Monday, July 4, 2016

“မြွေကြီးပါခင်ဗျာ”- နေမျိုး(မြွေကြီးပါခင်ဗျာ-စာအုပ်မှ)

“မြွေကြီးပါခင်ဗျာ”

မြွေကြီးပါခင်ဗျာ။ မျက်လှည့်ဆရာက ဤသို့ ရေရွတ်ပြောဆိုပြီးသေတ္တာကို ဖွင့်လှစ်ပြသလိုက်သည်။ အမှန်ပင် သေတ္တာထဲမှာ မြွေကြီးကို ကျွန်တော်တို့ တွေ့မြင်ကြရပေသည်။ မြွေကြီးသည် သေတ္တာထဲမှာ စက်ဝိုင်းပျော့ပုံသဏ္ဍန် ရစ်ခွေနေပါသည်။ ဦးခေါင်းကို အနည်းငယ်လှုပ်ပုံမှာ ကြည့်ရှုနေသူတွေကို စိတ်လှုပ်ရှားစေပါသည်။ မျက်လှည့်ဆရာသည် သေတ္တာကို ပြန်ပိတ်လိုက်သည်။ ထို့နောက် သူ၏ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ ကိုယ်ခန္ဓာက မတ်မတ်ရပ်လျက် လက်နှစ်ဖက်ကို ဘေးတိုက် ဆန့်တန်းထားပုံမှာ T ပုံသဏ္ဍန်မျိုး ဖြစ်ပါသည်။ သူသည် ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်ပါ၏။ ထိုဂါထာမန္တန်ကို ယခုအသုံးပြုနေသော အက္ခရာဘာသာစကားဖြင့် ရေးပြရန်မှာ အတော်ခက်ခဲပါသည်။ သူသည် ထိုသို့ ရွတ်ဆိုအပြီးတွင် သေတ္တာကို ပြန်၍ဖွင့်လှစ်လိုက်သည်။ သေတ္တာထဲမှာ ဘာမျှမရှိတော့။ အဖြစ်အပျက်သည် သိပ်မကြာခဲ့ပါ။ သူသည် သေတ္တာကို ပြန်ပိတ်လိုက်ပါသည်။ ထို့နောက် မြွေကြီးပါခင်ဗျာ….။ မျက်လှည့်ဆရာသည် ဤသို့ရွတ်ဆိုကာ သေတ္တာကိုဖွင့်ပြီးပြသလိုက်ပြန်သည်။ အမှန်ပင် သေတ္တာထဲမှာ မြွေကြီးကို ကျွန်တော်တို့ထပ်၍ တွေ့မြင်ရပြန်တော့သည်။ ဤတစ်ကြိမ်တွေ့မြင်ရသော မြွေကြီးမှာ ပို၍ကြီးမားတုတ်ခိုင်ကာ စိမ်းမှိုင်းမှိုင်းပြာညှို့ညှို့အရောင်ထဲတွင် အကွက်အကွက်ကြီးများကိုလည်း တွေ့မြင်ကြရပေသည်။ မြွေကြီးသည် ဦးခေါင်းကို ငြိမ့်ခနဲ လှုပ်လိုက်ပြန်ပေသည်။ သူ၏ လှုပ်ရှားမှုက ကြည့်ရှုသူတွေကို ရင်ဖိုစေသည်။
မျက်လှည့်ဆရာသည် သေတ္တာကို ပြန်ပိတ်လိုက်သည်။ သူ၏ကိုယ်ခန္ဓာကိုကို အင်္ဂလိပ်အက္ခရာ T ပုံသဏ္ဍန်ရပ်တန့်ပြကာ ယခုအသုံးပြုနေသော အက္ခရာဘာသာစကားဖြင့် ရေးသားဖေါ်ပြရန်ခက်ခဲသော ဂါထာမန္တန်တစ်ခုကို ထပ်မံရါတ်ဆိုပြန်သည်။ ကျွန်တော်တို့သည် ငြိမ်သက်ကာ သူ၏ပြကွက်ကို ကြည့်နေမိကြသည်။ မြွေကြီးပါခင်ဗျာ၊ သူသည် ဤသို့ပြောကြားပြီး သေတ္တာကို ထပ်မံဖွင့်လှစ်လိုက်သောအခါ ပို၍အလွန်တုတ်ခိုင်ကြီးမားသော မြွေကြီးကို ကျွန်တော်တို့ တွေ့မြင်ရတော့သည်။ သူသည် သေတ္တာထဲမှ မြွေကြီးကို လက်နှစ်ဖက်ဖြင့် ဆွဲယူကိုင်မကာ သူ၏ ကိုယ်ခန္ဓာကို ရစ်ပတ်စေလိုက်သည်။ ကျွန်တော်တို့မှာ ပြကွက်ကို စိတ်ဝင်စားနေမိသည်လား၊ မြွေကြီး၏အညှို့ဓါတ်ကို ခံနေရသည်လား မကွဲပြားတော့ပါ။ ကြည့်နေရင်းမှပြင် မျက်လှည့်ဆရာက တစ်စုံတစ်ခုကို ရေရွတ်လိုက်ပြန်ပါသည်။ ထိုရေရွတ်မှုအဆုံးတွင် မြွေကြီးသည် သူ၏ ဦးခေါင်းကို မတင်ကာ ပါးစပ်ကိုဟဖြဲပြီး ရစ်ပတ်ထားသော သူ့ကို မျိုလိုက်ပါသည်။ ထိုအဖြစ်အပျက်သည် သိပ်မကြာလိုက်ပါ။ သို့မဟုတ် သိပ်မကြာလိုက်ဟု ကျွန်တော်တို့ကို ထင်မှတ်စေခဲ့သည်။ မျက်လှည့်ဆရာ၏ကိုယ်ခန္ဓာကို မတွေ့ရတော့ပါ။ မြွေကြီါ်ကိုယ်ခန္ဓာထဲ ရောက်ရှိသွားခြင်းပဲ ဖြစ်လိမ့်မည်ထင်သည်။ မြွေကြီးသည် ရစ်ခွေလူးလွန့်လိုက်ရာမှ ဦးခေါင်းကိုမတ်ကာ ပါးစပ်ကို ဟလိုက်သည်။ ထိုအချိန်တွင် ကျွန်တော်တို့သည် သူ့အသံကို နောက်ဆုံး ကြားလိုက်ရပြန်ပါသေးသည်။ မြွေကြီးပါခင်ဗျာ။

နေမျိုး(မြွေကြီးပါခင်ဗျာ-စာအုပ်မှ)

No comments:

Post a Comment

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...