ဟော့ဒီကြိုးပေါ်မှာမှ လမ်းမလျှောက်ဖူးရင် ခေတ်နောက်ပြန်ဆွဲတတ်တဲ့ လူသား ဆိုပြီးတော့တောင် ဆိုရိုးတွေဖြစ်ကုန်ပြီ။ ခက်တာကကြိုးကလည်း မငြိမ်မသက်။ လမ်းလျှောက်နေကြသူတွေလည်း ကြိုးနဲ့အတူ လှုပ်လှုပ်ခတ်ခတ်။ ခံစားချက်လှိုင်းတံပိုးတွေကလည်း အလူးလူး အလွန့်လွန့်။ တကယ်တော့ ဟော့ဒီကြိုးတွေမှာ လမ်းလျှောက်နေကြသူတွေအတွက်တော့ ဟော့ဒီကြိုးတွေဟာ ကမ္ဘာသစ်ကို ဆောင်ကျဉ်းလာသလိုပါပဲ။ ဟုတ်တယ်။ ကျုပ်အတွက်ကတော့ ကမ္ဘာသစ်တစ်ခုပါပဲလေ။
ကဲကမ္ဘာသစ်ထဲကို ဝင်လိုက်ပြီ။ ကမ္ဘာစစ်က အဆောင်အယောင်တွေ ခွါချခဲ့။ ဒီနေရာမှာ ကျုပ်ဟာ ဘာကိုမှ မသိတဲ့ အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်။
…
ဘာ…။ ခင်ဗျား ခုဘာလုပ်နေလဲ ဟုတ်လား။ မေးမှမေးတတ်ပလေဗျာ။ ခင်ဗျားလိုပဲ လမ်းလျှောက်နေတာလေ။ လှုပ်ခတ်လှုပ်ခတ် မငြိမ်မသက်ကြိုးပေါ်မှာ ခင်ဗျားလိုပဲ လမ်းလျှောက်နေတာ။ ဘာဗျ ။ ခင်ဗျားတို့ ကြိုးက ငြိမ်သက်တယ် တဲ့လား။ အေးလေ။ ငြိမ်မှာပေါ့။ ခင်ဗျားတို့က မြန်မာနိုင်ငံကမှ မဟုတ်ပဲကိုး။ ဒါမျိုးက မြန်မာနိုင်ငံကကြိုးပေါ်မှာ လမ်းလျှောက်ဖူးမှ ကိုယ်ချင်းစာတတ်တာ။
ဟိုတလောက သတင်းသိပြီးပြီလား။ ကုမုဒြာ ဖတ်ပြီးသားလို့ လာမပြောနဲ့။ ဒီကြိုးပေါ်က သတင်းက အပြင်လောက ကကမ္ဘာထက် တစ်ပတ်ပိုစောတယ်။ သဘောပေါက်။ ကမ္ဘာလို့ သုံးတော့ ခင်ဗျားရယ်တယ်ပေါ့။ မရယ်နဲ့ဗျ။ ဒါ ကမ္ဘာအတုပဲလေ။ ဘဝအတုတွေ ဒီထဲမှာ ဘယ်လောက်တောင် ရှိသလဲ ခင်ဗျားအသိဆုံးနေမှာပါ။ ခင်ဗျားတောင် ဘဝအတုတွေ ဘယ်နှစ်ခုဖန်တီးထားသလဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါဦး။
ဒီကမ္ဘာက အတုအယောင်ပေမယ့် သုံးတတ်ရင်ဆေးဖြစ်ပါတယ်။ အဲ့လိုပဲ မသုံးတတ်ရင်လည် ဘေးဖြစ်တတ်တယ်။ ခင်ဗျားအသိဆုံးလေ။ ဟိုတလောက ခင်ဗျားတောင် ဘေးဖြစ်သွားတယ်မလား။ ဘာ ခုမှ ကြောက်ပါပြီလဲ။ ဟိုက ကောင်မလေး နာမည်ကို သဘောကျလွန်းလို့ သွားခင်တာလေ။ ခုကျ ယောင်္ကျားလေးဖြစ်နေတော့ ခံစားလို့မရတော့ဘူးလား။ လူတွေ အဲ့ဒါပဲဗျ။ ကောင်မလေးက ကောင်လေးကိုမှ ခင်ချင်တယ်။ ကောင်လေးက ကောင်မလေးကိုမှ ခင်ချင်တယ်။ သဘာဝတူရင် ခင်ရတာ စိတ်မလာဘူး ဆိုတဲ့သူချည်းပဲ။
အောင်မယ် ကျုပ်ကိုများ ခင်ဗျားတို့ စာရင်းထဲမထည့်စမ်းပါနဲ့။ ကျုပ်မှာက ယောင်္ကျားလေးမိတ်ဆွေရော၊ မိန်းကလေးမိတ်ဆွေကော အများသားပါဗျ။ ခုပဲကြည့်လေ။ ခင်ဗျားနဲ့ ကျုပ်နဲ့ ခင်နေတယ်မလား။ ဘာဗျ။ ဟိုကောင်မလေးဟန်ဆောင် တဲ့သူက ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်တာ ဟုတ်လား။ သူ့ဘာသာ နာမည်လှလှလေးပေးပြီးပုံလှလှလေးတင်တာလေ။ ခင်ဗျားကိုယ်က အယုံလွယ်လွန်းတာပါဗျာ။ ခင်ဗျားကိုယ်က စိတ်ကစားလွန်းတာပါ။
ထားပါလေ။ ဒီလိုအလိမ်အညာတွေအကြောင်း မပြောချင်တော့ပါဘူး။ ဟော့ဒီ့ကြိုးပေါ်က သံယောဇဉ်တွေအကြောင်း ငြင်းခုန်ကြည့်မလား။ အဖြူရောင် သံယောဇဉ်တွေ ပန်းနုရောင်ပြောင်းသွားတဲ့အကြောင်း။ အရောင်မဲ့ ကြိုးတွေဟာ အဖြူရောင်ကို တဖြည်းဖြည်းနဲ့ ပြောင်းသွားတဲ့အကြောင်း။ အဖြူရောင်သံယောဇဉ်တွေ အမည်းရောင်ဖြစ်သွားတဲ့အကြောင်း။ ဘာဗျ။ မငြင်းချင်ဘူးဟုတ်လား။ ဘာ့လို့တုန်းဗျ။
အင်းလေ။ ခင်ဗျားပြောသလိုပါပဲ။ ဖြစ်ပျက်နေကျ ဘဝတွေပါပဲ။ ဒါနဲ့ ခင်ဗျားအလိမ်ခံရတာလည်း ဖြစ်ပျက်နေကျ ဘဝပဲလေ။ ခံစားမနေနဲ့တော့။ မေ့လိုက်တော့။ ဘာဗျ။ ခင်ဗျားက ရိုးသားလွန်းခဲ့လို့ ပိုခံစားနေရတာ ဟုတ်လား။ အေးလေ။ ပြိုင်မငြင်းတော့ပါဘူး။ လူဆိုတာမျိုးက ကိုယ့်ပေါင်ပေါ် မီးကျမှ ပူတတ်တာမျိုးပဲလေ။ မပူပါဘူးလို့ ကျုပ် မငြင်းဝံ့ပေါင်ဗျာ။
သုံးတတ်ရင်ဆေးဖြစ်တဲ့အကြောင်းလေး ဖေါက်သည်ချဦးမယ်။ ဘယ်လိုသုံးတတ်ရင်ဆေးဖြစ်သလဲ။ ဟုတ်လား။ မလောပါနဲ့လေ။ ပြောပြမှာပေါ့။ သိချင်တဲ့ သတင်းတွေကို သိရတယ်ဗျာ။ ပညာရှာချင်တဲ့ သူတွေအတွက်လည်း ဗဟုသုတ ဘဏ်တိုက်ပါပဲ။ ဟော လူမသိသူမသိ၊ မိန်းမမသိအောင် ကောင်မလေးလှလှလေးပုံတွေကြည့်ချင်သလား ရတယ်ဗျာ။
အဲ့လိုဆေးဖြစ်တတ်တာတွေထဲကမှ ကျုပ်အကြိုက်ဆုံးလေးတစ်ခု ခင်ဗျားကို ပြောပြမယ်။ နားထောင်မလား။ သံယောဇဉ်။ ဟုတ်တယ် သံယောဇဉ်ကို ယူတာ။ အတုအယောင်မှန်းတော့ သိတယ် ဒါပေမယ့်လည်း သံယောဇဉ်ငတ်တဲ့သူအတွက်တော့ ဖြေသိမ့်မှုပေးတာပေါ့လေ။ ရိုးရိုးသားသားယူတဲ့ သူတွေရှိတယ်။ လိမ်ညာပြီးမှ ယူတဲ့သူတွေရှိတယ်။ ဘယ်လိုပဲယူယူပေါ့လေ။ အဲ့လို ယူတဲ့ သူတွေက တကယ်တော့ သံယောဇဉ်ငတ်နေကြလို့ ယူရတာဗျ။ အဖြစ်မှန်တွေ ပေါ်တဲ့အခါကျတော့လည်း သူတို့ခမျာ သနားစရာပါဗျာ။ မျက်ရည်စက်လက်နဲ့ ဘယ်သူ့ကိုမှ မပြောနိုင်ပဲ ကြေကွဲနေရရှာတာ။
ခင်ဗျား မယုံဘူးပေါ့။ နားမလည်ဘူးဟုတ်လား။ ပြောပြမယ်။ ကျုပ်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ။ အရမ်း အားငယ်တတ်တာ။ အွန်လိုင်းသူငယ်ချင်းပါပဲလေ။ သူနဲ့ စကားပြောလိုက်ရင်လေ သူ့ဘဝအကြောင်းလေးတွေ တစ်စိတ်တစ်ဒေသ အမြဲပါတယ်။ သူ့အခက်အခဲတွေ အမြဲပြောပြတယ်။ ယောင်္ကျားလေးတော့ မဟုတ်ဘူး။ မိန်းကလေးပါပဲ။ သူ့အလုပ်က ပင်ပန်းခက်ခဲမှုလေးတွေပေါ့ဗျာ။ ကျုပ်က နားလည်ပေးတယ်။ နှစ်သိမ့်ပေးတယ်ပေါ့။ သူက မှန်မှန်ကန်ကန်တောင်းတာပါဗျ။ သံယောဇဉ်ကို မှန်မှန်ကန်ကန်တောင်းတာပါ။ အားပေးနှစ်သိမ့်မှုကို ရိုးရိုးသားသားတောင်းတာဗျ။ အဲ့ဒါမျိုးကျ ပေးပျော်တယ်။ ပေးမပျော်တဲ့သူမျိုးကတော့ လိမ်ညာလှည့်စားတောင်းတတ်တာမျိုးပေါ့ဗျာ။ ဟုတ်တယ်ဆို။ ခင်ဗျားကလည်း မယုံသင်္ကာနဲ့။ လိမ်ညာလှည့်စားတောင်းတဲ့သူတွေရှိတယ်။
အဲ့လို သံယောဇဉ်ငတ်သူတွေကြားထဲမှာ ဆိုရိုးစကားတစ်ခုရှိသဗျ။ ဟော့ဒီ့ကမ္ဘာတုမှာ မာသာထရီဇာ အရမ်းပေါတယ်ဆိုပဲ။ အဲ့ဒီ့မာသာထရီဇာတွေရဲ့နာမည်ဟာ သူတို့ဆီမှာ စာရင်းအလိုက်ရှိကြတယ်။ နောက်တစ်ယောက်အကြောင်း ပြောပြဦးမယ်။ ဒါကတော့ အပြင်လောက က အဖိုးကြီးတစ်ယောက်အကြောင်းပါပဲလေ။ သိပ်မထူးဆန်းပါဘူး။ သူ့သားသမီးတွေက သူ့ကို လေးလေးစားစားမဆက်ဆံဘူးဗျ။ ကစားပွဲတွေမှာ သတ်မှတ်တဲ့ ထမင်းသိုးဟင်းသိုးဆိုတဲ့စကားအတိုင်း ကလေးတစ်ယောက်လိုပဲ သဘောထားတယ်။ အချိန်မှန် ထမင်းစားရတယ်။ အချိန်မှန် အိပ်၇တယ်။ ဘာအလုပ်မှ လုပ်စရာမလိုဘူး။ ဒါပေမယ့် သူပြောသမျှစကားတိုင်းဟာသူ့မိသားစုအတွက် အရေးမပါသလိုဖြစ်နေတယ်။ သူ့မိသားစုက အလုပ်တွေရှုပ်နေတာလည်း ပါမှာပေါ့လေ။အဲ့ဒီ့တော့ အဖိုးကြီးက ဟော့ဒီကမ္ဘာထဲကို မျက်စောင်းထိုးမိသွားရောပေါ့။ မြေးတွေ အွန်လိုင်း သုံးတာကို ကြည့်ရင်းသူလည်း သုံးမယ်ဆိုပြီးရောက်လာတာပေါ့လေ။ ဒီကမ္ဘာမှာကျ သူက အရာရာကို သိတဲ့သူတစ်ယောက်အနေနဲ့ အကြံပေးတသတဲ့။ သူ့စကားကို နားထောင် လိုက်နာတဲ့သူတွေ အများကြီးဆိုပဲ။ သိဘူးလေ။ သူပြောတာပဲ။ ကျုပ်ကတော့ ယုံတယ်။ နောက်ပြီးတော့ သူက ကလေးအယောင်လည်း ဆောင်တတ်သေးတယ်။ သူ့မိသားစုက သူ့ကို ဘေးထုတ်ထားသလိုဖြစ်နေတော့ ကလေးတစ်ယောက်အနေနဲ့ အွန်လိုင်းကနေရသမျှ ခံစားချက်အရသာကို အစုံယူနေတော့တာပဲလေ။
ဟာ ဘယ့်နှယ်ပြောလိုက်ပါလိမ့်။ ရှိတာပေါ့။ ရှိတာပေါ့ဗျာ။ ဟော့ဒီ့ကမ္ဘာကို မကောင်းမှုအတွက် အသုံးချနေတဲ့သူတွေ တပုံကြီး။ အများကြီးပဲလေ။ အဓိက ကတော့ အယုံလွယ်တဲ့သူတွေအတွက် အကြောက်ရဆုံးပဲ။ မိန်းကလေးပဲ ကြောက်ရတာမဟုတ်ဘူးဗျ။ ယောင်္ကျားလေးတွေပါ ကြောက်ရတာပေါ့ဗျာ။ ဘယ့်နှယ်ပြောလိုက်ပါလိမ့်။ ဒီလောက်မှုခင်းတွေအများကြီးမှာ ယောင်္ကျားလေးအကြောင်းပါတာ မတွေ့ဖူးဘူး ဟုတ်လား။ ဘယ်တွေ့ဖူးမလဲဗျ။ ယောင်္ကျားတွေက သူတို့ အလိမ်ခံရတာကို ဖွင့်ပြောရမှာ ရှက်ကြကြောက်ကြတယ်လေ။ မိန်းကလေးတွေက တွေ့ဆုံပါရစေ ချိန်းကြပြီးတော့ ဆေးအခတ်ခံရပြီး ဆွဲကြိုးဖြုတ်ခံလိုက်ရသူနဲ့။ လက်ပတ်နာရီအချွတ်ခံရသူနဲ့တပုံတပင်ပဲလေ။ မိန်းကလေးတွေကျ အလိမ်ခံရရင် ပိုကြောက်စရာကောင်းတာပေါ့။ သူတို့ကျ ခန္ဓာပါ ပါတတ်တယ်။ ပြောချင်တော့ပါဘူးဗျာ။ အမည်းရောင်ကဏ္ဍတွေအကြောင်း။ ဟော့ဒီကမ္ဘာငယ်ကလေ အဲ့လိုလူမျိုးတွေကြောင့် နာမည်ပျက်နေတာ။ နာမည်အဖျက်ခံနေရတာ။
ကျုပ်အကြောင်း ဟုတ်လား။ ပြောခဲ့သလိုပဲလေ။ ကျုပ်ကအညာသား။ အသက်က ၂၀ ပဲရှိသေးတယ်။ ဘာဗျ။ ခေတ်အလိုက် ကျွန်တော်လို့ ဘာ့ကြောင့်မသုံးသလဲဟုတ်လား။ ကိုယ့်စိတ်အာသီသ ရှိသလိုသုံးမှာပေါ့ဗျ။ ကျုပ်ဆိုတဲ့အသုံးအနှုန်းကို ပိုသဘောကျလို့ပေါ့ဗျ။ တကယ်ပါပဲ။ ခင်ဗျားကလည်း ဒုံးဝေးရန်ကော။
ခေတ်အလိုက်ဆိုရအောင် ကျွန်တော်က ဘာ့ကြောင့်ခေတ်အလိုက် သုံးသင့်တယ်ထင်တာတုန်း။ ကျွန်တော်ဆိုတဲ့ နာမ်စားက တော်တော်လေးကို ယဉ်ကျေးမှုရှိနေသလားဗျ။ ကျွန်တော်ဆိုတဲ့ နာမ်စားကို ထည်လဲသုံးပြီး ယုတ်မာရိုင်းစိုင်းနေသူတွေ တပုံကြီးပါဗျာ။ ထားပါတော့လေ။ မငြင်းချင်ဘူး။ ဟော့ဒီ့ကမ္ဘာထဲက စာရေးဆရာ တစ်ယောက်က ပြောဖူးတယ်။ အမြင်မတူရင် မငြင်းနဲ့တဲ့ဗျ။ ရန်ဖြစ်တာပဲ အဖတ်တင်မယ်တဲ့။ အကျိုးမဲ့တာပဲ ဖြစ်စေမယ် တဲ့။ ဒီတော့ ကျုပ်ပြိုင်မငြင်းပါဘူးဗျာ။ ရောက်ချင်တဲ့ နေရာရောက်ပစေ။ ကိုယ့်စက်ဘီးကိုယ်နင်းကြတာပေါ့ဗျာ။
ကမ္ဘာသစ်မှာလမ်းလျှောက်နေရင်း အချိန်ကို သတိတရကြည့်လိုက်တော့ ဆေးသောက်ရမယ့်အချိန်ရောက်ဖို့ နာရီဝက်ပဲလိုတော့တယ်။ ဒီနာရီဝက်အတွင်း သူနဲ့ စကားဆက်ဦးမှပဲဆိုပြီး ကမ္ဘာသစ်ကို ပြန်အာရုံစိုက်တယ်။ ဟာ..ဘယ်လိုဖြစ်တာလဲ။ ကျုပ်ဖြေတာတွေ မရောက်ပြန်ဘူး။ အဲ့ဒါပြောတာပေါ့။ ကျုပ်တို့ကမ္ဘာက ကြိုးတွေက တုန်ခါမှုနှုန်းများပါတယ်ဆို။ စိတ်ညစ်လိုက်တာ။ ကျုပ်အကြောင်းက စပြောတာပေါ့လေ။ ကအရင်ကတည်းက ကျုပ်ပြောဖူးပါတယ်။ အသက်နှစ်ဆယ်အရွယ် အညာသားတစ်ဦးပါလို့။
ဘာ… မရောက်ပြန်ဘူး ဟုတ်လား။ နေကွာ။ မဖြေချင်ဘူးပဲ မှတ်လိုက်တော့။
အချိန်က တဖြည်းဖြည်းကပ်လာတာနဲ့အမျှ ကျုပ်လည်း ကမ္ဘာသစ်က ထွက်လိုက်တော့တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကျုပ်သမီး ရောက်လာပြီ။ အဖေ့ ဆေးသောက်ရအောင်လေ လို့ ပြောတဲ့ စကားကို ခေါင်းငြိတ်ပြရင်း ကမ္ဘာသစ်လေးကို သံယောဇဉ်မကုန်သေးပဲ ကြည့်မိလိုက်သေး။ အပြင်လောကမှာ ကျုပ်ကို တကူးတက စကားလာပြောတဲ့သူ မရှိဘူးဗျာ။ မိန်းမကလည်းစောစောဆုံးတယ်။ ရှိတဲ့ သမီးလေးနှစ်ယောက်မှာ သမီးငယ်က အလုပ် လုပ်နေရတော့ တနေကုန်အပြင်ထွက်ရတယ်။ ညကျမှပြန်လာပြီးတော့ ကျုပ်ကိုတောင် စကားမပြောနိုင်ပါဘူး။ထမင်းစားပြီး အိပ်သွားတတ်တယ်။ သမီးကြီးကျတော့လည်း တစ်အိမ်တည်းနေပေမယ့်သူ့မိသားစုနဲ့သူ အလုပ်တွေရှုပ်နေတတ်တာ။ အိမ်မှုကိစ္စတွေလည်းပါတာပေါ့လေ။ ဒီတော့ ကျုပ်ကို အချိန်မှန် ထမင်းကျွေးဆေးတိုက်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ စကားမပြောနိုင်ရှာဘူး။ နားလည်ပါတယ်လေ။ ဒီစကားတွေခင်ဗျားကို ရင်ဖွင့်ချင်ပေမယ့်လို့ မပြောတော့ပါဘူး။ တကယ်တော့ ကျုပ်ကိုယ်တိုင်ကိုက ကမ္ဘာသစ်ကနေ သံယောဇဉ်တွေ လှည့်စားယူခဲ့သူတစ်ဦးဆိုတာ ဝန်မခံချင်ပါဘူး။ ခင်ဗျားအတွက် အဖြေတွေပြောပြနေတဲ့ ကျုပ်ဟာ တကယ်တော့ ဘယ်သူ့အတွက်မှ အရေးမပါတော့တဲ့ လူအိုကြီး….တစ်ဦးဆိုတာ။
ရည်ဝေ
.jpg)
No comments:
Post a Comment