မြို့လေးတစ်မြို့။ ထူးဆန်းသည်က ဟိုနေရာတစ်စ၊ ဒီနေရာတစ်စနှင့် မီးများလောင်နေခြင်းပင်။
သို့သော် မြို့ကလေးအတွင်းရှိ လူအများသည် ပျော်ရွှင်ဟန်နှင့် တီးမှုတ်ကခုန်လျှက်ရှိသည်။ ရုတ်တရက် ဘယ်ဆီက ကျလာမှန်းမသိသော မီးတောက်ကြီးတစ်ခုက မြို့ကလေးတွင်းသို့ကျလာပြန်ရာ လူတချို့သည် မြို့ကလေးကို ကျောခိုင်းလိုက်ရ၏။ ကျန်ရှိသူများကတော့ ဆက်လက်တီးမှုတ်ကခုန်နေဆဲ။
အိုဟောင်းဆွေးမြေ့နေသော အိမ်တစ်လုံးအတွင်းရှိ ပြက္ခဒိန်မှာတော့ ဇန်နဝါရီ ၄ရက် ဆိုသည့် စာသားလေးက သစ်လွင်နေလေသည်။
(၁)
လူတစ်ယောက်။ ဘိုးတံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး မျက်လုံးအစုံကို မှိတ်ထားသည်။ ထို့နောက်မှာတော့ ဆန်းကြယ်ခမ်းနားသော သံစဉ်များကို တယောအိုနှင့်အတူ သူ တစ်ပုဒ်ပြီးတစ်ပုဒ် တီးခတ်နေလေသည်။ ထိုလူ့အနီးအပါးမှာတော့ လူအများသည် ဝိုင်ခွက်များကိုယ်စီကိုင်ဆောင်ကာ တယောရှင်၏ တေးသံကို နားဆင်လျှက်ရှိသည်။ ခမ်းနားခြင်း၊ ဆန်းပြားခြင်းများကြီးစိုးနေသည့် ထိုဖျော်ဖြေပွဲတွင် ထူးဆန်းသည်ကတော့ ကြီးကြပ်သူသည် ပရိသတ်ဖြစ်၍ ပရိသတ်သည်ပင် ကြီးကြပ်သူ ဖြစ်နေလေသည်။ တယောရှင်ကတော့ သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေလေ၏။ ဖျော်ဖြေရန်…ဆိုသည့်တာဝန်။
(၂)
တဝုန်းဝုန်းတိုက်ခတ်နေသော ရေလှိုင်းများသည် မြို့ကလေးကို ဝါးမြိုတော့မည့် သဏ္ဍာန်ဖြင့် ခြိမ်းခြောက်လျှက်ရှိသည်။ မြို့လေး၏အလယ်ခေါင်တည့်တည့်မှာတော့ မည်သို့မျှ ရေမရောက်နိုင်သော ခိုင်ခန့်စွာတည်ဆောက်ထားသည့် မျှော်စင်တစ်ခုရှိ၏။ ထိုမျှော်စင် အထက်မှာတော့ တယောထိုးနေသည့် လူအိုတစ်ဦးနှင့် အပေါင်းအပါများ။
မြို့သူမြို့သားများသည် မကြာမီစုန်းစုန်းနစ်မြုပ်တော့မည် ဖြစ်သည့် အိမ်များ၏ခေါင်မိုးထက်တွင် တစ်စုံတစ်ခုကို စောင့်မျှော်နေဟန်နှင့် မတ်မတ်ရပ်လျှက်ရှိသည်။ ကလေးအစ လူကြီးပါမကျန်ပင်။ တချို့သော သူများကား ရေထဲမျောပါလျှက်ရှိသည့် ခွေး၊ ကျွဲ၊ နွား အစရှိသည့် တိရိစ္ဆာန်လေးများကို ဆယ်ဖို့ရာ ကြိုးစားနေကြသည်။
(၃)
တယောရှင်က ဆက်လက်ဖျော်ဖြေဆဲ။ ပရိသတ်ထဲမှ လူအနည်းစုသည် မျှော်စင်မှနေ၍ မြို့ကလေးသို့ စောင်းငဲ့ကြည့့်လိုက်ကာ မျက်နှာတင်းသွားကြ၏။
“သူတို့ဦးနှောက်တွေ မအားလပ်ဖို့ အရေးကြီးတယ် တွေးဖို့ အချိန်ပေးလိုက်တာနဲ့ ဒါ အန္တရာယ်ကို မီးညှိလိုက်တာပဲ… ဒါ့ကြောင့် ထပ်ဖြည့်ဖို့ လိုတယ်။…အားလုံး လက်ခံတယ်မဟုတ်လား”
“အရင်တုန်းကလဲ တစ်ခုပြီးတစ်ခု ပေးခဲ့တာပဲလေ…. ဒါတောင် ခုချိန်ထိ ကြံ့ကြံ့ခံတုန်းဆိုတော့ အရင်ထက်ပိုဆိုးတတာကို လက်ဆင့်ကမ်းရမယ်”
တစ်စုံတစ်ယောက်ဆီမှ ထွက်လာသည့် စကားသံကို အားလုံးက ဝိုင်းထောက်ခံဟန်နှင့် ခေါင်းညိတ်ပြလိုက်စဉ်မှာပင် မြို့ကလေးသည် တိတ်ဆိတ်သွားသလိုထင်ရ၏။ ရေထဲတွင်ကယ်ဆယ်နေသူများလည်း မလှုပ်မယှက်၊ လက်တစ်ဖက်ကို နဖူးထက်တင်လျှက် အလေးပြုနေဟန်။
မျှော်စင်ထက်ရှိလူအားလုံး နာရီကို လှမ်းကြည့်မိလိုက်ကြတော့ ရက်စွဲနှင့်တကွ အချိန်ကိုပါ ဖေါ်ပြထားသည့် နာရီဒိုင်ခွက်တွင် မြင်လိုက်ရသည်က
“Sunday-July 19-2015 10:37 AM”
တယောသံသည် ပို၍ပို၍ သွက်လာသလိုရှိ၏။ တယောရှင်မှလွဲ၍ မျှော်စင်ထက်ရှိ လူအားလုံးသည် နဖူးကိုယ်စီတွင် သီးနေသည့် ချွေးများကို လက်ဖဝါးများဖြင့် ခပ်ကြမ်းကြမ်းသုတ်ချလိုက်ကြလေသည်။
(၄)
တယောရှင်သည် တယောတီးမှုကို ရပ်ကာ မြို့ကလေးဆီသို့ စောင်းငဲ့ကြည့်လိုက်သည်။ သူ့ပရိတ်သတ်များကား အခန်းတစ်ခုအတွင်းဝင်ကာ စည်းဝေးလေပြီမို့ မျှော်စင်လေးသည် တိတ်ဆိတ်သွားပြီဖြစ်၏။
မြို့ကလေး၏ ခြောက်ချားဖို့ကောင်းသော အန္တရာယ်များကို ကြည့်ရင်း တယောရှင်သည် သက်ပြင်းတစ်ချက်ချလိုက်မိ၏။ မြို့သူမြို့သားများ ကြံ့ခိုင်ပါစေ ဆိုသည့် ဆုတောင်းပေးခြင်းကလွဲ၍ သူ ဘာမျှ မတတ်နိုင်။ သူက ဖျော်ဖြေရေးသမားသက်သက်သာဖြစ်သည်မဟုတ်လား။
နံရံကပ်နာရီကို သူကြည့်လိုက်တော့ ၁၀ နာရီနှင့် ၄၀ မိနစ်ရှိလေပြီ။ ၃မိနစ်သည် မနောက်ကျသေးပါဟု တွေးရင်း မျက်လုံးအစုံကိုမှိတ်၍ လက်တစ်ဖက်ကို နဖူးထက်တင်လိုက်သည်။
ထို့နောက်တော့ အရာအားလုံးဆီမှ တစ်မိနစ်ခန့် ထွက်ပြေးကာ တိတ်ဆိတ်ငြိမ်သက်နေမိလိုက်တော့လေသတည်း။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment