုသော ကန္တာရပင်များ၊ ထနောင်းပင်များ အတွက်မူ ထနောင်းတောနှင့် ကန္တာရတော၏ ပဋိပက္ခကြောင့် ကျီးလန့်စာစား အသက်ရှင်နေရသကဲ့သို့ရှိသည်။

            ထိုအထဲကမှ သူ မြင်နေရသည်က ညောင်တော။ ယခင်ကတော့ တစ်ပင်နှစ်ပင်သာ နေထိုင်ကြသော်လည်း ယခုတော့ တောဖွဲ့လို့ရချေပြီ။ ညောင်တောကြီးသည်လည်း ထိုပဋိပက္ခကြားဝယ် အမြတ်ထုတ်လိုသည် သဏ္ဍာန်ဖြင့် ငြိမ်သက်နေချေပြီ။ ညောင်တော၏ လိမ္မာပါးနပ်မှုကိုမူ သူ ချီးကျူးမိသည်။ တစ်ပင်နှစ်ပင်ကျ အလေ့ကျပေါက်ရင်း ညောင်သီးပေးသလိုဖြင့် အမြစ်တွယ်ချေပြီဖြစ်ကြောင်း မည်သူမျှ သတိမမူမိကြ။ ညောင်ပင်၏ နွယ်များဖြင့် ပုခတ်လုပ်ဒါန်းစီးနေရသည်ကို ကျေနပ်နှစ်သိမ့်နေသည့် ဝန်ကြီးအနွယ်ဝင် မြေခွေး၊ ဝံပုလွေတို့ကလည်း မတားမြစ်ကြ။ တဖြည်းဖြည်းနှင့် ထနောင်းတောသည် ကန္တာရတောနှင့် အရွယ်အစားမတိမ်းမယိမ်းမျှသာကျန်တော့သလို အင်အားကြီးမားစွာ ကြီးရင့်လာသော ညောင်တောသို့လည်း မမီတော့။ မီဖို့ရာလည်း ခက်ခဲပါသည်။ ထနောင်းသည် ကန္တာရပင်နှင့်လည်း မျိုးစပ်ခံ၏။ ထနောင်းသည် ညောင်ပင်နှင့်လည်း မျိုးစပ်ခံ၏။ ထို့ကြောင့် တချို့သော အပင်များကို ထနောင်းလေလား၊ ကန္တာရလား၊ ညောင်ပင်လားဟု သူတွေးရခက်လှပါသည်။

            တိရိစ္ဆာန်များကဲ့သို့ အထီးအမခွဲခြားပြောရလျှင်ဖြင့် ထနောင်းထီးသည်ကော၊ ထနောင်းမသည်ကော ကန္တာရ၊ ညောင် စသောအပင်များဖြင့် မျိုးစပ်ခံလေသည်။ ကန္တာရထီးမှ လွဲ၍ ကန္တာရမများသည်ကား ကန္တာရဆိုသည့် မျိုးနွယ်ဂုဏ်ကို စောင့်ထိန်း၏။ ညောင်ပင်သည်လည်း ထိုနည်း၎င်းပင်။

ယခု သူဆိုသည့် ကုန်းမြေကို ထိန်းသိမ်းရန် တာဝန်သည် မည်သူ့ဆီမှာနည်းဟု သူ အပြေးအလွှားတွက်ချက်နေမိသည်။

            ယခု သူ အနည်းငယ်တော့ စိတ်ညစ်ပါသည်။ ကြားနေရသော အသံများအရ သူ့ကို ပိုင်ဆိုင်လိုသူမှာ ကန္တာရတော အပြင် တခြား သူများလည်းရှိနေပြီဟု သိရှိနားလည်မိသောကြောင့်ဖြစ်သည်.။ ကမ္ဘာဦးကတည်း က ချုပ်ဆိုထားသော စာချုပ်မဟုတ်သော်လည်း သမိုင်းအထောက်အထားများအရ သူ့ကို ပိုင်ဆိုင်သူမှာ ထနောင်းတောသာ ဖြစ်သည်ဟု သူခံယူထားသည်။         

ယခုတော့ သူ့အတွက်နှင့် သူ့ကျောပေါ်မှာ တိုက်ပွဲတို့ ဖြစ်ရန် တာစူလေပြီ။

            ခြင်္သေ့မင်းကြီး၏ အစည်းအဝေးမှ သူ့အတွက် အကြိမ်ကြိမ်ချမှတ်သော အမိန့်သည် မြေစာပင်ငယ်လေးများအတွက် မည်သို့မျှ အကျိုးသက်ရောက်ခြင်းမရှိဟု သူ ခံစားနေရသည်။ ထို့ထက်ပို၍ စိတ်ပျက်စရာကောင်းသည်က မဟာငြိမ်းချမ်းရေးဝါဒကို လက်ကိုင်ထားသူများ။ ထိုသူတို့မှာ ထနောင်းတောတွင်လည်းရှိသည်။ ကန္တာရတောတွင်လည်းရှိသည်။ သို့သော် သူတို့က ငြိမ်းချမ်းရေးတရားကို မြေစာပင်များကြားဟောနေသော်လည်း သူတို့၏ဆိုင်ရာဆိုင်ရာ ကန္တာရတော၊ညောင်တော တို့တွင်မူ ဟောနိုင်စွမ်းမရှိခြင်းပင်။ ထိုငြိမ်းချမ်းခြင်းကို လက်ကိုင်ထားရင်း အကာအကွယ်မဲ့ အက်ဆစ်အပက်ခံလိုက်ရသည့် မြေစာပင်များသည်လည်း ဒုနှင့်ဒေး။

            သူ ယခင်က ပျော်ပါသည်။ သူ့ကိုပိုင်ဆိုင်သူသည် သူကိုယ်တိုင်မဟုတ်သည်ကလွဲ၍ သူ ပျော်ရွှင်ခဲ့ပါသည်။

            ယခု သူ အနည်းငယ်စိတ်ညစ်နေပါသည်။ ဘယ်ဖက်ကြည့်တော့ ဆူး၊ ညာဖက်ကြည့်တော့ မီးတောင်၊ အရှေှုအနောက်မှ ဝိုင်းရံထားသည်က အက်ဆစ်များ၊ အပေါ်နှင့်အောက်မှာတော့ အသင့်စားရန်စောင့်နေသည့် မီးနဂါးများဖြင့် ကျဉ်းကျပ်ထဲရောက်နေသည်ဟု သူခံစားနေရသည်။


            အမြဲလိုလို အသားစားခဲ့သော သူ့ကိုပိုင်ဆိုင်သည့် ကေသရာဇာခြသေ့ၤကြီးသည် တိုက်ဆိုင်စွာပင် ယခုတလောမှသတ်သတ်လွတ်စားနေပြန်သည်။ သူ့ကို ကျဉ်းထဲကျပ်ထဲမှ ဆွဲထုတ်နိုင်မည့်အရာသည် မည်သည့်အရာဖြစ်နိုင်သလဲဟု စဉ်းစားခန်းဝင်နေမိသော်လည်း ယခုအချိန်ထိ ကောက်ရိုးတစ်မျှင်ပင် မဖမ်းဆုပ်နိုင်သည်မှာ ဝမ်းနည်းစရာကောင်းလှသည်.။

            ယခင်က သူ ပျော်ခဲ့ဖူးပါသည်။ ယခုလည်း သူ အနည်းငယ်စိတ်ညစ်နေသည်ကလွဲ၍ ပျော်ပါသည်။ တစ်ချိန်ချိန်တွင် အရာအားလုံးပျောက်ရှသွားမည်သာ ဖြစ်သည်။ ထိုတစ်နေ့မရောက်ခင်အထိ အရာအားလုံး လည်ပတ်ကာ ကြီးနိုင်ငယ်ညှင်း ဆိုသည့် စကားလုံးကို တွင်တွင်အသုံးချနေမည်မှန်း သူ နားလည်ထားပါသည်။


            ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...