Wednesday, January 1, 2025

အချစ်က ဂလိုဘယ်ဖြစ်ပေမယ့်...


(၁)

“အိုး သူလည်း စနေပဲတဲ့လား”

မပီမသ တီးတိုးရေရွတ်မိရင်း နွေး အံ့သြစွာ ပြုံးမိလိုက်သည်။ ကြည့်ပါဦး ဘယ်လောက်တောင် ဆန်းကြယ်လိုက်တဲ့ ကံတရားလဲ။ သူနှင့် နွေး၏မွေးနေ့၊မွေးရက်ဟာ နှစ်မတူပါပဲ တစ်ထပ်တည်း ကျနေသည် တဲ့လေ။ ကွန်ပျူတာမှာ ချရိုက်လိုက်မိသည့် ရက်စွဲလေးနှစ်ခုကို ကြည့့်ရင်း နွေးရင်ထဲံ တစ်စုံတစ်ခုသည် အသံမပေးဘဲ အနီးသို့ရောက်လာဟန်ရှိ၏။ နှစ်သက်သဘောကျစွာပြုံးမိရင်း ကွန်ပျူတာဖန်သားပြင်မှ မွေးနေ့လေးနှစ်ခုကို ဒိုင်ယာရီစာအုပ်ပေါ်သို့ ကူးချလိုက်မိတော့သည်။

Saturday, 28, 1986

Saturday. 28, 1980


တကယ်ဆို ယောကျာ်းတစ်ယောက်၏ မွေးနေ့ကို တကူးတကလိုက်စိတ်ဝင်စားစရာအကြောင်းမရှိခဲ့ပါ။ ပို၍ဆိုးသည်က ထိုသူနှင့် နွေးမှာ ဝါကျနှစ်ခွန်းပြည့်အောင် စကားမပြောဖူးခဲ့ခြင်းပင်ဖြစ်သည်။ သို့သော် သူ့ဖေ့စ်ဘုက်ခ်စာမျက်နှာမှ မွေးနေ့လေးက နွေးကို ဖမ်းစားသွားသည်မို့ ယခုလို စစ်ထုတ်ရှာကြည့်မိခြင်းသာဖြစ်သည်။

“မင်း ယုံကြည်သင့်တယ်…xxxxxx ငါ့ရဲ့အချစ်က ပေးဆပ်ခြင်း သက်သက်…xxxx ဘာမှ မလိုချင်ဘူး တကယ်… တစ်ဖတ်သက်ချစ်ခွင့်လေးနဲ့ ကျေနပ်ပါ့မယ်..xx”

ဖုန်းမှ ပေါ်လာသည့် နွေးအကြိုက်ဆုံးအဆိုတော် ဂျီလတ်၏ အသံကြောင့် ဖုန်းခေါ်ဆိုသူကိုကြည့်လိုက်တော့ သူ။ ဂျွန် ဆိုသည့် သူ။

“တွေ့လားခင်ဗျ ကျွန်တော့်စာမျက်နှာပေါ်မှာတင်ထားတဲ့ပုံ ဟုတ်ကဲ့ အဲဒီပုံလေးပါ လိုလိုမယ်မယ် ပရင့်ထုတ်ခဲ့စေချင်ပါတယ် အဖြူအမည်းနဲ့မဟုတ်ဘူးနော် ကာလာနဲ့”

“ဟုတ်ကဲ့ တွေ့ပါတယ် ရှင့်”

သူ့အသံက ကြည်အေးချိုမြနေကြောင်းကိုတော့ ယခုမှ သတိထားမိတော့သည်။ တွေ့ဖြစ်တိုင်းလည်း အမြဲလိုပင် အန်တီအေးနှင့်သာ သူက စကားပြောသည်မို့ နွေးနှင့် ပြောစရာအကြောင်းမရှိခဲ့။ နွေးကိုယ်တိုင်ကလည်း သူတို့၏ အိမ်ခြံမြေကိစ္စတွေကို စိတ်မဝင်စားတာ ပါပါသည်။ ယနေ့မှ အန်တီအေးက ဖုန်းဆက်ပြီး သူတို့ဆီသို့ ပုံလေးတစ်ပုံလာပို့ပေးပါဟု ပြောလာသည်မို့ ထိုပုံရှိရာ သူ့ဖေ့စ်ဘုက်ခ်စာမျက်နှာကို ဖွင့်ကြည့်မိခြင်းဖြစ်တော့သည်လေ။ လက်ရှိအန်တီအေးတို့ရောက်နေသည့်နေရာက အင်တာနက်လုံးဝမတက်သည့်အပြင် သူ့ဖုန်းမှ ပုံကလည်း သိမ်းဖို့မေ့စွာ ဖျက်သည့်ထဲပါသွားသည်တဲ့။

တစ်ဖက်မှ တိတ်ဆိတ်သွားသောကြောင့် နွေး က

“အန်တီအေး ဆီ  တစ်ချက်လောက်ဖုန်းလွှဲပေးနိုင်မလားရှင့်”

“သြော် ဟုတ်ကဲ့ ရပါတယ်ခင်ဗျ ”

“ပြော မိနွေး”

“တီအေး ဒီနေ့ ဒီပုံလာပို့ရင် မီးငယ်ကို မုန့်ဖိုး ဘယ်နှစ်ပုလင်းပေးမှာလဲ ပြောပြော”

ပွဲစား၏ တူမပေမို့ သူတို့၏ ငွေကြေးသုံးစွဲမှုကို အထာနပ်စွာ စလိုက်တော့

“အမယ်လေးဟယ် ကျုပ်သေရင် ကျုပ်အမွေတွေရမှာ ညည်းတစ်ယောက်တည်းရှိတယ် ဘာမဟုတ်ညာမဟုတ်မုန့်ဖိုးလေးကို မက်မနေနဲ့ မြန်မြန်လာခဲ့ သြော် နောက်ပြီးတော့ မြန်မာဆန်ဆန်လေးဝတ်ခဲ့ကြားလား ဝတ်နေကျ ပေါက်ကရတွေဝတ်မလာနဲ့ ဒီမှာ နိုင်ငံခြားသားတွေပါရှိတယ် ကိုယ့်မြန်မာဝတ်စုံ ဘယ်လောက်ထိကျက်သရေရှိကြောင်းငါ့တူမလေးကနည်းပေးလမ်းပြဝတ်ပြလိုက် ဟုတ်ပလား”

“ဟုတ် နွေးကိုမြင်တာနဲ့ တန်းကြွေသွားစေရမယ် လိုက်တောင်းရင်တော့ တီအေးပဲ တာဝန်ယူလိုက် နွေးက လူမျိုးခြား လက်မထပ်ဘူးလို့ သစ္စာဆိုပြီးသား”

“တယ် ဒီဟာမလေးကတော့”

တဟားဟား အော်ရယ်ရင်း ဖုန်းချလိုက်တော့သည်။

(၂)

အန်တီအေးကတော့ သဘောကောင်းလွန်းစွာပင် နွေးကို ကျိုက်ထီးရိုးသို့ လိုက်ပိ့ခိုင်းပြန်ပါပြီ။ ဘာဖြစ်ဖြစ် နွေးပါသည်ဆိုလျှင် တိုးရ်ဂိုက်မလိုတော့ တဲ့။ အိမ်မှာထိုင်နေမည့်အတူတူ သူတို့နှင့် တူတူ ဘုရားလိုက်ခဲ့ပါဆိုသည်နှင့် ကျိုက်ထီးရိုးသို့ တစ်ခေါက် ထပ်ရောက်ပြန်ပါတော့၏။

“တီအေး တီအေးလူက လမ်းလျှောက်မှာဆို လုပ်ဦးနော် နွေးကတော့ မလျှောက်နိုင်ဘူး မလျှောက်ချင်ဘူး ပင်ပန်းတယ် တီအေးရဲ့ ကားနဲ့ပဲ သွားမယ်လို့နော် ပြောလိုက်မယ်နော်”

အန်တီအေးက ခေါင်းခါသည်။

“သူတို့လူမျိုးတွေတောင် လမ်းလျှောက်သွားနေကြတာ တို့တွေက မြန်မာပီပီ ပိုလျှောက်ပြနိုင်ရမယ် မငြင်းရဘူးလေ …”

“ဟင် ဒါပေမယ့်လည်း အဟင့်”

နှုတ်ခမ်းစူမိနေစဉ်ပင် ဂျွန်က အနားသို့ရောက်လာသည်။

“ဘုရားပေါ်ရောက်မှ ဖုန်းဆက်လိုက်မယ် ခု နွီးတို့က ကားနဲ့သွားလိုက်ပါ တည်းမယ့် ဟိုတယ်လိပ်စာရှိတာပဲ အဲဒီရောက်မှ ဆုံကြရအောင်လေ”

အိုး အလိုက်သိတတ်လိုက်တာဟု တွေးကာ ပျော်မိရင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက်

“ဟိုတယ်မှာကျမှ တွေ့တော့မယ် ဘိုင့်” ဟု နှုတ်ဆက်လိုက်သည်။အန်တီအေးက နွေးကို မျက်လုံးကြီးပြူးကြည့်လာတော့ နွေးက

“တီအေးကလည်းဒါ သူကိုယ်တိုင်ကပြောတာ ငြင်းလို့မကောင်းဘူးလေ လာလာ ဟိုကား လူပြည့်တော့မှာ လာ”

အန်တီအေး၏ မျက်စောင်းကတော့ နွေးဆီမှာ ဝေ့လည် ဝေ့လည်။

(၃)

“နွီးမှာ ဘွိုင်းဖရန့်ရှိလား”

“ယောကျ်ားလေးသူငယ်ချင်းလို့ ဘာသာပြန်ရင်တော့ ရှိတယ် အဲ ချစ်သူရည်းစားဆိုရင်တော့မရှိဘူး”

“နွီးကဘယ်လိုလူမျိုးကို လက်ထပ်ဖို့ စိတ်ကူးထားတာလဲ”

“နွေးစိတ်ကူးထဲကစံနဲ့ညီတဲ့သူ”

“ဘယ်လိုစံမျိုးလဲ ပြောပြပါဦး”

နွေး၏ အကြည့်ကို မသိကျိုးကျွံပြုရင်း အဖြူထည်စိတ်ဝင်စားသယောင်ဖြင့် နွေး၏အဖြေကို အလောတကြီးစောင့်နေသည့်သဏ္ဍန်ပြုလိုက်သည်။ ထိုအချိန်တွင်ပင် နွေး၏ မျက်ဝန်းတွင် အသိရခက်သော ဝမ်းနည်းမှုတစ်စုံတစ်ရာကို သူမြင်လိုက်ရသလိုထင်ရ၏။

“ကွမ်းမစား ဆေးလိပ်မသောက် အရက်မသောက်လောင်းကစားမလုပ် အရပ် ငါးပေရှစ် တစ်ယောက်ဆိုတစ်ယောက်ချစ်တတ်တဲ့သူ ဖြစ်ရမယ်သမာအာဇီဝကျတဲ့ လူမြင်တင့်တဲ့အလုပ်ရှိရမယ် အဲပြီးတော့ နွေးကိုယ်တိုင်လည်း ချစ်ရမယ် ပြီးတော့..”

ခေတ္တမျှတိတ်ဆိတ်သွားသောနွေး၏သဏ္ဍန်ကိုကြည့်ရင်းဂျွန် အသဲယားသွားသည်။ သို့သော်ဆက်နားထောင်နေမိမြဲ

“မန်ယူအသင်းကစားပွဲမှန်သမျှ နွေးနဲ့အတူတူလက်ခုပ်တီးပြီးလိုက်အားပေးနိုင်သူဖြစ်ရမယ် အဓိကအချက်ကတော့ လူမျိုးတူဖို့ပဲ ”

နောက်ဆုံးစကားလုံးသည် စကားအားလုံးထဲတွင်အထင်ရှားဆုံးဖြစ်သွားလေသည်လား။ နွေးကပဲ တမင် အသံမြှင့်လေသည်လား။ သူတို့၏ စားပွဲဝိုင်းသို့ ရောက်လာတော့မည်ဖြစ်သော အန်တီအေးကိုကြည့်ရင်း ဂျွန် ထပ်မေးလိုက်ပြန်သည်။

“အချက်အလက်တွေ အားလုံးညီပြီး လူမျိုးလေး တစ်ခုတည်းကွဲနေရင်ကော..”

“ဂျွန် နွေးတို့ ဒီစကားဝိုင်းကဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလေ နွေးဘဝအတွက် ပုံဖေါ်ထားသူကလည်း ဂျွန့်အတွက် အကျိုးမရှိပါဘူး ဒီမှာပဲ ရပ်လိုက်ဦးစို့နော်”

နွေး၏ စကားကို ခေါင်းညိတ်ပြလိုက်သော်ညား ဂျွန့်ရင်သည်မီးစနှင့်ထိုးခံရသလိုပူလောင်လွန်းပါ၏။ နွေး၏အသံသည် အခါတိုင်းထက် ဘာ့ကြောင့်အက်ကွဲရှတနေလဲ ဂျွန်မတွေးမိချင်တော့။ လတ်တလော ကိုယ့်ရင်မှခံစားချက်ကိုဖြေဖို့ ကြိုးစားရဦးမည်မဟုတ်လား။

သူ့ထက် အသက်ခြောက်နှစ်ငယ်သော်ငြား နွေးသည် လူကြီးဆန်လွန်းလှသည် ဟုမကျေမနပ်တွေးရင်း ထမင်းဆိုင်မှ ထဖို့ပြင်လိုက်တော့ နွေးလိုက်မလာခဲ့။

“သွားနှင့် ဂျွန် အန်တီအေးနဲ့တူတူ ထိုင်လိုက်ဦးမယ်” တဲ့လေ။

(၄)

ကျိုက်ထီးရိုးမှပြန်လာသည့်နောက်ပိုင်းကစလို့ ဂျွန့်ရင်သည် အတိုင်းအဆမဲ့ပူလောင်လွန်းလှပါသည်။ ထိုမိန်းကလေးနှင့် တွေ့သည့်နေ့မှ ယနေ့ထိ လက်ချိုးရေကြည့်ရလျှင်  သုံးလတောင်မပြည့်သေး။ သို့သော် သူ့ယဉ်ကျေးမှုကို မြတ်နိုးသော၊ သူ့လူမျိုးကို မြတ်နိုးသော ထိုမိန်းကလေးသည် ဂျွန့်ရင်ကို စူးစူးနစ်နစ်ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း ဂျွန်သိနေပါသည်။ သိနေပါပြီလေ။

“တီအေး ” ဟု ချွဲချွဲနွ့နွဲ့ဆိုတတ်သည့် ထိုမိန်းခလေး။ အသံချိုအေးနွဲ့လေးကို နားထောင်မိရင်း သူ ပြုံးဖူးကြောင်း နွေးသိလျှင် တမျိုးမြင်လေမလား။

လူမျိုးခြား ဆိုသည့်စကားလုံးကို နွေးမို့ ရက်ရက်စက်စက်သုံးဝံ့သည်။ ဘယ်လူတစ်ဦးတစ်ယောက်ကကော ကိုယ့်မွေးရပ်မြေ၊ ကိုယ့်မိဘ၊ ကိုယ့်တိုင်းပြည်ကို ရွေးချယ်ခွင့်ရှိခဲ့လို့လဲ။ ကံကပေးသော ဘဝကို ရှောင်ဖယ်ခွင့် ဘယ်သူ့မှာရှိခဲ့လို့လဲလေ။

ကျိုက်ထီးရိုးခရီးစဉ်တစ်လျှောက်မှာလည်း သူ့မျက်ဝန်းညိုမှန်သမျှ နွေးအကြည့်လွှဲပစ်သည်။ သူ့ကူညီမှုမှန်သမျှကို ခေါင်းတခါခါလည်တခါခါနှင့်ငြင်းဆန်သည်။ အဓီပ္ပါယ်တို့ပြည့်နှက်နေသော သူ့စကားသံမှန်သမျှကို ပြန်ဖြေသည့် နွေး၏ လေသံသည် ဘာ့ကြောင့်များ မှန်တမ်း ဖြစ်နေပါသလဲ။ သူ တကယ်ကို ကြိုးစားခဲ့ပါသည်။ နွေးသူ့ကို နားလည်နုငိဖို့၊ နွေးကို နားလည်နိုင်ဖို့ သူတကယ်ကို ကြိုးစားခဲ့ပါသည်လေ။

“တီအေး နွေးးမွေးနေ့နဲ့ တီအေးရဲ့ ဘော့စ်မွေးနေ့က တူတူပဲ သိလား နှစ်ပိုင်းပဲကွာတယ်”

“တီအေး နွေး ကို တီအေးတို့ပွဲစားလောကထဲ ခဏခဏမခေါ်ပါနဲ့ နွေးမလာချင်ဘူး”

“တီအေး နွေးကို နောက်ဆိုမခေါ်နဲ့တော့နော် ဒါ တီအေးကို ချစ်လွန်းလို့လာခဲ့တာ နော် ကတိပေးနော်”

ဂျွန်နှင့်စကားပြောရင်း သူ့အဒေါ်ကို ပြောခဲ့သမျှစကားတချို့ကို နားထဲစွဲနေအောင်မှတ်သားထားဖူးသည်။ ပြီးတော့မှ စကားပြန်နှင့်တွေ့ကာ ဘာသာပြန်မိတိုင်းရင်မှာဆစ်ခနဲ နာကျင်ရသည်။ သူက ကိုယ်ရှိရာကို မလာချင်ဘူးဆိုသည့်အသိဖြင့် ပို၍ပို၍နာကျင်ရသည်။ တကယ်ဆို နွေးနှင့်မသက်ဆိုင်သည့် နေရာကို နွေးနှင့် သက်ဆိုင်လာအောင် သူကပင်ကြိုးစားခဲ့ရသည်။ နွေးကို သူ့ဖေ့စ်ဘုက်ခ်စာမျက်နှာမှ ပုံကိုယူခိုင်းရင်း ခေတ်လူငယ်ပီပီ ကိုယ့်နေထိုင်မှုလမ်းကြောင်းကို ပြသသည်။ ထို့ပြင် ကျိုက်ထီးရိုးခရီးစဉ်တစ်လျှောက်လုံးလည်း နွေးအပေါ်စာနာမှု၊ ကြည်နာမှု နှင့်ယုယမှုတို့ကိုသာ အချိုးကျပေးစပ်ခဲ့ပါသည်.

ယခုတော့နွေးအဒေါ်နှင့် ပတ်သတ်စရာအကြောင်းလည်း ကုန်ပြီဖြစ်သည်။ နွေးအဒေါ်ပြသသည့် မြေကွက်ကို ကုမ္ပဏီမှ ငွေချေပြီးပြီဆိုသည်နှင့် ဂျွန်နှင့် တီအေးဟုခေါ်သည့် နွေးအဒေါ်ကြား မည်သည့် ပတ်သတ်ဆက်စပ်မှုမျှမရှိတော့။ ဂျွန်ကိုယ်တိုင်ပင်လျှင် မိခင်နိုင်ငံသို့ ပြန်သင့်ပြန်ရဦးမည်မဟုတ်ပါလား။

(၅)

အိပ်မက်များလား ဟု တွေးရင်းမျက်လုံးအစုံကို လက်ဖြင့်ပွတ်သပ်မိသည်။ သို့သော် နွေးကားပျောက်မသွား။ သူ့မျက်ဝန်းရှေ့တွင်ရှိနေဆဲ။

“နွီး”

“ဟယ် ဂျွန်”

မတွေ့တာကြာသည့် တစ်နှစ်အတွင်း နွေးဆံပင်တွေရှည်လာသည်မှအပမပြောင်းလဲ။ နွေး ခန္ဓာကိုယ်ပေါ်တွင်လည်း ယခင်အတိုင်း မြန်မာဝတ်စုံလေးသာ တင့်တင့်တယ်တယ်နေရာယူထားသည်။

“နွေးက ဂျွန့်လက်အောက်ကပေါ့ ဒါဆို အိုးပျော်စရာကြီးပေါ့”

ဂျွန့်ရင်ဘက်မှ ရာထူးကိုကြည့်ရင်းပြောလာသည့် နွေးကို ဂျွန်ပြုံးကြည့်နေလိုက်မိသည်။ သူတို့ကုမ္ပဏီက လူသစ်တွေခေါ်တာတော့ သိပါသည်။ နွေး ပါ ဝင်ဖြေသည်ကိုတော့ ယခုမှ သိသည်လေ။ ကံတရားကဖေးမခြင်းလေလားဟု စဉ်းစားရင်း ဂျွန့်ရင်မှာ နွေးသွားရသည်။

သို့ဆိုလျှင်ဖြင့် ဂျွန်နှင့် နွေးအကြား ချစ်ခြင်းဆိုသည့်အရာ ဖြစ်တည်လာဖို့အချိန်ကျရောက်ပြီထင်ပါသည်။ မျက်နှာကို အနည်းငယ် ပြင်လိုက်ရင်း သိချင်စိတ်ပြင်းပြနေသော မေးခွန်းကို မေးလိုက်မိတော့သည်။

“မင်းမှာ ချစ်သူ ရှိပြီလား”

“အရင်တစ်ခေါက်ဖြေခဲ့အတိုင်းပဲပေါ့ ဂျွန် ပိုပြီးပြည့်ပြည့်စုံစုံပြောရရင် နွေးစံသတ်မှတ်ချက်တွေနဲ့ပြည့်တဲ့သူ မတွေ့သေးသလို နွေးကလည်း အဲဒီစံသတ်မှတ်ချက်တွေကို တစ်ခုမှ မလျှော့နိုင်ဘူးလေ အထူးသဖြင့် လူမျိုး”

နွေးကတော့ ဂျွန်ရှေ့က အခန်းထဲဝင်သွားပြီဖြစ်သည်။ ဂျွန့်ရင်မှာတော့ တစ်စုံတစ်ရာကို အပြစ်တင်ရခက်စွာ မချိတင်ကဲဖြစ်နေရဆဲ။

(၆)

အချစ်ဆိုသည့်အရာသည် နွေးမတို့ထိရသေးခင်တွင်ပင် နွေးကို ဆော့ကစားသွားသလိုထင်ရ၏။ နွေး၏ရင်သည ် ဂျွန့်ကို ပြန်တွေ့စက သိမ့်သိမ့်ခုန်နေသလောက် နွေး၏ မျက်ဝန်းထဲမှာတော့ ဆိုင်းဘုတ်ကြီးတစ်ခုကိုသာ မြင်ယောင်နေမိတော့သည်။

“မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” တဲ့လေ။ ထို့အတူ စောင့်လေမျိုးနွယ် ဆိုသည့်ကျင့်ဝတ်ကလေးသည် နွေးစောင့်ထိန်းရမည့် ကျင့်ဝတ်ဖြစ်ကြောင်း ရှင်းပြဖို့ စာစီနေမိတော့၏။

ကမ္ဘာကြီးသည် တိုးတက်နေသော အိုင်တီပစ္စည်းများနည်းပညာများကြောင့် ရွာကြီးတစ်ရွာဖြစ်လာသည်မှာ မှန်သော်ငြား မြန်မာမိန်းကလေးတို့၏ မျိုးစောင့်တရားနှင့် ယဉ်ကျေးမှုသည်ကား ထာဝရထိန်းသိမ်းရမည့်အရာဖြစ်ကြောင်း  လူမည်းလေးဂျွန့်ကို ဘယ်လိုပြောရမလဲလေ။



ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...